ဒီဇင်ဘာလ ၂၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

ဒီဇင်ဘာလ ၂၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
Published 26 December 2014

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောအခါ
ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်နိုင်ငံနောက် ဒုတိယမြောက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရသည်မှာ ကောင်းမွန်သော အဆင့်သတ်မှတ်ချက်တွင် ပါဝင်နေခြင်း မဟုတ်ပါ။ ထို့အတူ ဘိန်းအပါအဝင် မူးယစ်စေတတ်သော ဆေးဝါးများ၏ နောက်ဆက်တွဲ အန္တရာယ်သည် လွန်စွာကြီးမားပြီး လူငယ်များအကြား တွင်ကျယ်ပျံ့နှံ့နေခြင်းဖြင့် နိုင်ငံအနာဂတ်ကိုပါ ဆိုးရွားစွာ ထိခိုက်နေသည်ကို သတိပြုရတော့မည် ဖြစ်သည်။
လုယက်မှု၊ လူသတ်မှု စသည့်မူခင်းဖြစ်စဉ် အချို့သည် မူးယစ်ဆေးဝါးများ၏ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုး သာဓကများဖြစ်သည်။ ထို့အပြင် မျှော်လင့်ချက် ပျောက်ဆုံးခြင်း၊ အထွေထွေ အဆင်မပြေခြင်းများကလည်း စိတ်ဓါတ်မခိုင်မာ သူများအတွက် မူးယစ်စေတတ်သော အရက်သေစာမှသည် မူးယစ်ဆေးဝါး အန္တရာယ်အတွင်း အချိန်မရွေး သက်ဆင်းသွားနိုင်သည်။ အဆိုပါ အန္တရာယ်ကျော့ကွင်းအတွင်း သက်ဆင်းသွားသူလည်း ဒုနဲ့ဒေးရှိနေသည်။
ရှမ်းလူငယ်ကွန်ရက်မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ ရှမ်းပြည်နယ်တွင် လူငယ်အတော်များများ မူးယစ်ဆေးဝါး သုံးစွဲလာကြောင်း၊ သုံးစွဲရခြင်း၏ အကြောင်းရင်းများတွင် အလွယ်တကူ ရရှိနိုင်ခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ကို အလေးအနက်မထားခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရသည်။ ပြည်တွင်း၌ ဘိန်းစိုက်ပျိုးမှုအများဆုံး ပြည်နယ်များမှာ ရှမ်း၊ ကချင်နှင့် ကယားပြည်နယ်တို့ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးပြဿနာအတွက် အဓိကအကြောင်းအရာ နှစ်ခုမှာ ဘိန်းစိုက်ပျိုးမှုပြဿနာနှင့် စိတ်ကြွရူးသွပ်ဆေးပြား အပါအဝင် ဓာတုပစ္စည်းများနှင့် ပြုလုပ်ထားသည့် မူးယစ်ဆေးဝါးများဖြစ်ကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး ဆွေးနွေးပွဲတွင် ရဲမှူးကြီးတစ်ဦးက ရှင်းလင်းဆွေးနွေး ခဲ့ဖူးသည်။ မြန်မာနိုင်ငံ အနေဖြင့် ၁၉၉၉ ခုနှစ်မှ ၂ဝ၁၄ ခုနှစ် အထိ ၁၅ နှစ်တာကာလအား မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစီမံကိန်း ကာလအဖြစ် သတ်မှတ်ထားသည်။ ထို့အပြင် တာချီလိတ်-မိုင်းဆတ် လမ်းကြောင်းတစ်လျှောက် စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်နေသော စခန်းများရှိသည်ဟု ယူဆသောကြောင့် တပ်မတော်စစ်ကြောင်းနှင့် မူးယစ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သတင်းများတွင် တွေ့ရသည်။
ယခုအခါ ကျန်းမာရေး ဝန်ကြီးဌာနကလည်း စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်နှင့် ကောလင်းမြို့နယ်ဆေးရုံ၊ ရှမ်းပြည်နယ်တောင်းပိုင်း ကွမ်ဟိန်းနှင့် ခိုလန်မြို့နယ်ဆေးရုံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ နမ့်စန်နှင့် မန်တုံမြို့နယ်ဆေးရုံ၊ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ဆေးရုံတို့တွင် မူးယစ်ဆေးစွဲ ကုသဌာနများ ဖွင့်လှစ်ထားပြီး ရန်ကုန်မြို့ရှိ စံပြဆေးရုံကြီး (သင်္ဃန်းကျွန်း)၊ စိတ်ကျန်းမာရေးဆေးရုံ (ရွာသာ ကြီး) တို့တွင် မူးယစ်ဆေးစွဲ ကုသရေးများကို One Stop Service စနစ်ဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်သော်လည်း အဘက်ဘက်မှ လိုအပ်ချက်များနှင့် ရုန်းကန်နေရသော မြန်မာနိုင်ငံအတွက် ပိုမိုအရေးကြီးသော ပြဿနာကြီးတစ်ခုဖြစ်သည်။ နိုင်ငံ့အပြောင်းအလဲအတွက်သော်လည်းကောင်း၊ နိုင်ငံတည်ဆောက်ရေးနှင့် အနာဂတ်အတွက်သော်လည်းကောင်း အရေးပါသည့် မျိုးဆက်များ မူးယစ်ဆေးဝါးအန္တရာယ်ကြောင့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မဆုံးရှုံးသွားစေရန် လိုအပ်နေသည်။
နယ်စပ်ဒေသများ၊ တိုင်းရင်းသားဒေသများအပါအဝင် စီးပွားရေးမြို့တော်နှင့် နိုင်ငံအနှံ့တွင် မူးယစ်ဆေးဝါးကြောင့် နိုင်ငံ့အနာဂတ်အတွက် အရေးပါသော လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မဆုံးရှုံးစေရေးကာကွယ်ရန်အစိုးရအပါအဝင် အားလုံးတွင်တာဝန်ရှိမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
 

Most Read

Most Recent