PGMOL အကြီးအကဲဖြစ်သူ ဟောင်းဝပ်ဝက်ဘ်က အာဆင်နယ် (၁-ဝ) မန်စီးတီးပွဲတွင် မန်စီးတီးကွင်းလယ်ကစားသမား ကိုဗာချစ်အနေဖြင့် ထုတ်ပယ်ခံခဲ့ရသင့်ကြောင်းနှင့် ၎င်းအား မထုတ်ပယ်ခဲ့ခြင်းမှာ မှားယွင်းကြောင်း ဝန်ခံပြောကြားခဲ့သည်။
စက်တင်ဘာ (၈)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အာဆင်နယ် (၁-ဝ) မန်စီးတီးပွဲတွင် မန်စီးတီးကွင်းလယ်ကစားသမား ကိုဗာချစ်အနေဖြင့် အဝါကတ်ပြသခံထားရချိန်၌ အာဆင်နယ် ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်အား ပြစ်ဒဏ်ကျူးလွန်ခဲ့သော်လည်း ကွင်းလယ်ဒိုင်မိုက်ကယ်အိုလီဗာအနေဖြင့် ၎င်းအား နှစ်ဝါ၊ တစ်နီဖြင့် ထုတ်ပယ်ရန် ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။
PGMOL's Match Officials : Mic'd Up အစီအစဉ်တွင် ဟောင်းဝပ်ဝက်ဘ်က ကိုဗာချစ်အနေဖြင့် အော်ဒီဂွါအား ဖျက်ထုတ်ကတည်းကပင် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသင့်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဟောင်းဝပ်ဝက်ဘ်က "ကိုဗာချစ်အနေနဲ့ အော်ဒီဂွါကို ဖျက်ထုတ်ပုံက အရမ်းဆိုးရွားပါတယ်။ မိုက်ကယ်အိုလီဗာအနေနဲ့ သူ့ကို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်မယ်လို့ ကျွန်တော် ထင်ခဲ့တာပါ။ ဒါပေမဲ့ သူ မထုတ်ခဲ့ပါဘူး။ ဒက်ကလန်ရိုက်စ်ကို ကျူးလွန်တဲ့ ပြစ်ဒဏ်မှာတော့ မိုက်ကယ်အိုလီဗာအနေနဲ့ ကိုဗာချစ်ကို နှစ်ဝါ၊ တစ်နီနဲ့ ထုတ်ကို ထုတ်ခဲ့သင့်တာပါ။ ဒီလိုအနေအထားမှာ ကိုဗာချစ် အထုတ်မခံရတာ ကံကောင်းပါတယ်" ဟု ပြောကြားခဲ့သည်။















