နိုင်ငံရေးကို အဓိပ္ပာယ်သတ်မှတ်ခြင်းနှင့် ပတ်သက်၍
“နိုင်ငံရေး”ဟူသည့် စကားလုံးကို ကြားလိုက်သည်နှင့် အစိုးရ၊ နိုင်ငံရေးသမားများနှင့် ၎င်းတို့၏ မူဝါဒများနှင့်ဆိုင်သော ပုံရိပ်များပေါ်လာသည်။ ယခင်စစ်အာဏာရှင် စနစ်အောက်၌ဆိုလျှင်“နိုင်ငံရေး”ဟူသော စကားလုံးကို ကြားလိုက်ရုံဖြင့် ကြက်သီး ဖြန်းဖြန်းထသည်အထိ ကြောက်လန့်သွားခဲ့ကြသည်။ နိုင်ငံရေးစကားပြောမည့်သူများကို ဝေးဝေးမှ ရှောင်ရှားတတ်ကြသည်။ ယနေ့ခေတ်တွင်မူ နိုင်ငံရေးဟုဆိုလိုက်လျှင် ခြစားမှုများ၊ ညစ်ပတ်သောလှည့်ကွက်များဖြင့် အကျည်းတန်သည့် ပုံရိပ်များကိုသာ မြင်ယောင်လာကြသည်။ ဤသို့နှင့်“နိုင်ငံရေး” ဟူသည့်စကားလုံး၏ အနှစ်သာရများပျောက်ဆုံးကာ အဓိပ္ပာယ်သတ်မှတ်ချက်အမှန်မှနေ၍ ဝေးကွာသည်ထက်ဝေးကွာလာခဲ့သည်။
“နိုင်ငံရေး”ဟူသည့်စကားလုံး၏ အဓိပ္ပာယ်သတ်မှတ်ချက်ကိုဖော်ထုတ်ရန် ကြိုးပမ်းရာ၌ စနစ်တကျ ချဉ်းကပ်မှုတစ်ရပ်လိုအပ်လာသည်။ နိုင်ငံရေးဟူသည့်စကားလုံး၏ မူလဇာစ်မြစ်ကို နားလည်ရန် သမိုင်းအကျဉ်းချုပ်များကို ပြန်လည်သုံးသပ်ရန်လိုအပ်သည်။“နိုင်ငံရေး”ဟူသော စကားလုံးသည် ဂရိဘာသာစကားဖြစ်သော Polis မှ ဆင်းသက်လာခြင်းဖြစ်ပြီး နိုင်ငံတစ်ခုလုံး၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးဟု အဓိပ္ပာယ်ရသည်။ Polis ဟူသော သဘောတရားသည် စံပြုနိုင်ငံတော်တစ်ရပ်ကို ရည်ညွှန်းပြီး ဂရိနိုင်ငံရေးတွေးခေါ်ရှင်ကြီးများဖြစ်သော ပလေတိုနှင့် အရစ္စတိုတယ်တို့ကဲ့သို့သော သူများ၏ အရေးအသားများအတွင်း တွေ့ရှိရသည်။ ပလေတိုသည် သူ၏ The Republic ဟူသော စာအုပ်၌ စံပြုနိုင်ငံတော်တစ်ရပ်နှင့် ယင်းကိုဖော်ဆောင်ရန် နည်းလမ်းများကို ဖော်ပြခဲ့သည်။
ထို့ကြောင့် နိုင်ငံရေးဟူသည့် စကားလုံးသည် စံပြုလူ့အဖွဲ့အစည်းတစ်ရပ်ကို ဖန်တီးရန် နည်းလမ်းများနှင့် ပတ်သက်နေသည်။ လက်ရှိလူ့အဖွဲ့အစည်းထက် ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖော်ဆောင်ရန် မျှော်လင့်ချက်များ၊ နည်းလမ်းများနှင့် ပတ်သက်နေသည်။ ပလေတိုနှင့် အရစ္စတိုတယ်တို့သည် သူတို့နေထိုင်ခဲ့သည့် လူ့အဖွဲ့အစည်းများ၏ အားနည်းချက်များကို တွေ့ရှိခဲ့သောကြောင့် နိုင်ငံရေးအတွေးအခေါ်များကို ရေးသားခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးသမားဟု ဆိုလိုက်လျှင် လက်ရှိလူ့အဖွဲ့အစည်းကို ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းဖြစ်အောင် လုပ်ဆောင်နေသူများဟု သတ်မှတ်နိုင်သည်။ ဤသို့ဆိုလျှင် လူ့အဖွဲ့အစည်းကို ဆိုးရွားသည်ထက်ဆိုးရွားအောင် တရားမျှတမှုနှင့် ကင်းဝေးသည်ထက် ကင်းဝေးအောင် လုပ်ဆောင်နေကြသူများအား အဘယ့်ကြောင့် နိုင်ငံရေးသမားဟု ခေါ်ရမည်နည်း။ ထိုသူတို့သည်“နိုင်ငံရေး”ဟူသည့် စကားလုံးကို မကောင်းသောအဓိပ္ပာယ်သက်ရောင်အောင် အကျည်းတန် စေသူများသာဖြစ်သည်။
ဆိုရလျှင် စကားလုံးတို့၏ အဓိပ္ပာယ်ဟူသည် အဘိဓာန်များထဲ၌ အသေအိပ်ပျော်နေခြင်းမျိုးမဟုတ်ဘဲ ရှင်သန်နေသော ဘာသာစကားတစ်ရပ်၌ သုံးစွဲသောလူများ၊ သုံးစွဲသောခေတ်၏ အခြေအနေရပ်များကိုလိုက်၍ ရွေ့လျားပြောင်းလဲလျက်ရှိသည်။ စကားလုံးတစ်ခု၏ အဓိပ္ပာယ်များ ရွေ့လျားပြောင်းလဲလာပုံကို လေ့လာသည့်အခါ ခေတ်အသီးသီး၏ သမိုင်းပုံရိပ်များ အစီအရီပေါ်လာမည်ဖြစ်သည်။
ထို့ကြောင့်“နိုင်ငံရေး”ဟူသော စကားလုံးနှင့် ပတ်သက်နေသူများအနေဖြင့် ပြည်သူများအား နိုင်ငံရေးဟူသည့်စကားလုံးကို မကောင်းသောအဓိပ္ပာယ်အဖြစ် မှတ်ယူကာ ရွံမုန်းသွားအောင် မပြုလုပ်မိကြပါစေနှင့်ဟုသာ The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
Most Read
Most Recent
6 hours ago








