ဒီဇင်ဘာလ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

ဒီဇင်ဘာလ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
Published 20 December 2014

ပညာရေးနှင့် ဝါဒဖြန့်ချိရေးမဆလခေတ်နှင့် စစ်အစိုးရခေတ်မှသည် ယနေ့အထိ မြန်မာနိုင်ငံမှ ကျောင်းသားများသည် ဝါဒဖြန့်ချိရေးဆိုင်းဘုတ်များနှင့်အတူ ကြီးပြင်းခဲ့ရသည်။ ကျောင်းအဝင်ဝများ၌ ဝါဒဖြန့်ချိရေးဆိုင်းဘုတ်များက ကျောင်းတက်လာသော ကျောင်းသားများကို ခြောက်လှန့်နေခဲ့သည်။မကြာသေးမီက စစ်အစိုးရ၏လက်အောက်သို့ ကျရောက်သွားသော အိမ်နီးချင်းထိုင်းနိုင်ငံ၌လည်း စစ်အစိုးရက ကျောင်းသားများအတွက် လမ်းညွှန်ချက် ၁၂ ချက်ကို ထုတ်ပြန်လိုက်သည်။ ယင်းတို့သည် ဘုရင်စနစ်ကို ချစ်မြတ်နိုးရန်နှင့် သက်ဆိုင်ရာအာဏာပိုင်များကို လေးစားလိုက်နာရန် အထူးပြုထားသည့် ကျင့်ဝတ်အသစ်များ ဖြစ်သည်။ထိုင်းစစ်အစိုးရ၏ လမ်းညွှန်ချက် ပထမအချက်၌ပင် “နိုင်ငံတော်၊ ဘာသာရေးနှင့် ဘုရင်မင်းမြတ်ကို ချစ်မြတ်နိုးပါ” ဟု ပါရှိသည်။ သတ္တမမြောက်လမ်းညွှန်ချက်တွင် “ဘုရင်မင်းမြတ်က ကြီးမှူးသည့် စနစ်ကျသော ဒီမိုကရေစီကို နားလည်ပါ” ဟူ၍ ပါရှိသည်။ ရွေးကောက်တင်မြှောက်ခံရသော အစိုးရတစ်ရပ်ကိုဖြုတ်ချခဲ့သည့် မေလ စစ်အာဏာသိမ်းမှုပြီးနောက် ထွက်ပေါ်လာသော ဝါဒဖြန့်သံကို ရောင်ပြန်ဟပ်ပြထားခြင်း ဖြစ်သည်။ စာသင်ကျောင်းများမှတစ်ဆင့် ထိုင်းလူ့အဖွဲ့အစည်းကို ပုံသွင်းရန် စစ်အစိုးရ၏ ကြိုးပမ်းချက်ဖြစ်သည်။ ဝေဖန်သူတို့က ယင်းလမ်းညွှန်ချက်များကို ဝေဖန်ပိုင်းခြားနိုင်မှုအား ဆန့်ကျင်သည့် ထိုင်းမျိုးဆက်သစ်တစ်ရပ် မွေးမြူရန်ရည်ရွယ်သော ဦးနှောက်ဖျက်သည့်ပုံစံတစ်ရပ်ဟု ရှုမြင်ကြသည်။အမှန်တကယ်၌ ပညာရေးသည် ဝါဒဖြန့်ချိရေးနှင့် လုံးဝကွဲပြားခြားနားလှသည်။ ယင်းကွာခြားချက်များကို အမေရိကန်နိုင်ငံရေးနှင့် လူမှုရေးသိပ္ပံအကယ်ဒမီ မှတ်တမ်းစာစောင်တွင် ကားရိုးအိတ်ချ်ဝူဒီက ၁၉၃၅ ခုနှစ်ကတည်းက ထောက်ပြခဲ့ဖူးသည်။ ယင်းတို့မှာ -(၁)    ပညာရေးသည် ကလေးများအား အယူအဆသွတ်သွင်းခြင်းဖြစ်ပြီး ဝါဒဖြန့်ချိရေးသည် လူကြီးများအား အယူအဆသွတ်သွင်းခြင်း ဖြစ်သည်။(၂)    ပညာရေးသည် ကျောင်းများက လုပ်ဆောင်သည့်အရာဖြစ်ပြီး ဝါဒဖြန့်ချိရေးသည်  အတွေးအခေါ်ကိုပုံသွင်းရန် အခြားပုံစံဖြင့် အားထုတ်မှု ဖြစ်သည်။(၃)    ပညာရေး၌ အမှန်တရားများကို သင်ကြားခြင်းပါဝင်ပြီး ဝါဒဖြန့်ချိရေး၌ မုသားများကို သင်ကြားခြင်းပါဝင်သည်။(၄)    ပညာရေးသည် ဆင်ခြင်တုံတရားနှင့်အညီဖြစ်ပြီး ဝါဒဖြန့်ချိရေးသည် ဆင်ခြင်တုံတရားနှင့် မညီပေ။(၅)    ပညာရေး၌ ပါဝင်သောအရာများသည် နှစ်လိုဖွယ်ဖြစ်ပြီး ဝါဒဖြန့်ချိရေး၌ ပါဝင်သောအရာများသည် နှစ်လိုဖွယ်မကောင်းပေ။(၆)    ပညာရေးသည် အထွေထွေကောင်းကျိုးချမ်းသာကို မြှင့်တင်ပေးပြီး ဝါဒဖြန့်ချိရေးသည် အထူးအကျိုးစီးပွားကိုသာ အထောက်အကူပြုသည်။(၇)    ပညာရေးသည် လူ့အဖွဲ့အစည်း၏ စံတန်ဖိုးများနှင့် စံသတ်မှတ်ချက်များကို အထောက်အပံ့ဖြစ်စေပြီး ဝါဒဖြန့်ချိရေးသည် ယင်းတို့ကို အမြဲတမ်း ဝေဖန်တိုက်ခိုက်နေသည်။(၈)    ပညာရေးသည် ပွင့်လင်းသော သဘောထားရှိပြီး ဝါဒဖြန့်ချိရေးသည် ကျဉ်းမြောင်းသော သဘောထားရှိသည်။(၉)    ပညာရေးသည် ဝါဒဖြန့်ချိရေးကို တန်ပြန်ခုခံချေပနိုင်သည့်အရာ ဖြစ်သည်။ပညာရေးသည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုကို သင်ကြားပေးရန် ပင်မရည်ရွယ်ချက်အဖြစ် ခံယူထားသည်။ ဝါဒဖြန့်ချိရေးသည်ကား ၎င်းတို့ လတ်တလောလိုလားသော အပြုအမူအချို့ကိုသာ ရှေ့တန်းတင်သည်။ ပညာရေးဟူသည် အရာရာကို ရှင်းရှင်းလင်းလင်း သိမြင်ရေးကိုသာ ဦးတည်ပြီး ဝါဒဖြန့်ချိရေးကဲ့သို့ ဝေဝါးအောင် မှိုင်းတိုက်ခြင်း မဟုတ်ပေ။ ပညာရေးသည် ရင့်ကျက်သော နိုင်ငံသားဖြစ်ရေးနှင့် ပတ်သက်သည့် လူမှုရေးသဘောထားများနှင့် အပြုအမူများအပေါ် လွှမ်းမိုးရန်ကြိုးပမ်းပြီး ဝါဒဖြန့်ချိရေးသည် အသံထွက်ဟစ်ကြွေးသော လူအုပ်စုများ၏ အပြုအမူအပေါ် ဩဇာလွှမ်းမိုးရန်သာ ကြိုးပမ်းသည်။ဝါဒဖြန့်ချိရေးသည် ဝါဒဖြန့်ချိသူ၏အလိုကျ နည်းလမ်းများဖြင့် ဆုံးဖြတ်ချက်များချရန် ဩဇာလွှမ်းမိုးပြီး ပညာရေးသည် ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် အခြေခံနှင့်ပတ်သက်သော အချက်အလက်များကိုသာပေးသည်။ ဝါဒဖြန့်ချိရေးဟူသည် အမြဲတမ်းရန်လိုသည့် သဘောဆောင်သည်။ ဝါဒဖြန့်ချိရေးသည် ယခင်ကရှိနှင့်ပြီးသား သို့မဟုတ် အသစ်ဖန်တီးလိုက်သည့် ခံစားမှုအချို့နှင့် သဘောတရားအချို့ကို အထောက်အပံ့ဖြစ်ရန် ကြိုးပမ်းခြင်းဖြစ်သည်။ ယင်းခံစားမှုများနှင့် သဘောတရားတို့သည် အပြုသဘောဆောင်ချင်မှ ဆောင်မည်ဖြစ်သည်။ ၎င်းတို့ ပစ်မှတ်ထားသော အုပ်စုတစ်စုကို ပြိုကွဲစေရန် သို့မဟုတ် အားနည်းသွားစေရန် ရည်ရွယ်ပါက မည်သို့မျှ အပြုသဘောဆောင်နိုင်လိမ့်မည် မဟုတ်ပါ။အာဏာရှင်အစိုးရများသည် ၎င်းတို့အလိုကျ ကြိုးကိုင်နိုင်ရန် ဝါဒဖြန့်ချိရေး မှိုင်းတိုက်ကာ ပညာရေးကို ဖျက်ဆီးလေ့ရှိသည်။ ပညာရေး၏ အဓိကရည်ရွယ်ချက်မှာ အမှားအမှန်ခွဲခြားနိုင်ရေး ဖြစ်သည်နှင့်အညီ ဝါဒဖြန့်ချိရေးလက်နက်များကို ပညာဉာဏ် ဒိုင်းလွှားများဖြင့် ကာကွယ်နိုင်ပါစေကြောင်း The Daily Eleven  သတင်းစာက ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။

Most Read

Most Recent