ငွေရေးကြေးရေးစျေးကွက်အတွင်း ကျပ်နှစ်သောင်းတန်အသစ်များအလုံးအရင်းနှင့်ဝင်ရောက်ရန်ကိစ္စ လုံးဝမဖြစ်နိုင်ကြောင်းနှင့် အစိုးရအနေဖြင့် စီးပွားရေးနှင့်ပတ်သက်ပြီး လက်ရှိအခြေအနေများကို ကောင်းစွာထိန်းသိမ်းနိုင်ဟု နစကပြောရေးဆိုခွင့်ရှိသူ ပြောကြား

ငွေရေးကြေးရေးစျေးကွက်အတွင်း ကျပ်နှစ်သောင်းတန်အသစ်များအလုံးအရင်းနှင့်ဝင်ရောက်ရန်ကိစ္စ လုံးဝမဖြစ်နိုင်ကြောင်းနှင့် အစိုးရအနေဖြင့် စီးပွားရေးနှင့်ပတ်သက်ပြီး လက်ရှိအခြေအနေများကို ကောင်းစွာထိန်းသိမ်းနိုင်ဟု နစကပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 25 July 2023

ငွေရေးကြေးရေးစျေးကွက်အတွင်း ကျပ်နှစ်သောင်းတန်အသစ်များ အလုံးအရင်းနှင့် ဝင်ရောက်လာရန်ကိစ္စ လုံးဝမဖြစ်နိုင်ကြောင်းနှင့် အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများ နှင့်ပတ်သက်ပြီး လက်ရှိအခြေအနေများကို ကောင်းစွာထိန်းသိမ်းနိုင်သည့် အခြေအနေရှိကြောင်း၊ SAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း အာမခံပြောကြားသည်။

“ နံပါတ် (၁) အချက်အနေနဲ့သိထားရမှာက ဒီငွေစက္ကူအသစ် ငွေကျပ်နှစ်သောင်းတန်က အလုံးအရင်းနဲ့ထုတ်တဲ့ ပိုက်ဆံမဟုတ်ဘူး။ အထိမ်းအမှတ်အနေနဲ့ထုတ်လိုက်တဲ့ ငွေစက္ကူပဲဖြစ်တယ်။ အခြားနိုင်ငံတွေမှာလည်း ဒီလိုအထိမ်းအမှတ်အနေနဲ့ ထုတ်တဲ့ငွေစက္ကူတွေရှိခဲ့ဖူးတယ်။ ကျွန်တော်တို့ မြန် မာနိုင်ငံမှာတော့ ငွေစက္ကူကို အထိမ်းအမှတ်အနေနဲ့ထုတ်လုပ်ခဲ့တာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ (၇၅)နှစ်ပြည့် စိန်ရတု လွတ်လပ်ရေးနေ့တုန်းကတော့ အထိမ်းအမှတ်အနေနဲ့ရွှေဒင်္ဂါးပြားတွေ ထုတ်ဝေခဲ့တာရှိပါတယ်။ အဲဒီအချိန် တုန်းကလည်း သတ်မှတ်ထားတဲ့ ငွေကြေးပမာဏပေးပြီး ဝယ်လို့ရတယ်ဆိုပေမယ့် များများစားစား ဝယ်လို့ရတာမဟုတ်ပါဘူး။ အခုကိစ္စမှာလည်း ဒီလိုပါပဲ။ ကျွန်တော်ပြောချင်တဲ့ နောက်တစ်ချက်ကဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါပါတယ်။ ဒီငွေစက္ကူကျပ် နှစ်သောင်းတန်အသစ်က အထိမ်းအမှတ်အနေနဲ့ထုတ်ဝေတဲ့ ငွေစက္ကူဖြစ်တဲ့အတွက် အဲဒီပိုက်ဆံနဲ့တန်ဖိုးတူညီတဲ့ ငွေပမာဏကို ဘဏ်ကိုသွားသွင်းမှ ငွေစက္ကူကျပ်နှစ်သောင်းတန်အသစ်ကို ထုတ်ပေးမှာဖြစ်ပါတယ်။ အဲဒီလို ထုတ်ပေးတဲ့နေရာမှာလည်း အကန့်အသတ်ရှိပါတယ်။ ဘဏ်ကိုသွားပြီး အခုထုတ်လိုက်တဲ့ ငွေစက္ကူကျပ် နှစ်သောင်းတန်အသစ် သိန်း တစ်ရာလိုချင်လို့ဆိုပြီး ကိုယ့်ရဲ့ငွေစက္ကူအဟောင်း သိန်းတစ်ရာနဲ့ သွားပြီးလဲရင်လည်း သိန်းတစ်ရာထုတ်မပေးနိုင်ပါဘူး။ တစ်ဦးကို သုံးရွက်ပဲထုတ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ သုံးရွက်ကိုလည်း အလကားထုတ်ပေးမှာ မဟုတ်ပါဘူး။ မြန်မာစကားပုံနဲ့ အားလုံးနားလည်အောင် လွယ်လွယ်ပြောရမယ်ဆိုရင် ဆန်ပေးမှဆီရမယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ဒီငွေစက္ကူတွေကိုလည်း ငွေစက္ကူအဟောင်းနဲ့ လဲလှယ်နိုင်အောင်လုပ်တာ ဖြစ်ပါတယ်။ လာရောက်လဲလှယ်တဲ့ ငွေစက္ကူအဟောင်းတွေကိုလည်း ဗဟိုဘဏ်က အကုန်လုံး ဖျက်ဆီးပစ်လိုက်မှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားသည်။

ထို့ကြောင့် ငွေရေးကြေးရေးစျေးကွက်အတွင်း ကျပ်နှစ်သောင်းတန်အသစ်များ အ လုံးအရင်းနှင့်ဝင်ရောက်လာရန်ကိစ္စလုံးဝ မဖြစ်နိုင်ကြောင်းနှင့် ဖြစ်လည်းမဖြစ်ကြောင်း ၎င်းက အာမခံပြောကြားခဲ့သည်။

“ဒါကြောင့် ငွေကြေးဖောင်းပွမှုဆိုတာ မဖြစ်နိုင်ပါဘူး။ မတည်ငြိမ်အောင် ကောလာဟလတွေ ထုတ်လွှင့်နေတာပဲဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆ မှာ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ အာမခံပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကို လက်ခံထားတဲ့ အစိုးရဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၃၆ (ဃ)မှာပါတဲ့ စီးပွားရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်းမပြုဆိုတဲ့အချက်နဲ့ ပုဒ်မ ၃၆(စ) မှာပါတဲ့ တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဆိုတဲ့ အချက်တွေနဲ့အာမခံပြီးဖြစ်တယ်။ ဒါကြောင့်ကျွန်တော်တို့အနေနဲ့ ယခင်ကတရားဝင် ထုတ်ဝေထားပြီး တရားဝင်အသုံးပြုနေတဲ့ ငွေကြေးတွေကိုတရားမဝင်ငွေကြေးအဖြစ် ဘယ်တော့မှသတ်မှတ်မှာမဟုတ်ပါဘူး။ ဒါကိုလည်းအာမခံချက် ပေးလိုပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထို့ပြင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေကို ကောလာဟလများ ထုတ်လွှင့်ရန်အတွက် အချိန်ကိုက်ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး အခြေအနေများကို ကောင်းစွာထိန်းသိမ်းနိုင်သည့်အခြေအနေရှိကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ယုံကြည်စိတ်ချစွာဖြင့် မိမိတို့၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ကြောင်း အာမခံကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent