မြစ်ရေကြီးချိန်တွင် ဆက်လက်ကြုံတွေ့နေသည့် ကမ်းပြိုဘေးနှင့် ရေဘေးကြောင့် ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုရှိ နေအိမ်များ ဘေးလွတ်ရာသို့ ထပ်မံရွှေ့ပြောင်းနေရ

မြစ်ရေကြီးချိန်တွင် ဆက်လက်ကြုံတွေ့နေသည့် ကမ်းပြိုဘေးနှင့် ရေဘေးကြောင့် ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုရှိ နေအိမ်များ ဘေးလွတ်ရာသို့ ထပ်မံရွှေ့ပြောင်းနေရ
Published 11 September 2023

မြစ်ရေကြီးချိန် ဆက်လက်ကြုံတွေ့နေသည့် ကမ်းပြိုဘေးနှင့် ရေဘေးကြောင့် ဟင်္သာတမြို့နယ် အိပ်ပျက်အုပ်စုရှိ နေအိမ်များ ဘေးလွတ်ရာသို့ ထပ်မံရွှေ့ပြောင်းနေရကြောင်း သိရသည်။

အဆိုပါအိပ်ပျက်ကျေးရွာအုပ်စု၌ ဖောင်ဆိပ်၊ တာငုတ်၊ ငှက်ပျောတော၊ အုန်းတောကျေးရွာတို့ရှိ ဒေသခံများ သဘာဝဘေးကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။

“ရေကြီးချိန် ကမ်းက ဆက်ပြိုနေတယ်။ မနေ့ကနဲ့ ဒီနေ့အပြိုများတယ်။ ငှက်ပျောတောနဲ့ ဖောင်ဆိပ်က အိမ်တွေလည်း ဦးလေးတို့ တာငုတ်ဘက်ကို ပြောင်းလာကြရတယ်။ ယာယီပြောင်းနေကြရတယ်။ တစ်လထဲ လေးငါးခါ ဖျက်ရွှေ့ရတဲ့အိမ်တွေလည်းရှိတယ်။ ဦးလေးဆိုလည်း အိမ်လေးခါဖျက်ပြီးပြီ။ ငါးခါမြောက် ပြန်ဆောက်ထားရတယ်။ ဖျက်ဖျက်ရွှေ့တော့ ပြန်သုံးလို့မရတာများတယ်။ နေရေးစားရေး အခက်အခဲတွေရှိကြတယ်။ ရေအခက်အခဲရှိကြတယ်။ လက်ရှိမှာ ယာယီကန်လေးတွေလုပ် ပြီးသုံးနေရတယ်” ဟု ဒေသခံ ဦးမြင့်ဆွေက ပြောကြားသည်။

ယင်းဒေသ၌ ကမ်းပြိုမှုကြောင့် နေအိမ်များရွှေ့ပြောင်းခဲ့ရပြီး ရေတိုက်စားမှုကြောင့် ပန်းတာကျိုးပေါက်မှုမှာလည်း ယခုလအတွင်း ဖြစ်ပွားခဲ့ကာ အဆိုပါဖြစ်စဉ်မတိုင်မီ တာဝန်ရှိသူများက ဒေသခံများအား ကြိုတင်ရွှေ့ပြောင်းစေခြင်း၊ တာဝိုင်းအတွင်း ဆည်မြောင်းနည်းပညာဖြင့် ကြိုတင်ရေသွင်းခြင်း စသည့်အစီအမံများ ရှိထားခြင်းကြောင့် ထိခိုက်ပျက်စီးမှုနည်းပါးခဲ့ကြောင်း သိရသည်။

“ဘေးလွတ်ရာကို အိမ်တွေ ထပ်ပြီးဖျက်ရွှေ့ရမှာမို့ ကူညီပေးဖို့ ရွာကဆက်သွယ်လာတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ခရိုင်ကွန်ရက်အနေနဲ့ မိတ်ဖက်အဖွဲ့တွေနဲ့အတူ ပူးပေါင်းကူညီဖြစ်ပါတယ်။ ဒေသမှာ ပုံမှန်လူနာတင်ယာဉ်ကူညီမှုတွေကိုလည်း မထိခိုက်စေဘဲ ဟင်္သာတ၊ ဇလွန်၊ တလုတ္ထော်၊ ယုန်သလင်း အဖွဲ့အသီးသီးက လူအင်အားအနည်းငယ်စီစုစည်းပြီး စုစုပေါင်းအယောက် ၃၀ နီးပါးနဲ့ သွားရောက်ကူညီခဲ့ပါတယ်။ ဌာနဆိုင်ရာတွေဘက်ကလည်း  အိမ်တွေရွှေ့ပြောင်းရေး ကွင်းဆင်းဆောင်ရွက်ပေးတာတွေ့ရပါတယ်။ ကမ်းပြိုဘေးရော ရေဘေးရောကြောင့် ရွှေ့ပြောင်းအိမ်ခြေတွေက များလည်းများတယ်။ ဘေးဒုက္ခကြုံတွေ့တဲ့ရက်ကလည်း ကြာပြီ။ ထပ်ပြီးရွှေ့ရတာတွေကလည်း ရှိကြတော့ အတော်အခက်အခဲရှိကြတယ်” ဟု ဟင်္သာတခရိုင်ပရဟိတကွန်ရက်ရုံး Emergency Team မှ ကိုအောင်မျိုးထွန်းက ပြောကြားသည်။

လက်ရှိတွင် ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့၌ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေကြောင်း သိရသည်။

Most Read

Most Recent