စားသုံးဆီ စျေးနှုန်းများ ကြီးမြင့်ခဲ့မှုနှင့်ပတ်သက်၍  ထိုက်သင့်သည့်အရေးယူမှုများကို ဆောင် ရွက်ခဲ့သဖြင့် စျေးနှုန်းများ ပြန်လည်ကျဆင်းလာကြောင်း နစကဥက္ကဋ္ဌ  ပြောကြား

စားသုံးဆီ စျေးနှုန်းများ ကြီးမြင့်ခဲ့မှုနှင့်ပတ်သက်၍  ထိုက်သင့်သည့်အရေးယူမှုများကို ဆောင် ရွက်ခဲ့သဖြင့် စျေးနှုန်းများ ပြန်လည်ကျဆင်းလာကြောင်း နစကဥက္ကဋ္ဌ  ပြောကြား
Published 10 September 2023

စားသုံးဆီ စျေးနှုန်းများ ကြီးမြင့်ခဲ့မှုနှင့်ပတ်သက်၍  ထိုက်သင့်သည့်အရေးယူမှုများကို ဆောင် ရွက်ခဲ့သဖြင့် ဈေးနှုန်းများ ပြန်လည်ကျဆင်းလာကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

 စက်တင်ဘာ ၉ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေး စား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား လားရှိုးမြို့ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးရာတွင် နစက ဥက္ကဋ္ဌ က ထိုသို့ပြောကြားခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက မိမိတို့နိုင်ငံသည် ခေတ်အဆက်ဆက်အားနည်းချက်များရှိခဲ့ခြင်းကြောင့် စီးပွား ရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အခြားတိုင်းပြည်များထက် တိုးတက် မှုနှုန်း နည်းပါးသည်ကို တွေ့ရကြောင်း၊ နိုင်ငံ့စီးပွားရေးတိုးတက်မှုနည်းပါးခြင်းကြောင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိကြောင်း၊ မိမိတို့နိုင်ငံ၏ GDP မှာ ဒေသတွင်းနိုင်ငံများထက်နည်းပါးလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်တွင်း ကုန်ထုတ် လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ GDP များတိုးတက်လာ မည်ဖြစ်၍ MSME လုပ်ငန်းများကို မိမိတို့အနေဖြင့် အားပေးမြှင့်တင်နေခြင်းဖြစ် ကြောင်း၊ ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ကုန်ပစ္စည်း များ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး စားသုံးမှုနှင့်ထုတ်လုပ်မှုများ မျှတမှုရှိစေရေး အတွက် ဆောင်ရွက်ရန်လိုကြောင်း၊ စားသုံးဆီ စျေးနှုန်းများ ကြီးမြင့်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံ တော်အနေဖြင့် ကြပ်မတ်စီမံဆောင်ရွက်ခဲ့သော်လည်း ဝိသမလောဘသားများ၏ မတော်လောဘစိတ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ထိုက်သင့်သည့်ဈေးထက် မြင့်မားခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယခုအခါ ထိုက်သင့်သည့်အရေးယူမှုများကို ဆောင် ရွက်ခဲ့သဖြင့် ဈေးနှုန်းများပြန်လည်ကျဆင်းလာခဲ့ကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချမှုမရှိသည့် စားသုံးဆီလုပ်ငန်းရှင်အချို့ကို သက်ဆိုင်ရာက ထိန်းသိမ်း၍ စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ထို့ပြင် နေပြည်တော်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက စားသုံးဆီလုပ်ငန်းရှင်ကြီးများကို ခေါ်ယူတွေ့ဆုံ၍ စားအုန်းဆီများ စျေးနှုန်းကြီးမြင့်မှုမရှိစေရေး သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချရန် ညှိိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် စားသုံးဆီလုပ်ငန်းရှင်အချို့ကို ဖမ်းဆီးထားခြင်းမရှိဘဲ နေပြည်တော်တွင် အစည်းအဝေးတက်ရောက်ခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာအချို့အား ဖြေကြားခဲ့သည်ကို တွေ့ရသည်။

Most Read

Most Recent