ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် တရုတ်နိုင်ငံအာရှရေးအထူးကိုယ်စားလှယ် သီးခြားစီတွေ့ဆုံ၍ နယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စများဆွေးနွေး

ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် တရုတ်နိုင်ငံအာရှရေးအထူးကိုယ်စားလှယ် သီးခြားစီတွေ့ဆုံ၍ နယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စများဆွေးနွေး
Published 29 July 2023

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းအား ဇူလိုင် ၂၈ ရက်က နေပြည်တော်တွင် သီးခြားစီတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ်တို့သည့် ဇူလိုင် ၂၈ ရက် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံစဉ်ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေး၊ မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်ရန်အတွက်ဆက် လက်ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ မြန် မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီဆောင်ရွက်ပေးမည့် ကိစ္စရပ်များအပေါ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

အလားတူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ်တို့သည် ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းတွင်  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံမှုတွင် ရှိရင်းစွဲဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို နှစ်ဖက်အပြန်အလှန် အကျိုးရှိစေမှုအပေါ်မူတည်၍ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး လျင်မြန်ချောမွေ့စေရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းကို စတင် အကောင်အထည်ဖော်နိုင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာအကျိးတူ ကိစ္စရပ်များ အပေါ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent