ရွေးကောက်ပွဲပြန်လည်ကျင်းပရေးအပါအဝင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဗီယက်နမ်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌအား တွေ့ဆုံရှင်းလင်း

ရွေးကောက်ပွဲပြန်လည်ကျင်းပရေးအပါအဝင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဗီယက်နမ်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌအား တွေ့ဆုံရှင်းလင်း
Published 11 August 2023

ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းသည် သြဂုတ် ၁၁ ရက်က ဟနွိုင်းမြို့ရှိ ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်းသို့သွားရောက်၍အသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mr.Chu Cong Phung နှင့် ၎င်း၏ရုံးမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာသံအမတ်ကြီးက လာရောက်တွေ့ဆုံရသည့် အကြောင်းရင်း သုံးချက်ရှိပါကြောင်း၊ ပထမအချက်မှာ မြန်မာနိုင်ငံ၏ လတ်တလောအခြေအနေမှန်များအား ရှင်းလင်းပြောကြားလိုပါကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အရေးပေါ်အခြေအနေကြေညာ၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေအနေနှင့်အညီ တာဝန်ယူထိန်းသိမ်းခဲ့ရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့လုပ်ငန်းစဉ်ငါးရပ်၊ ဦးတည်ချက် ကိုးရပ်ချမှတ်ကာ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းပြောကြား၍ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံရွေးကောက်ပွဲ ပြန်လည်ကျင်းပရေးနှင့် အာဆီယံတူညီဆန္ဒငါးချက်ကို မြန်မာနိုင်ငံ၏ အကျိုးစီးပွားအပေါ် ရပ်တည်အခြေခံလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ငါးရပ်နှင့်အညီ ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာသံအမတ်ကြီးမှ ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နယ်ပယ်စုံ၌ ပူးပေါင်းဆောင်ရွက်ရန်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှုကဏ္ဍများ တိုးမြှင့်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဗီယက်နမ်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌက ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များ၊ ကုန်သွယ်မှုဆောင်ရွက်ရာတွင် ဗီယက်နမ်ကုမ္ပဏီများ ကြုံတွေ့ရသော အခက်အခဲများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်ရန်အတွက် ပူးပေါင်းဆောင်ရွက်လိုသည့် အခြေအနေများနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြောင်း သိရသည်။