ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သော တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားရေးအခြေအနေများ ရရှိနိုင်ရန် သန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူမည်

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သော တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားရေးအခြေအနေများ ရရှိနိုင်ရန် သန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူမည်
Published 23 August 2023

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သော တိကျမှန်ကန်သည့် လူဦးရေနှင့်လူမှုစီးပွားရေးအခြေအနေများ ရရှိနိုင်ရန် သန်းခေါင်စာရင်းကို မဖြစ်မနေ ကောက်ယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်းက ပြောကြားသည်။

သြဂုတ် ၂၂ ရက် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင်ဆောင်ရွက်ခဲ့သည့် သန်းခေါင်စာရင်းအတွေ့အကြုံများအရ လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ကုန်ကျစရိတ်ကြီးမားခြင်းကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် ၁၀ နှစ်တွင် တစ်ကြိမ်သာ လူဦးရေသန်းခေါင်စာရင်းများကို ကောက်ယူလေ့ရှိကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ၂၀၁၄ သန်းခေါင်စာရင်းအပြီး ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ် သန်းခေါင်စာရင်း မဖြစ်မနေကောက်ယူရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သော တိကျမှန်ကန်သည့် လူဦးရေနှင့်လူမှုစီးပွားရေးအခြေအနေများကို အုပ်ချုပ်မှုဒေသအသေးငယ်ဆုံးအဆင့်ထိရရှိနိုင်ရန် သန်းခေါင်စာရင်းကို မဖြစ်မနေ ကောက်ယူသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး အောင်မြင်စွာကောက်ယူနိုင်ရန်နှင့် စာရင်းကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့် အခက်အခဲများကို ကြိုတင်ပြင်ဆင်ထားနိုင်ရန် စမ်းသပ်သန်းခေါင်စာရင်းကိုလည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် မြို့နယ် ၂၀ အတွင်းရှိ စာရင်းကောက်ကွက် ၁၀၀ တွင် ပဏာမဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်မြင်စွာကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အဓိကတာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဆက်စပ်နေသည့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက မိမိတို့ကဏ္ဍအလိုက် ၀ိုင်းဝန်းပူးပေါင်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း သက်ဆိုင်ရာဝန်ကြီးဌာနက တင်ပြလာသော သန်းခေါင်စာရင်းနှင့်ပတ်သက်သည့် အဆုံးအဖြတ်ပေးရမည့်ကိစ္စရပ်များ အပေါ် အချိန်နှင့်တစ်ပြေးညီ လမ်းညွှန်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းများတွင် ဝန်ကြီးဌာနများအနေဖြင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က၂၀၂၃ ခုနှစ်၊ မတ် ၃၁ ရက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိတိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆောင်ရွက်နေသည့် သန်းခေါင်စာရင်းယူနစ်များ ဖွဲ့စည်းခြင်းလုပ်ငန်းနှင့် မကြာမီဆောင်ရွက်မည့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများတွင် သတ်မှတ်အချိန်ဇယားအတိုင်း အောင်မြင်စွာဆောင်ရွက်ပြီးစီးနိုင်ရေး တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကွပ်ကဲသွားရန် မှာကြားလိုကြောင်း ၎င်းက ဆိုသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ၂၀၁၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောင်မြင်စွာကောက်ယူခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်လည်း ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ကောက်ယူနိုင်ခဲ့သည့် အတွေ့အကြုံများစွာရှိခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါတွင်လည်း ၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ်အချိန်ဇယားအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယခင်သန်းခေါင်စာရင်းများကောက်ယူခဲ့စဉ်က နိုင်ငံတကာအဖွဲ့အစည်းများ၏ နည်းပညာနှင့်ငွေကြေးဆိုင်ရာအထောက်အပံ့များကို ရယူဆောင်ရွက်ခဲ့သော်လည်း ယခုဆောင်ရွက်မည့် ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူမှုကို နိုင်ငံအတွင်းတွင်ရှိသည့် အစိုးရဌာနများ၊ အဖွဲ့အစည်းများ၏စွမ်းအား၊ ပြည်သူလူထု ၏ပူးပေါင်းပါဝင်မှုနှင့်ပင် အဓိကဆောင်ရွက်ကြရမည်ဖြစ်ပြီး လိုအပ်သည့်ဘဏ္ဍာငွေများကိုလည်း နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

သန်းခေါင်စာရင်းကောက်ယူသည့်အခါတွင်လည်း အချက်အလက်များမှန်ကန်ပြီး အရည်အသွေးကောင်းမွန်စေရန်၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီဖြစ်စေရန်၊ နိုင်ငံ့အတွက်လိုအပ်သည့် ညွှန်းကိန်းများ၊ လူမှုစီးပွားဆိုင်ရာအချက်အလက်များ ဖြည့်ဆည်းရရှိရန် အထူးအလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းသည် အားလုံးနှင့် သက်ဆိုင်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက နည်းပညာအပါအဝင် သန်းခေါင်စာရင်းလုပ်ငန်းကို အထောက်အပံ့ဖြစ်စေမည့် ရင်းမြစ်များကို အကျိုးရှိရှိမျှ ဝေသုံးစွဲကြရန် အလေးအနက်ထား မှာကြားလိုကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် အချိန်၊ ငွေကြေးနှင့် လူအင်အားအပါအဝင် အရင်းအမြစ်ပေါင်းများစွာကို ရင်းနှီးစိုက်ထုတ်ထားရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းရလဒ်များသည် နိုင်ငံတော်အတွက်အသုံးဝင်သည့် အချက်အလက်များဖြစ်သည့်အတွက် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်တစ်ခုလုံး ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့်အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်သွားကြရန်တိုက်တွန်း ပြောကြားလိုကြောင်း ၎င်းက ဆိုသည်။

သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆောင်ရွက်ရာတွင် စိန်ခေါ်မှုအမျိုးမျိုးနှင့် လုံခြုံရေးပိုင်းဆိုင်ရာကအစ အခြားမမျှော်မှန်းနိုင်သည့် အခက်အခဲများလည်း ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ တွေ့ကြုံလာနိုင်သည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ကျော်လွှားနိုင်ရန် ကြိုတင်စီမံဆောင်ရွက်သွားကြရမည်ဖြစ်ပြီး အောင်မြင်အောင် ဖြေရှင်းဆောင်ရွက်ကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် ကိုယ့်အားကိုယ်ကိုးစနစ်နှင့် နိုင်ငံတော်ဘတ်ဂျက်နှင့် မိမိတို့အစိုးရ ဝန်ကြီးဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည့်အပြင် ယခင်သန်းခေါင်စာရင်းများကဲ့သို့ တိကျခိုင်မာပြီး အရည်အသွေးကောင်းမွန်ပြည့်စုံအောင် ၀ိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်နိုင်ခြင်းသည် မိမိတို့နိုင်ငံ၏စိန်ခေါ်မှုများကြားက အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။