အမရပူရမြို့နယ်တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးခြင်း၊ အမျိုးသမီးမောင်းနှင်ပြီး နောက်မှ အမျိုးသားထိုင် စီးနင်းခြင်းများ မပြုလုပ်ရကြောင်း အမရပူရ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမိန့်ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။
"စက်တင်ဘာ၂၉ရက်နေ့က ထုတ်ပြန်တာဖြစ်ပြီးရုံးဖွင့်ရက်ရောက်ရင် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးတွေကို စာပို့ပြီး အကြောင်းကြားသွားမယ်လို့ သိရပါတယ်။ အမျိုးသားနှစ်ဦးဆိုင်ကယ်စီးခြင်း၊ အမျိုးသမီးရှေ့ကမောင်းပြီး နောက်ကနေအမျိုးသားထိုင်လိုက်ခြင်း မပြုလုပ်ဖို့ ထုတ်ပြန်ထားတာ"ဟုအမရပူရမြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
အဆိုပါထုတ်ပြန်ချက်တွင် ဆိုင်ကယ်အား အမျိုးသမီးနှစ်ဦးမောင်းနှင် နိုင်သလို၊ အမျိုးသားမောင်းနှင်ပြီး အမျိုးသမီးနောက်မှလိုက်ခြင်းကိုမူ ခွင့်ပြုထားကြောင်းလည်း သိရသည်။
အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦးများ၊ ပြည်သူများ၏နေအိမ်များအား ဆိုင်ကယ်မောင်းနှင်ပြီး သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခြင်း စသည့် ဖြစ်စဉ်များကြောင့် ယခုကဲ့သို့ အမိန့်ထုတ်ပြန်ရခြင်းဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဟု စုံစမ်းသိရသည်။















