တရုတ်နိုင်ငံသို့ ပို့ဆောင်မည့် ကျောက်စိမ်းအရိုင်းတုံးများကို ၀ိုင်းမော်မြို့နယ်တွင် စက်တင်ဘာ ၂၈ ရက်က ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
၀ိုင်းမော်မြို့နယ် ၀ါရှောင်ကျေးရွာ ၁၃ ကီလို ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖိုးဝှီးကားတစ်စီးနှင့် အဆိုပါကားကို မောင်းနှင်လာသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကားအလယ်ခန်းနှင့် နောက်ခန်းများ တွင် အံဝှက်ပြုလုပ်၍ ကျောက်စိမ်းတုံးများ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ၀ိုင်းမော် မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။
“ အရွယ်စုံ၊ ဆိုက်စုံပဲ။ သက်ဆိုင်ရာနဲ့ စစ်ဆေးနေတယ်။ ကြိုတင်သတင်းကြောင့်မဟုတ်ဘူး။ လတ်တလော စစ်ဆေးချက်ကြောင့် မိတာပါ။ ကျောက်စိမ်းရုံးနှင့် ချိတ်ဆက်ပြီး အရည်အသွေး စစ်ဆေးတာတွေ ဆောင်ရွက်နေပါတယ်။ အမှုလည်း ဖွင့်ထားပါတယ်” ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက် စိမ်းသယ်ဆောင်လာသူ ယာဉ်မောင်း အမျိုး သားကို (ပ) ၉၄ ၊ ကျောက်မျက်ဥပဒေပုဒ်မ ၅၁ (က) ဖြင့် ၀ိုင်းမော်မြို့မရဲစခန်းတွင် အမှု ဖွင့်အရေးယူထားကြောင်း သိရသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဖားကန့်ဒေသတွင်း ကျောက်စိမ်းတူးဖော်မှု များကို ရပ်နားထားကြောင်း ကြေညာထားသော် လည်း လက်ရှိတွင် ကျောက်စိမ်းအထွက်ကောင်း သည့် နေရာအနှံ့အပြားတွင် စက်ယန္တရားကြီး ငယ်တို့ဖြင့် ခိုးထုတ်တူးဖော်နေဆဲဖြစ်သည်။















