ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန်သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများသို့ အသေးသုံးနိုင်ငံခြားငွေ(ငွေသား)ရောင်းချသည့် အစီအစဉ်တွင် နေ့စဉ်စျေးကွက်၏ ပျမ်းမျှငွေလဲလှယ်နှုန်းအပေါ်မူတည်၍ ငွေလဲလှယ်နှုန်းကို အမေရိကန်တစ်ဒေါ်လာလျှင် ၂၅၀၀ ကျပ်မှ ၂၆၀၀ ကျပ်အတွင်းဖြင့် ဒေါ်လာခုနစ်သိန်းကျော် ရောင်းချပေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသို့ ထွက်ခွာရာတွင် အသေးသုံး နိုင်ငံခြားငွေ ငွေသားယူဆောင်သွားနိုင်ရေးအတွက် စျေးကွက်အတွင်း လွယ်ကူစွာ ဝယ်ယူနိုင်ရန် ရည်ရည်၍ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန်သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများအား AD လိုင်စင်ရဘဏ်များ၏ Money Changer Counter များတွင် တစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့်(ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ ငွေသား) ရောင်းချပေးရန် AD လိုင်စင်ရဘဏ်များသို့ မေ ၂၆ ရက် ရက်စွဲပါစာဖြင့် ညွှန်ကြားခဲ့ကြောင်း သိရသည်။
ဗဟိုဘဏ်၏ ညွှန်ကြားချက်နှင့်အညီ AD လိုင်စင်ရဘဏ်များမှ ဖွင့်လှစ်ထားသည့် Money Changer Counter များတွင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန်သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများသို့ အသေးသုံးနိုင်ငံခြားငွေ(ငွေသား)ရောင်းချသည့် အစီအစဉ်အား မေ ၃၁ ရက်မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အစီအစဉ်တွင် CB BANK PCL(CB)၊ ကမ္ဘောဇဘဏ်လီမိတက်(KBZ)၊ AYA BANK PCL(AYA)၊ ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးလီမိတက်(A Bank)၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်(MAB)၊ ရိုးမဘဏ်လီမိတက်(Yoma)၊ ယူအေဘီဘဏ်လီမိတက်(UAB)၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်(AGD)၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက်(MOB)၊ ကမ္ဘာ့ရတနာဘဏ်လီမိတက်(GTB)၊ ထွန်းကော်မာရှယ်ဘဏ်လီမိတက်(TCB)၊ ရွှေ(ကျေးလက်နှင့် မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်(Shwe)၊ ပထမပုဂ္ဂလိကဘဏ်လီမိတက်(FPB)၊ အင်းဝဘဏ်လီမိတက်(Innwa)၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်(MCB) တို့မှ ပါဝင်ရောင်းချပေးလျက်ရှိပြီး ဝယ်ယူရရှိနိုင်သည့် ကောင်တာများအား သက်ဆိုင်ရာဘဏ်၏ Website နှင့် Facebook Page များတွင် ကြညာပေးထားကြောင်း သိရသည်။
အစီအစဉ်စတင်သည့် ၂၀၂၃ ခုနှစ် မေ ၃၁ ရက်မှ သြဂုတ် ၁၀ ရက်အထိ လူဦးရေ ၂၆၀၃ ဦးသို့ အမေရိကန်ဒေါ်လာ ၇၈၉၈၀၆၊ လူဦးရေ ၃၀၁ ဦးသို့ ထိုင်းဘတ် ၂၄၅၄၅၅၀၊ လူဦးရေ ၂၇ ဦးသို့ စင်ကာပူဒေါ်လာ ၉၈၆၁၊ လူဦးရေ ၂၀ ဦးသို့ မလေးရှားရင်းဂစ် ၁၆၇၃၈၊ လူဦးရေ ငါးဦးသို့ ယူရို ၁၄၅၀ တို့အား ရောင်းချပေးခဲ့ပြီး ရောင်းချရာတွင် နေ့စဉ် စျေးကွက်၏ ပျမ်းမျှငွေလဲလှယ်နှုန်းအပေါ်မူတည်၍ ငွေလဲလှယ်နှုန်းကို အမေရိကန်တစ်ဒေါ်လာလျှင် ၂၅၀၀ ကျပ်မှ ၂၆၀၀ ကျပ်အတွင်းဖြင့်လည်းကောင်း၊ ထိုင်းဘတ် တစ်ဘတ်လျှင် ၇၅ ကျပ်မှ ၈၅ ကျပ်အတွင်းဖြင့်လည်းကောင်း ရောင်းချပေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။