အမေရိကန်က မြန်မာနိုင်ငံကို ပိတ်ဆို့မှုများအား တိုးချဲ့လိုက်ရာ မြန်မာလေယာဉ်ဆီလုပ်ငန်းနှင့်သက်ဆိုင်သော ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားပိတ်ဆို့

အမေရိကန်က မြန်မာနိုင်ငံကို ပိတ်ဆို့မှုများအား တိုးချဲ့လိုက်ရာ မြန်မာလေယာဉ်ဆီလုပ်ငန်းနှင့်သက်ဆိုင်သော ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားပိတ်ဆို့
Published 24 August 2023

သြဂုတ် ၂၃ ရက်တွင် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံကို ပိတ်ဆို့မှုများအား တိုးချဲ့လိုက်ရာ လေယာဉ်လောင်စာဆီကို တပ်မတော်က ဝယ်ယူရာတွင် အကူအညီပေးနေသော ပြည်ပကုမ္ပဏီများ သို့မဟုတ် လူပုဂ္ဂိုလ်များပါဝင်လာသည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပိတ်ဆို့မှုစာရင်းတွင် နောက်ထပ်လူပုဂ္ဂိုလ်နှစ်ဦးဖြစ်သည့် ခင်ဖြူဝင်းအမည်ရှိ အမျိုးသမီးတစ်ဦးနှင့် ဇော်မင်းထွန်းအမည်ရှိ အမျိုးသား တစ်ဦးတို့ပါဝင်ပြီး ၎င်းတို့နှင့်ဆက်စပ်နေသော ကုမ္ပဏီသုံးခုလည်းပါဝင်လာသည်။

အဆိုပါကုမ္ပဏီများသည် တပ်မတော်အတွက် လေယာဉ်ဆီဝယ်ယူခြင်း၊ ဖြန့်ဖြူးခြင်းတို့တွင် ပါဝင်ပတ်သက်နေသော ကုမ္ပဏီများဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖောြ်ပထားသည်။

မြန်မာနိုင်ငံရှိ လေယာဉ်ဆီကဏ္ဍကို ဖော်ထုတ်သော စိစစ်သတ်မှတ်ချက်တစ်ရပ်ကို ထုတ်ပြန်သွားမည်ဖြစ်ပြီး ယင်းစိစစ်ချက်သည် မြန်မာတပ်မတော်နှင့်ဆက်ဆံနေသော မြန်မာပြင်ပရှိ ကုမ္ပဏီများကို ပိတ်ဆို့သည့် သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးထားသော သမ္မတအမိန့်ဖြင့် အကျုံ့ဝင်စေမည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

“နစက အစိုးရအတွက် အရေးပါတဲ့ နောက်ထပ်ကဏ္ဍတွေကို ပစ်မှတ်ထားဖို့ ကျွန်တော်တို့ရဲ့ ပိတ်ရေးအခွင့်အာဏာအသုံးပြုမှုကို တိုးချဲ့ခြင်းအားဖြင့် မြန်မာနိုင်ငံသားတွေကို ဖိနှိပ်နိုင်တဲ့ အစိုးရအရင်းအမြစ်တွေကို ကျွန်တော်တို့ ထပ်မံပိတ်ပင်လိုက်တာဖြစ်ပါတယ်” ဟု အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာထောက်လှမ်းရေးအတွက် ဒုတိယဘဏ္ဍာရေးဝန်ကြီး မစ္စတာဘရိုင်ယန်နယ်လ်ဆင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုနှင့် အနောက်အုပ်စုသည် ၂၀၂၁ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက်ပိုင်း မြန်မာတပ်မတော်ခေါင်းဆောင်များကို ပိတ်ဆို့မှု အများအပြားချမှတ်ခဲ့သည်။

ဇွန်လတွင် အမေရိကန်အစိုးရသည် နိုင်ငံခြားငွေလဲလှယ်မှုလုပ်ဆောင်ရန် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေလုပ်ငန်းအပါအဝင် ဝင်ငွေရှာပေးနေသော နိုင်ငံပိုင်လုပ်ငန်းများက အသုံးပြုလျက်ရှိသည့် နိုင်ငံပိုင်ဘဏ်နှစ်ခုကို ပစ်မှတ်ထားခဲ့သည်။

Ref:Reuters