NCA လက်မှတ်ရေးထိုးထားသည့် KNU နှင့် CNF အဖွဲ့တို့နှင့်ပတ်သက်ပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခြင်းရှိ မရှိသည် ၎င်းတို့၏ လုပ်ဆောင်ချက်အပေါ်တွင် မူတည်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

NCA လက်မှတ်ရေးထိုးထားသည့် KNU နှင့် CNF အဖွဲ့တို့နှင့်ပတ်သက်ပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခြင်းရှိ မရှိသည် ၎င်းတို့၏ လုပ်ဆောင်ချက်အပေါ်တွင် မူတည်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 22 August 2023

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့တို့နှင့်ပတ်သက်ပြီး အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခြင်းရှိ မရှိသည် ၎င်းတို့၏ လုပ်ဆောင်ချက်အပေါ်တွင် မူတည်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နေပြည်တော်တွင် သြဂုတ် ၂၂ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် KNU၊ KIA၊ KNPP၊ CNF စသည့် လက်နက်ကိုင်လေးဖွဲ့သည် NUG နှင့်ပူးပေါင်း၍ နိုင်ငံ့ယန္တရားကိုဖျက်ဆီးနေသဖြင့် အဆိုပါအဖွဲ့များကို အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာရန်ရှိ မရှိ မေးခွန်းမေးမြန်းမှုအပေါ် နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခြင်း ပြု မပြုဆိုတာ သူတို့ရဲ့ လုပ်ဆောင်ချက်အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ အစိုးရအနေနဲ့ကတော့ NCA လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့ အမြဲတမ်းဖိတ်ခေါ်နေတယ်။ သို့သော်လည်း ကျွန်တော်တို့အနေနဲ့ အတိုင်းအတာ တစ်ခုအထိပဲရှိမှာဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ဆောင်မှုအပေါ်မှာပဲ များစွာမူတည်လိမ့်မယ်လို့ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိတွင် တပ်မတော်နှင့် ထိတွေ့တိုက်ပွဲဖြစ်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ကြသည့် KNU၊ KIA၊ KNPP၊ CNF အဖွဲ့လေးဖွဲ့အနက် KNU နှင့် CNF တို့သည် NCA စာချုပ် လက်မှတ်ရေးထိုးထားပြီး ကျန်နှစ်ဖွဲ့မှာ လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။

KNU အဖွွဲ့ထဲတွင်လည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အမျိုးမျိုးကွဲပြားမှုရှိနေပြီး အစိုးရအနေဖြင့် KNU ထဲမှ အချို့သော ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းများ လုပ်ဆောင်နေခြင်းလည်းရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

“KNU အဖွဲ့ထဲမှာလည်း သူက အမျိုးမျိုးကွဲပြားနေတာရှိတယ်။ အမျိုးမျိုးကွဲပြားနေတယ်ရှိတယ်ဆိုတာ တချို့လည်း အစိုးရနဲ့ ဆွေးနွေးနေတာတွေရှိတယ်။ ဆွေးနွေးနေတဲ့ လုပ်ငန်းတွေရှိတယ်။ တချို့လည်း ဆန့်ကျင်ပြီး ပြောနေတာတွေ ဆန့်ကျင်ပြီး လက်တွေ့လုပ်နေတာတွေရှိတယ်။ KNU နယ်မြေမှာဆိုရင်လည်း KNU နဲ့မဆိုင်တဲ့ သီးခြားအဖွဲ့တွေ ထွက်ပေါ်နေတာတွေ တွေ့ရတယ်။ ပြီးရင် ပြည်ပစွက်ဖက်မှုတွေလည်း တွေ့ရတယ်။ Free Burma Rangers ဆိုတဲ့ အဖွဲ့တွေလည်း တွေ့ရတယ်။ ကျန်တဲ့ပြည်ပစွက်ဖက်တွေလည်း တွေ့ရတာဖြစ်ပါတယ်။ ခုနကပြောသလို အဖွဲ့တွေလည်း NUG PDF အကြမ်းဖက်အဖွဲ့တွေကို အားပေးနေတဲ့အဖွဲ့တွေလည်း တွေ့ရပါတယ်” ဟု နစကပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

လက်ရှိတွင် နစကအနေဖြင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နှင့် NCA လက်မှတ်မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိသည်။