လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ဇဗက်ဒါအသင်းနှင့် ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို ကွင်းလယ်လူများဖြစ်သည့် ဟန်ဒါဆင်နှင့် ကီတာတို့ လွဲချော်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်သည် ဟတ်ဒါဖီးလ်အသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ကီတာမှာ ဂီနီလက်ရွေးစင်အသင်းအတွက် ကစားရင်း တံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က ဟန်ဒါဆန်၏ ဒဏ်ရာကိုစောင့်ကြည့်ရဦးမည်ဖြစ်ပြီး ကီတာမှာမူ လေ့ကျင့်ခန်းများ ပြုလုပ်နေပြီဖြစ်သော်လည်း အလျင်စလိုအသုံးပြုသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ကလော့ပ်က "ရိုးရိုးသားသားပြောရရင် ဟန်ဒါဆန်ဒဏ်ရာရတာက ကောင်းတဲ့သတင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သိပ်ပြီး ပြင်းထန်တဲ့ဒဏ်ရာတော့ မဟုတ်ပါဘူး။ ဟန်ဒါဆန်က တံကောက်ကြောဒဏ်ရာရထားတာပါ။ ကျွန်တော် စောင့်ကြည့်ရပါဦးမယ်။ ဇဗက်ဒါနဲ့ ပွဲကိုတော့ သူ သေချာပေါက်လွဲမှာပါ။ ကာဒစ်ဖ်နဲ့ပွဲမှာ ကစားနိုင်မလားတော့ ကြည့်ရမယ်။ ကျွန်တော့်တို့ကတော့ သူအမြန်ဆုံးပြန်ကစားနိုင်ပါစေလို့ ဆုတောင်းနေပါတယ်။ ကီတာကတော့ အပြေးလေ့ကျင့်ခန်းတွေတောင် ပြုလုပ်နေပါပြီ။ ဒါပေမဲ့ မနက်ဖြန်ပွဲက သူ့အတွက် စောလွန်းနေပါသေးတယ်"ဟု ပြောကြားခဲ့သည်။
နိုင်ငံအသင်းအတွက် ကစားရင်း လက်မရိုးကျိုးပြီး ခွဲစိတ်ကုသမှုခံရခဲ့သည့် တောင်ပံကစားသမား မာနေမှာမူ ဒဏ်ရာပြန်လည်သက်သာပြီး ဇဗက်ဒါနှင့် ကစားမည့် လီဗာပူးလ်အသင်း၏လူစာရင်းတွင် ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။
"မာနေကတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပါပြီ။ သူအနေနဲ့ ဇဗက်ဒါနဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖွယ်ရှိနေပါတယ်။ မီလ်နာနဲ့ ဝိုင်နယ်လ်ဒမ်းတို့လည်း ဒဏ်ရာပြဿနာလေးတွေ ရှိပေမယ့် သူတို့ ပါဝင်ကစားနိုင်မှာပါ။ အသင်းမှာ ဒဏ်ရာပြဿနာတွေရှိပေမယ့် ဇဗက်ဒါနဲ့ပွဲအတွက် ကျွန်တော်တို့မှာ ရွေးစရာကစားသမား အပြည့်အစုံရှိပါတယ်"ဟု ကလော့ပ်က ပြောကြားခဲ့သည်။