ဒီဇင်ဘာလ ၂၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

ဒီဇင်ဘာလ ၂၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
Published 23 December 2014

လက်ပံတောင်းတောင် ပြဿနာ  ဘယ်လို အဖြေရှာမလဲမြေယာလျော်ကြေး၊ သီးနှံလျော်ကြေး ရယူထားခြင်း မရှိသော လက်ပံတောင်း ဒေသခံများ၏ မြေယာပေါ်တွင် မြန်မာဝမ်ပေါင် ကုမ္ပဏီက ဒီဇင်ဘာ ၂၂ ရက်၌ ခြံစည်းရိုးခတ်ရန် ပြင်ဆင်ရာမှ ဒေသခံများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား နှစ်ဖက်ထိပ်တိုက် တွေ့ဆုံမှု ဖြစ်ပွားခဲ့သည်။ လတ်တလော သတင်းများအရ အမျိုးသမီးတစ်ဦး သေဆုံးကာ ဒေသခံ ၄၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိနေကြောင်း သိရသည်။ ထို့အပြင် ဒီဇင်ဘာ ၂၃ ရက်အထိ ပဋိပက္ခအရှိန် ပိုမိုမြင့်မားလာပြီး ခြံစည်းရိုးခတ်ခြင်း ရပ်ဆိုင်းခြင်း မရှိ၍ ဒေသခံများက ထပ်မံဟန့်တားရာမှ လုံခြုံရေးများနှင့် ပဋိပက္ခဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရမှုများ ထပ်မံဖြစ်ပွားနေသည်။၂၀၁၂ ခုနှစ်အတွင်းက စတင်ခဲ့သော လက်ပံတောင်းတောင် အရေးမှာ ယခုအထိ မပြီးပြတ်နိုင်သေးဘဲ တအုံနွေးနွေး အခြေအနေမှ ယခုကဲ့သို့ လူသေဆုံးမှု ဖြစ်ခဲ့သည်အထိ ပြဿနာပြန်လည် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက် နံနက်အစောပိုင်း ဝမ်ပေါင်ကုမ္ပဏီရှေ့ရှိ သပိတ်စခန်းအား အင်အားသုံး ဖြိုခွင်းမှုကြောင့် သံဃာတော်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့ဖူးသည်။ ထိုစဉ်က ဖြိုခွင်းမှုတွင် အသုံးပြုခဲ့သော လက်နက်ကို အစိုးရက မီးခိုးဗုံးဟု သုံးနှုန်းခဲ့ပြီး ဒေသခံများနှင့် ကိုယ်တွေ့ကြုံသူများက မီးလောင်ဗုံးအဖြစ် သတ်မှတ်ခဲ့ကြသည်။ ယင်းနှင့် ပတ်သက်၍ အငြင်းပွား ဝေဖန်မှုများစွာ ပေါ်ပေါက်ခဲ့သည်။ အလားတူ ၂၀၁၃ ခုနှစ် ဧပြီလအတွင်းကလည်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် စီမံကိန်းအား ဆန့်ကျင်ကန့်ကွက်နေသော ဒေသခံများအကြား အပြန်အလှန် ထိပ်တိုက်ပြဿနာ ဖြစ်ပွားမှုကြောင့် သေနတ်ဒဏ်ရာ ရရှိသူများ အပါအဝင် နှစ်ဖက်စလုံးတွင် ထိခိုက်ဒဏ်ရာ ရသူများ ရှိခဲ့သည်။ အလားတူ ကြိုးကြားကြိုးကြား ပြဿနာများ မကြာခဏ ဖြစ်ပွားခဲ့ခြင်းများလည်း ရှိခဲ့သည်။ဒီဇင်ဘာ ၂၂ ရက်က နှစ်ဖက်ထိပ်တိုက် တွေ့ဆုံမှုတွင် မိုးကြိုးပြင် အလယ်ရွာမှ အသက် (၅၀) အရွယ် ဒေါ်ခင်ဝင်းမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာ ထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မြန်မာဝမ်ပေါင် ကုမ္ပဏီနှင့် လက်ပံတောင်းဒေသခံတို့အကြား ပဋိပက္ခတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ကြသည်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသာမက တရုတ်နိုင်ငံသား လုံခြုံရေး ဝန်ထမ်းများကိုပါ အသုံးပြုခဲ့ကြသည်။ နံပါတ်တုတ်များ ကိုင်ဆောင်ထားသည့် တရုတ်နိုင်ငံသား လုံခြုံရေးဝန်ထမ်းများအား မြင်တွေ့ရခြင်းက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်နက်အတွင်း အခွင့်အရေး ပိုရနေသလားဟု မေးခွန်းထုတ် ဝေဖန်စရာ ဖြစ်နေသည်။လက်ပံတောင်းတောင်တွင် ပဋိပက္ခများ တစ်ကျော့ပြန် ဖြစ်ပွားချိန်တွင် ဒီဇင်ဘာ ၂၂ ရက် နေ့စွဲဖြင့် မြန်မာဝမ်ပေါင် ကြေးနီသတ္ထုတူးဖော်ရေး လိမိတက်က တရားဝင် သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းဧရိယာ တိုးချဲ့ခြင်းကို မြန်မာအစိုးရ၏ လမ်းညွှန်ချက်အရ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။ယခုပြဿနာအတွက် မည်သူတာဝန်အရှိဆုံး ဖြစ်သနည်း။ မည်သူတို့က မည်ကဲ့သို့ နည်းလမ်းများဖြင့် ကိုင်တွယ်ဖြေရှင်း ကြမည်နည်း။ ပြဿနာဆိုသည်မှာ ရှောင်ရှား၍ ရနိုင်မည် မဟုတ်သော်လည်း ဖြစ်ပေါ်နေသော အခြေအနေအပေါ် မှန်မှန်ကန်ကန် သုံးသပ်၍ အမှန်တရားပေါ်မှ ရပ်တည်ကာ အဖြေရှာ ဖြေရှင်းသင့်ပါသည်။ ဖြေရှင်းနည်း အလွဲများကြောင့် မလိုလားအပ်ဘဲ ပြဿနာကြီးထွားခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ အသက်သေဆုံးခြင်းများ ထပ်မံမပေါ်ပေါက်စေရန် အစိုးရအာဏာပိုင် အဖွဲ့များသည် လည်းကောင်း၊ မြန်မာဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် လည်းကောင်း၊ ဒေသခံများ အနေဖြင့် လည်းကောင်း သက်ဆိုင်သူ မည်သူမဆို သတိပြုသင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။

Most Read

Most Recent