ကျောင်းဖွင့်ပြီ

ကျောင်းဖွင့်ပြီ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းတစ်ကျောင်းတွင် ဇွန် ၁ ရက်က စတင်တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့အုပ်ထိန်းသူများကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းတစ်ကျောင်းတွင် ဇွန် ၁ ရက်က စတင်တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့အုပ်ထိန်းသူများကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
Published 4 June 2023

ရန်ကုန်မြို့ကောင်းကင်တွင် ဇွန်လ၏ မိုးသားများက အုံ့ဆိုင်းမှုန်မှိုင်း၍ အငြိုးတကြီးဖြင့် မိုးများရွာချနေသည်။ မိုးဦးလေဦးကြောင့် ရန်ကုန်တစ်မြို့လုံး မိုးရေများဖြင့် ရွှဲရွှဲ စိုနေ၏။

မိုးထဲရေထဲတွင် လူများက ရောင်စုံထီးကိုယ်စီဖြင့် သွားလာလှုပ်ရှားနေကြသည်။ ထိုသို့ သွားလာလှုပ်ရှားနေသည့် လူများထဲတွင် အဖြူအစိမ်း ဆင်တူဝတ်ဆင်ထားသည့် ကျောင်းသူကျောင်းသားများကိုလည်း တွေ့ရသည်။ ထိုမြင်ကွင်းသည် ရန်ကုန်မြို့အတွင်းရှိ ကျောင်းတစ်ကျောင်းရှေ့မှ မြင်ကွင်းလည်း ဖြစ်သည်။

ညနေကျောင်းဆင်းချိန်တွင် မိုးက သဲကြီးမဲကြီးရွာနေသည့်အတွက် ကျောင်းရှေ့တွင် ကျောင်းသား ကျောင်းသူများ၊ မိဘများနှင့် ကားများက ရှုပ်ထွေးနေ၏။

သဲသဲမဲမဲ ရွာနေသည့် မိုးရေထဲတွင် ကျောင်းသားကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများက ရောင်စုံထီး ကိုယ်စီဖြင့် လမ်းမထက်၌ ဥဒဟို သွားလာနေကြသည်။

ထိုနေ့သည် ဇွန် ၁ ရက်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံကျောင်းများ စဖွင့်သည့်နေ့လည်း ဖြစ်သည်။

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် ကို ပညာရေးဝန်ကြီးဌာနက မေ ၂၃ ရက်မှ ၃၁ ရက်အထိ သတ်မှတ်၍ ကျောင်းအပ်လက်ခံခဲ့သည်။

ကျောင်းအပ်နှံရာတွင် ငါးနှစ်အရွယ် ကလေးများကို သူငယ်တန်း (KG) သို့ အပ်နှံရန်နှင့် ခြောက်နှစ်အရွယ်ကလေးများကို ပထမတန်း (Grade-1) သို့ အပ်နှံရန် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။       

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်တွင် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ၆ ဒသမ ၄ သန်းကျော်ရှိကြောင်း အခြေခံပညာ ဦးစီးဌာနက ထုတ်ပြန်သည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုကြောင့် မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများကို ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်မှစ၍ ပညာသင်ကြားမှုကို ရပ်နားခဲ့သည်။

ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းများပိတ်လိုက်သည့်အတွက် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူအားလုံး ပညာသင်နှစ် တစ်နှစ်အောက်ခဲ့ရသည်။

ထို့ပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားခဲ့သည့်အတွက် လုံခြုံရေးအခြေအနေအရ ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရသည့် ကျောင်းသား ကျောင်းသူများလည်း ရှိခဲ့သည်။

နစကလက်ထက်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အခြေခံပညာအဆင့်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ်နှံရေး သီတင်းပတ်ကို ၂၀၂၁ ခုနှစ် မေ ၂၄ ရက်မှ ၃၁ ရက်အထိ  ပညာရေးဝန်ကြီးဌာနက သတ်မှတ်ခဲ့သည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ၅ ဒသမ ၃ သန်းကျော် လာရောက်အပ်နှံခဲ့ကြောင်း အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းအပ်နှံသူ ဦးရေ ၃၅၅,၇၇၁ ဦး လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်

၂၀၂၂ ခုနှစ် ဇွန် ၂ ရက်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံကျောင်းများတွင် မေ၂၆ ရက်မှ ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံသူ ၅ ဒသမ ၆ သန်းကျော်ရှိကြောင်း အခြေခံပညာဦးစီးဌာနက ထုတ်ပြန်သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်စတင်လက်ခံသည့် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ ၅,၆၀၉,၆၇၆ ဦးရှိကြောင်း အခြေခံပညာဦးစီးဌာနက ဆိုသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်း ကျောင်းအပ်နှံမှုတွင် ဧရာဝတီတိုင်းဒေသကြီးက ကျောင်းသား ကျောင်းသူဦးရေ ကိုးသိန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး ချင်းပြည်နယ်ကမူ စာရင်းရှိထက် ကျောင်းသား ကျောင်းသူဦးရေ နှစ်သောင်းကျော်သာ ကျောင်းအပ်နှံသဖြင့် ကျောင်းအပ်နှံမှု ရာခိုင်နှုန်း အနည်းဆုံးဖြစ်ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

နေပြည်တော်တွင် ၂၀၂၂ ခုနှစ် ဇွန် ၁ ရက်က ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းစာရှင်းလင်းပွဲ၌ ကျောင်းအပ်နှံမှု အခြေအနေများနှင့်ပတ်သက်၍ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ် သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် မေ ၂၆ ရက်မှ စတင်၍ ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံသူ ဦးရေ ၅ ဒသမ ၆ သန်းကျော်ရှိရာတွင် ဧရာဝတီတိုင်းဒေသကြီးက ကျောင်းသား ကျောင်းသူ  ၉၁၇,၇၂၇ ဦး ကျောင်းအပ်နှံခဲ့ခြင်းဖြစ်သည်။

“ဧရာဝတီတိုင်းဒေသကြီးမှာတော့ ယခင်နှစ်က ၈၃၃,၀၀၀ ကျော် ဖြစ်ပါတယ်။ ယခုနှစ်မှာတော့ ၉၁၇, ၀၀၀ ကျော်ဖြစ်ပြီး ၁၁၀ ဒသမ ၁၂ ရာခိုင်နှုန်းဖြစ်ပါတယ်။ လက်ရှိအနေအထားအရ ကျောင်းအပ်နှံမှု အများဆုံးကတော့ ဧရာဝတီတိုင်းဒေသကြီးမှာ ၉၁၇,၇၂၇ ဦးနဲ့ ဖြစ်ပါတယ်။ ချင်းပြည်နယ်မှာတော့ အနည်းဆုံး ဖြစ်ပြီးတော့ ၂၂၀၀၀ ကျော်သာ ကျောင်းအပ်နှံထားကြောင်း တွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကျောင်းအပ်နှံမှုစာရင်းအရ ကချင်ပြည်နယ်တွင် ၁၈၇,၀၀၀၊ ကယားပြည်နယ်တွင် ၁၂,၂၂၄ ဦး၊ ကရင်ပြည်နယ်တွင် ၂၁၁,၀၀၀ ကျော်၊ ချင်းပြည်နယ်တွင် ၂၂,၀၄၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၃၈,၀၀၀ ကျော်၊ မကွေးတိုင်းဒေသကြီးတွင် ၃၅၅,ဝဝဝကျော်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၆၉,၆၀၀၀ ကျော်နှင့် ဧရာဝတီတိုင်းဒေသကြီးမှာ ၉၁၇,၇၂၇ ဦး ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးမှာမူ ကျောင်းအပ်နှံသူ ၆၉၆,၀၀၀ ကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေတွင်လည်း အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေကျောင်းနှင့် ကိုယ်ပိုင်ကျောင်းအသီးသီး၌ မူလတန်းအဆင့်တွင် ၄၇,၂၂၀၊ အလယ်တန်းအဆင့်တွင် ၁၆,၉၈၄ ဦးနှင့် အထက်တန်းအဆင့်တွင် ၆, ၁၇၆ ဦး စုစုပေါင်း ၇၀,၃၈၀ ကျောင်းအပ်နှံခဲ့သည်။

အခြေခံပညာကျောင်းများ အန္တရာယ်ကင်းကင်းဖြင့် ဖွင့်လှစ်နိုင်ရေး တပ်မတော်၊ ရဲတပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းများ အပါအဝင် ပြည်သူလူ ထု ပါဝင်သော စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အခြေခံပညာကျောင်းများ အန္တရာယ်ကင်းကင်းဖြင့် ဖွင့်လှစ်နိုင်ရေး တပ်မတော်၊ ရဲတပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းများ အပါအဝင် ပြည်သူလူထုပါဝင်သောစနစ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားသော်လည်း ကျောင်းသားမိဘများအတွက်မူ ရတက်မအေးနိုင်သည့် အခြေအနေများက ရှိနေသည်။

အကြောင်းက အခြားမဟုတ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်း၊ တက္ကသိုလ်/ကောလိပ် များ ဗုံးခွဲခံရမှု ၅၂၈ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၁၂၃ ကြိမ်နှင့် စာသင်ကျောင်းများမဖွင့်ရန် ခြိမ်းခြောက်မှု ၁၁၅ ကြိမ်ရှိခဲ့ခြင်းကြောင့်ဖြစ်သည်။

နှစ်နှစ်အတွင်း ဆရာ၊ ဆရာမ နှင့် ပညာရေးဝန်ထမ်း ၆၆ ဦး လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုသို့သော အခြေအနေများ ရှိသော်လည်း နစက လက်ထက်တွင် ကျောင်းအပ်နှံမှုနှုန်းမှာ တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာသည်ကို တွေ့ရသည်။

အခြေခံပညာဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ဦးရေ ၅ ဒသမ ၃ သန်းကျော် ရှိရာက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူဦးရေ ၅ ဒသမ ၆ သန်းကျော် ရှိသည့်အတွက် ကျောင်းအပ်နှံသူဦးရေ သုံးသိန်းကျော် မြင့်တက်လာသည်ကို တွေ့ရသည်။

ထို့အတူ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူဦးရေ ၅ ဒသမ ၆ သန်းကျော် ရှိရာမှ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် ကျောင်း အပ်နှံသူဦးရေ ၆ ဒသမ ၄ သန်းကျော် ရှိသည့်အတွက် ကျောင်းအပ်နှံသူ ဦးရေ တစ်သန်းနီးပါး မြင့်တက်လာသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်ကြောင့် ကျောင်းအပ်ရာသီတွင် မိဘများအနေဖြင့် မိမိတို့၏ ကလေးများကို ကျောင်းထားရန် သင့် မသင့် ဝေခွဲရခက်ခဲ့သည်။

ထို့ပြင် ကျောင်းအပ်ရာသီရောက်ချိန်တွင် အုပ်ချုပ်သူနှင့် တော်လှန်သူ လူတန်းစားနှစ်ရပ်အကြား ကျောင်းတက်ခြင်း၊ မတက်ခြင်း ကိစ္စနှင့်ပတ်သက်၍ အပြန်အလှန် လှုံ့ဆော် ပြောကြားမှုများရှိသည့်အပြင် အွန်လိုင်းပေါ်တွင် ခြိမ်းခြောက်ရေး သားမှုများလည်း ရှိခဲ့သည်။

ကျောင်းသားမိဘများ၏ စိတ်ထဲ၌  ကိုဗစ်ကပ်ရောဂါ အရသော်လည်းကောင်း၊ နိုင်ငံရေးအခြေအနေ အရသော်လည်းကောင်း ကျောင်းထားခြင်း မထားခြင်းကိစ္စမှာ ၀ိရောဓိ ဖြစ်ခဲ့ရသည်။

ကမ္ဘာ့ကပ်ဆိုးရောဂါဖြစ်သည့် ကိုဗစ်ကြောင့် ကျောင်းထားရန် မဝံ့ မရဲကြသလို နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ကျောင်းတက်ခြင်း မတက်ခြင်း အငြင်းပွားမှုများကြောင့်လည်း ကလေးများကို ကျောင်းထားရန် မိဘများတွင် စိုးရိမ်စိတ်က ကြီးမားခဲ့သည်။

တစ်ဖက်တွင် နစက,က ကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများကို ကျောင်းအပ်ကြရန် ဆော်သြမှုများရှိခဲ့ပြီး တစ်ဖက်တွင်လည်း စစ်ကျွန်ပညာရေးဖြစ်သည့်အတွက် ကျောင်းမတက်ကြရန် လှုံ့ဆော်မှုများ ရှိခဲ့သည်။ ထိုသို့သောအခြေအနေတွင် ကိုယ့်ကလေးကို ကျောင်းထားခြင်း မထားခြင်းကိစ္စမှာ မိဘများအတွက် ခေါင်းခဲစရာ ကာလများပင်ဖြစ်သည်။

လက်ရှိအချိန်တွင် နိုင်ငံအတွင်း မတည်ငြိမ်မှုများရှိနေသည့်အတွက် မိဘများအနေဖြင့် သားသမီးများကို ကျောင်းထားနေရသော်လည်း ကျီးလန့်စာ စားနေရသည်နှင့် တူသည်။

ကျောင်းထားမည်ဆိုလျှင် လုံခြုံရေးအခြေအနေအရ စိုးရိမ်မှုများရှိပြီး ကျောင်းမထားဖြစ်ပါက ပညာရေး၌ မိမိကလေးနောက်ကျကျန်ရစ်ရမည့် အရေးက မိဘများအကြား ဗျာများ၍နေသည်။

“ကျောင်းထားပြန်တော့လည်း လုံခြုံရေးကြောင့် စိုးရိမ်ရတယ်။ ကျောင်းမထားပြန်တော့လည်း ကိုယ့်ကလေး နစ်နာမှာကို စိုးရိမ်ရတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့်နှစ်နှစ်အတွင်း ကိုဗစ်ရောဂါနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲကြောင့် ကျောင်းများ ပိတ်ထားရသည့်အတွက် ကျောင်းမတက်နိုင်သည့် ကလေးအရေအတွက် နှစ်ဆတိုးသွားပြီး အချို့ဒေသများတွင် ကျောင်းအပ်နှံမှု ရာခိုင်နှုန်း ၈၀ အထိ လျော့ကျခဲ့ကြောင်း Save the children အဖွဲ့က ၂၀၂၂ ခုနှစ် ဇွန် ၁ ရက်တွင် ထုတ်ပြန်သည်။

ကလေးသူငယ် ၇ ဒသမ ၈ သန်း ခန့် ကျောင်းပြင်ပသို့ ရောက်နေကြောင်းကိုလည်း Save the children အဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်အတွင်း စာသင်ကျောင်းများ၊ ဆရာဆရာမများ တိုက်ခိုက်ခံရသည့် ဖြစ်ရပ်များကြောင့် ကျောင်းသားအများစုမှာ ကျောင်းမတက်ရဲခြင်းဖြစ်ပြီး အချို့ဒေသများတွင် ကျောင်းအဆောက်အအုံများ မရှိခြင်းကြောင့်လည်းဖြစ်ကြောင်း Save the children အဖွဲ့က ဆိုသည်။

စာသင်ကျောင်း ပြင်ပရောက်နေသည့် ကလေးငယ်များ ကျောင်းပြန်တက်နိုင်ရန် မလုပ်ပေးနိုင်ပါက အဓမ္မလုပ်အားပေးခိုင်းစေမှု အပါအဝင် ငယ်ရွယ်သည့်အချိန်တွင် အိမ်ထောင်ကျသွားသည်အထိဖြစ်နိုင်ကြောင်း သတိပေးထားပြီး လက်နက်ကိုင်အဖွဲ့များအနေဖြင့် စာသင်ကျောင်းများအပေါ် တိုက်ခိုက်မှုများ လုံးဝရပ်တန့်ရန် Save the children အဖွဲ့က တောင်းဆိုထားသည်။  

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ စတင်ဖြစ်ပွားချိန်က တစ်နိုင်ငံလုံး၌ ကျောင်းများပိတ်ခဲ့ရသလို နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း ကျောင်းပြန်ဖွင့်သော်လည်း ကျောင်း မတက်လိုက်ရသည့် ကလေးငယ်များလည်း ရှိနေသည်။

ထို့ကြောင့် ကိုဗစ်ကာလနှင့် နိုင်ငံရေးအပြောင်းအလဲကာလကို ဖြတ်ခဲ့ရသည့် ကလေးငယ်များမှာ အသက်ကြီး၍ အတန်းငယ်နေကြရသည်။

“ကိုဗစ်ကြောင့် ကျောင်းတွေပိတ်တော့ တစ်နှစ်အောက်သွားတယ်။ နောက်နိုင်ငံရေးဖြစ်တော့ ကျောင်းမအပ်တဲ့အတွက် တစ်နှစ် ထပ်အောက်တယ်။ ကိုယ့်ကလေးက အသက်ကြီးပြီး အတန်းက ငယ်နေတာကြောင့် ကျောင်းပြန်အပ်ပြီးထားလိုက်တာ” ဟု ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။

သို့သော် လက်ရှိတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဇွန် ၁ ရက်မှစ၍ အခြေခံကျောင်းများ ပြန်ဖွင့်နေပြီဖြစ်သည်။

Most Read

Most Recent