ကိုယ်စားလှယ်ရောဂါ မထကြရန်နှင့် ပြည်သူ့အပေါ် တာဝန်ကျေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ရေး ပံ့ပိုးကူညီပေးရန် ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထမြောက် အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များတွင် အမှန်တကယ် လိုအပ်သည့် အရည်အချင်းမှာ ပြည်သူလူထုကို တန်ဖိုးထား လေးစားဖို့ဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ငွေရေးကြေးရေး တောင့်တင်းသည့်အဖွဲ့ မဟုတ်သော်လည်း ပြည်သူလူထု၏ ထောက်ခံမှု၊ ပံ့ပိုးမှုများနှင့် ယှဉ်ပြိုင်ခဲ့ကြောင်း၊ ၂ဝ၁၅ ခုနှစ်သည် ရွေးကောက်ပွဲနှစ်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အောင်ပွဲခံရမည့် သူများဟာ ပြည်သူများပင် ဖြစ်ရမည်ဖြစ်သည်ဟု ၎င်းကပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က “ရွေးကောက်ပွဲမှာ အောင်ပွဲခံပုဂ္ဂိုလ်များဟာ ပြည်သူတွေပဲ ဖြစ်ရမှာပါ။ ဟိုပါတီ၊ ဒီပါတီ မဟုတ်ဘူး။ ပြည်သူတွေပဲဖြစ်ရမယ်။ ပြည်သူက ယုံကြည်ကိုးစားအားထားရတဲ့ ပါတီတွေဟာ ပြည်သူ့ရဲ့တာဝန် ထမ်းဆောင်နိုင်မယ်ဆိုရင် ဒီနိုင်ငံအတွက် ပိုပြီးကောင်းမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တစ်ချိန်တည်းမှာ ကိုယ်စားလှယ်ရောဂါ မထကြပါနဲ့လို့ ကျွန်မကနေ တိုက်တွန်းချင်ပါတယ်။ ကိုယ်စားလှယ်လုပ်တယ်ဆိုတာ တာဝန်ထမ်းဆောင်ဖို့ပါ။ အခက်အခဲ အမျိုးမျိုးကြားကနေ လုပ်ရဲကိုင်ရဲ၊ လုပ်နိုင်ကိုင်နိုင်မှ ကိုယ်စားလှယ်တွေရဲ့ တာဝန်တွေ အောင်မြင်မယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ အဖွဲ့ချုပ်ဟာ ဘယ်တုန်းကမှ အခွင့်အရေးကို မျှော်ကိုးပြီး လုပ်ခဲ့တဲ့ အဖွဲ့လည်း မဟုတ်ပါဘူး” ဟု ပြောကြားသည်။လက်ရှိအချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များအား ချီးမြှင့်စရိတ် တစ်လလျှင် ငွေကျပ် ၁၀ သိန်းပေးရန် ပြည်ထောင်စုလွှတ်တော်မှ ဆုံးဖြတ်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ရွေးကောက်ပွဲဝင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား အပြီးသတ်ရွေးချယ်ရခြင်း မရှိသေးသော်လည်း ပြီးစလွယ် ရွေးချယ်မည် မဟုတ်ဘဲ အရည်အချင်း ရှိသူများကိုသာ ဦးစားပေး ရွေးချယ်သွားမည်ဟု ပြောကြားထားသည်။
NLD ပါတီ၏ စတုတ္ထအကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေး ဒုတိယနေ့တွင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
၂၀၁၅ ခုနှစ်သည် နိုင်ငံအတွက် အရေးကြီးသည့် ရွေးကောက်ပွဲနှစ် ဖြစ်သောကြောင့် နှစ်သစ်တွင် လုပ်သင့်လုပ်ထိုက်သူများကို လုပ်ဆောင်ပါက ၂၀၁၅ ကုန်သည့် အခါတွင် တာဝန်ကျေခဲ့ပြီဆိုသည့် ကျေနပ်မှု ရရှိမည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဆက်လက်၍ ၎င်းက “တာဝန်ကျေခဲ့ပြီဆိုတဲ့ ကျေနပ်မှုထက်ပိုတဲ့ ကျေနပ်မှုဆိုတာ မရှိနိုင်ပါဘူး။ ကျွန်မတို့ အဖွဲ့ချုပ်ဟာ အားလုံးပဲ ပြည်သူအပေါ်မှာ တာဝန်ကျေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ဖို့အတွက် ဝိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးပေးကြပါလို့ မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်” ဟု ပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် အပြုသဘောဆောင်သည့် စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်သင့်သည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများဆီမှလည်း သင်ယူစရာ များစွာရှိသည်ကို မမေ့ရန်နှင့် အပြုသဘောဆောင်သည့် စိတ်ဖြင့် သင်ယူသွားရမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။