မြန်မာနိုင်ငံ၏ အချို့ဒေသများမှအပ နေရာဒေသအများစုတွင် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအရ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ထားနိုင်ပြီဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

မြန်မာနိုင်ငံ၏ အချို့ဒေသများမှအပ နေရာဒေသအများစုတွင် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအရ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ထားနိုင်ပြီဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 17 August 2023

မြန်မာနိုင်ငံ၏ အချို့ဒေသများမှအပ နေရာဒေသအများစုတွင် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအရ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ထားနိုင်ပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

သြဂုတ် ၁၅ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ရုရှားတပ်မတော်မျိုးချစ်ပန်းခြံတွင် ကျင်းပသည့် (၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS-2023) မျက်နှာစုံညီအစည်းအဝေး ဒုတိယပိုင်းသို့ပေးပို့သည့် Video Message မိန့်ခွန်းတွင် နစကဥက္ကဋ္ဌက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

အဆိုပါမိန့်ခွန်းတွင် နစကဥက္ကဋ္ဌက အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါသော အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှုနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ထည့်သွင်းပြောကြားခဲ့သည်။

နစကဥက္ကဋ္ဌက ကမ္ဘာ့အနေအထား မတည်ငြိမ်မှုနှင့် မလုံခြုံမှုတို့မှတစ်ဆင့် ဖြစ်ပေါ်လာသော ထိခိုက်မှုများကို လျော့ပါးသွားစေရန် လုပ်ဆောင်ရာ၌ အာဆီယံကဲ့သို့သော ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းများသည် အထူးအရေးကြီးသည့်ကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ အပြန်အလှန်ဆွေးနွေးမှုများကို မြှင့်တင်ခြင်း၊ ပဋိပက္ခဖြေရှင်းရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ပေးခြင်း၊ စီးပွားရေးပေါင်းစည်းဆောင်ရွက်မှုများကို တိုးမြှင့်စေခြင်းနှင့် နိုင်ငံအများ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို အားပေးကျင့် သုံးခြင်းများသည် အာရှ-ပစိဖိတ်ဒေသအတွက် စိန်ခေါ်မှုများအား ရင်ဆိုင်ရာ၌ အထောက်အကူဖြစ်စေသည့်အပြင် မရေရာမတည်ငြိမ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်အနေအထားအား တည်ငြိမ်အေးချမ်းပြီး သာယာဝပြောမှုတို့ကို ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက်လည်း ကူညီပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

အာဆီယံအဖွဲ့အား ၁၉၆၇ ခုနှစ်တွင် ကနဦးအဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က အာဆီယံကြေညာချက်ကို လက်မှတ်ရေးထိုး၍ ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့နောက် ၁၉၈၄ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ၊ ၁၉၉၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ၊ ၁၉၉၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံတို့က အာဆီယံအဖွဲ့ဝင်နိုင်ငံများအဖြစ် ဝင်ရောက်လာခဲ့ကြောင်း၊ ဘာသာရေးအရ ကွဲပြားခြားနားမှုရှိသည့် အာဆီယံနိုင်ငံများသည် စတင်ဖွဲ့စည်းခဲ့စဉ် ချမှတ်ခဲ့သော အာဆီယံပဋိဉာဉ်စာတမ်းပါ အခြေခံမူဝါဒများဖြစ်သည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို မစွက်ဖက်ရေးနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများအား ၎င်း၏ နှစ်ပေါင်း ၅၆ နှစ်တာ သက်တမ်းတစ်လျှောက်လုံး ခိုင်ခိုင်မာမာစွဲကိုင်ရပ်တည်လာခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးစီးပွားကို စည်းလုံးညီညွတ်စွာဖြင့် ဖော်ဆောင်နိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် လက်ရှိကာလတွင် လူဦးရေ ၆၈၇ သန်းကျော်ရှိပြီး စီးပွားရေးအရလည်း GDP ဒေါ်လာ ၃ ဒသမ ၆၆ ထရီလီယံကျော်ရှိသော အာဆီယံသည် ၎င်း၏ ခိုင်မာတောင့်တင်းသော အင်အားနှင့် စွမ်းပကားကို အသုံးပြု၍ ဒေသတွင်းနှင့် ဒေသပြင်ပနိုင်ငံများစွာ၏ အကျိုးစီးပွားအတွက်လည်း ထမ်းရွက်ပံ့ပိုးပေးနိုင်သည့်အခြေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြေပေါ်၊ မြေအောက်နှင့် ရေသယံဇာတများထုတ်ယူပြီး ကမ္ဘာကြီး၏ စွမ်းအင်လိုအပ်ချက်နှင့် စားနပ်ရိက္ခာ လိုအပ်ချက်များအား တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနေလျက်ရှိပါကြောင်း၊ အာရှ-ပစိဖိတ်ဒေသရှိ အာဆီယံအဖွဲ့သည် ဒေသတွင်း ပေါင်းစည်းညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် မောင်းနှင်အားတစ်ခု ဖြစ်လာခဲ့ကြောင်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်း၊ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း၊ လူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းအစရှိသည့် စုဖွဲ့မှု များနှင့် အာဆီယံအဖွဲ့ဝင်များအကြား စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍများ၌ ပေါင်းစည်းညီညွတ်မှုကို ဖော်ဆောင်နိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌ ပြောကြားသည်။

အာဆီယံအဖွဲ့သည် စစ်ရေးမဟာမိတ်အုပ်စု မဟုတ်သော်လည်း အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးပေါင်းစည်းအင်အားမှာ ကြီးမားလှပါကြောင်း၊ စစ်ရေးအတွေ့အကြုံရှိသည့် ဗီယက်နမ်၊ မြန်မာနှင့် စွမ်းပကားထက်မြက်သော လက်နက်များ ပိုင်ဆိုင်ထားသည့် အာဆီယံနိုင်ငံများ၏ ပေါင်းစည်းအင်အားသည် ကမ္ဘာကြီးအတွက် အသင့်အတင့်အားထားနိုင်သော အခြေအနေတွင်ရှိပါကြောင်း၊ အာဆီယံအဖွဲ့သည် အာရှ-ပစိဖိတ်ဒေသအတွင်း ပြင်ပအင်အားကြီးနိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ၊ အာဆီယံအပေါင်းသုံး အစရှိသည့် အာဆီယံနှင့် ပြင်ပမိတ်ဖက်နိုင်ငံများ အကြားဆွေးနွေးပွဲ ယန္တရားများတွင် အာဆီယံသည် အဓိကအချက်အချာကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အပြင်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများအပေါ် သြဇာသက်ရောက်လျက်ရှိပြီး ငြိမ်းချမ်းသော ဆက်ဆံရေးလမ်းကြောင်းများကို အားပေးမြှင့်တင်ကာ အကျိုးတူကိစ္စရပ်များအတွက် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အားကောင်းစေလျက်ရှိကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

ထို့ကြောင့် အာဆီယံ၏ စည်းလုံးညီညွတ်မှုသည် အာရှ-ပစိဖိတ်ဒေသ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့ကိုဖော်ဆောင်ရာတွင် မရှိမဖြစ်အထူး အရေးပါနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍အာဆီယံ၏ စည်းလုံးညီညွတ်မှု ခိုင်မြဲနေသမျှ အာဆီယံသည် အာရှ-ပစိဖိတ်ဒေသအတွက် အရေးပါသည့် အင်အားအဖြစ် ရှိနေမည်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ကြီးအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှုကို အားကြိုးမာန်တက် ဖော်ဆောင်လျက်ရှိချိန်တွင် တစ်ဖက်တွင်လည်း အဆိုပါစည်းလုံးညီညွတ်မှုကို စိန်ခေါ်နေသော ခြိမ်းခြောက်မှုများလည်းရှိနေကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

နစကဥက္ကဋ္ဌက မြန်မာနိုင်ငံနှင့်ပတ်သက်၍ လက်ရှိကာလတွင် မြန်မာနိုင်ငံ၏အချို့ဒေသများမှအပ နေရာဒေသအများစုတွင် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအရ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ထားနိုင်ပြီ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြီး အနိုင်ရရှိသော နိုင်ငံရေးပါတီအား ဒီမိုကရေစီစံနှုန်းနှင့်အညီ နိုင်ငံတော်အာဏာကို ပြန်လည်အပ်နှင်းနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း လုံခြုံမှုရှိစေရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းအားထုတ်ဆောင် ရွက်လျက်ရှိကြောင်း ပြောကြားသည်။

အာဆီယံဒေသသည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ပေါင်းကူးပေးသည့်နေရာတွင်ရှိပြီး အာရှ-ပစိဖိတ်ဒေသ၏ ဗဟိုချက်အဖြစ် တည်ရှိလျက်ရှိကြောင်း၊ အာဆီယံ၏ စည်းလုံးညီညွတ်မှုသည် အာရှ-ပစိ ဖိတ်ဒေသကြီးတစ်ခုလုံး၏ တည်ငြိမ်အေးချမ်းရေးအတွက် များစွာအရေးပါလျက်ရှိသဖြင့် အနာဂတ်တွင် အာရှ-ပစိဖိတ်ဒေသတွင်း နက်နဲရှုပ်ထွေးသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံများအားလုံး၏ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာအောင်ဆောင်ရွက်ကာ ကျော်လွှားတုံ့ပြန်သွားရမည်ဖြစ်ကြောင်း၊ ဒေသတွင်းနိုင်ငံများအကြား အငြင်းပွားမှုများနှင့် ပြဿနာများအား ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာသွားရမည်ဖြစ်ပြီး ရရှိလာသော အခွင့်အလမ်းများကို အမိအရအသုံးချ၍ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖြင့် ပြောကြားသည်။

အဆိုပါ (၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS-2023)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် နိုင်ငံငါးနိုင်ငံမှ အကြီးအကဲများက Video မှတ်တမ်းပေးပို့၍ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းအပါအဝင် နိုင်ငံပေါင်း ၂၀ မှ ကာကွယ်ရေးဝန်ကြီးအဆင့် ပုဂ္ဂိုလ် ၂၀ ဦး၊ နိုင်ငံ ၁၆ နိုင်ငံမှ ဒုတိယကာကွယ်ရေးဝန်ကြီး အဆင့်ပုဂ္ဂိုလ် ၁၆ ဦး၊ နိုင်ငံ ၁၂ နိုင်ငံမှ ညွှန်ကြားရေးမှူးအဆင့် ပုဂ္ဂိုလ် ၁၂ ဦးအပါအဝင် စုစုပေါင်း ၈၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းညီလာခံကို ရုရှားသမ္မတ ဗလာဒီမာပူတင်က Video Message ဖြင့် မိန့်ခွန်းပြောကြား၍ ဖွင့်လှစ်ပေးပြီး မျက်နှာစုံညီအစည်းအဝေးအစီအစဉ် ပထမပိုင်းကို အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်ရှိ လုံခြုံရေးဆိုင်ရာ စစ်ဘက်အမြင်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အစည်းအဝေး ဒုတိယပိုင်းကို အာရှ-ပစိဖိတ်ဒေသတွင်း လုံခြုံရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အစည်းအဝေး တတိယပိုင်းကို စစ်ဘက်ဆိုင်ရာဌာနများ၏ အပြန်အလှန်ဆက်ဆံရေး-အခြေအနေများနှင့် မျှော်မှန်းချက်များ ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။