ခန္ဓာကိုယ်အသံများနှင့် ကျန်းမာရေး 

ခန္ဓာကိုယ်အသံများနှင့် ကျန်းမာရေး 
Published 4 June 2023
ဒေါက်တာလွင်သန့်

လူတို့ခန္ဓာကိုယ်ကထွက်ရှိလာတဲ့အသံတွေဟာ လူတို့ကျန်းမာရေးကို သတိပေးနေပါတယ်။ တကယ်ပဲခန္ဓာကိုယ်ကထွက်ရှိတဲ့အသံအချို့ဟာခန္ဓာကိုယ်ကိုဂရုစိုက်ဖို့လိုနေကြောင်း အချက်ပြသတိပေးနေတာဖြစ်ပြီး အဆိုပါအသံတွေကိုသတိထားမိရင်မဖြစ်သင့်တာမဖြစ်အောင်ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဒါကြောင့်ခန္ဓာကိုယ်ကထွက်ရှိတဲ့ကြားနေကျအသံတွေအကြောင်းနဲ့ မိသားစုဆရာဝန်နဲ့ပြသသင့်သလဲဆိုတာ ရှင်းပြထားပါတယ်။

'ခ‌လောခလော' ဟောက်သံက အိပ်စက်တဲ့အခါလည်ချောင်းအနောက်ဘက်ရှိကြွက်သားပြေလျော့သွားပြီးအသက်ရှူလိုက်တိုင်းလေလမ်းကြောင်းကိုတုန်ခါစေတဲ့အတွက်ဟောက်သံထွက်ပေါ်လာပါတယ်။ အရက်၊အိပ်ဆေး၊အဝလွန်ခြင်းနဲ့ပင်ပန်းလွန်းခြင်းကြောင့်လည်း အိပ်တဲ့အခါပိုပြီးဟောက်စေပါတယ်။

 ကိုယ်ရဲ့ဟောက်သံက ကိုယ်နဲ့အိပ်ဖော်ကိုအနှောင့်အယှက်ပေးလွန်းရင်၊ လည်ချောင်းမှာတစ်ခုခုခံစားနေရသလိုနိုးလာရင်၊ နေ့လယ်နေ့ခင်းမှာအလွန်အမင်းအိပ်ငိုက်နေရင်(သို့မဟုတ်) နုံးချည့်စွာနိုးထလာရင်မိသားစုဆရာဝန်နဲ့ပြသသင့်ပါတယ်။ ဒါတွေဟာရိုးရိုးဟောက်တာမဟုတ်တော့ဘဲအိပ်နေရင်းနဲ့အသက်ရှူခဏရပ်ခြင်း (sleep apnea) ရဲ့လက္ခဏာတစ်ခုဖြစ်လာနိုင်ကာ ကျန်းမာရေးအန္တရာယ်ကြီးကြီးမားမားဖြစ်နိုင်တဲ့အတွက်သတိထားသင့်ပါတယ်။ ဟောက်သံအလွန်ဆိုးရွားရင်ခွဲစိတ်ကုသမှုခံယူတာက သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အရက်၊ဆေးလိပ်၊ကွမ်းဖြတ်သင့်ပါတယ်။ ခန္ဓာကိုယ်အဝမလွန်စေသင့်ပါဘူး။

 'ဂျွတ်ဂျွတ်' ဆိုတဲ့လက်ဆစ်ချိုးသံ(သို့မဟုတ်) ဇက်ကြောချိုးတဲ့အခါထွက်လာတဲ့ဂျွတ်ဂျွတ်ဆိုတဲ့အသံဟာပုံမှန်ဖြစ်ပြီးအဲဒီအသံဖြစ်လာတဲ့အကြောင်းနှစ်ချက်ရှိပါတယ်။ ပထမအချက်ကအရိုးပေါ်ကအရွတ်တွေလှုပ်ရှားသွားတဲ့အခါအသံဖြစ်ပေါ်လာတာဖြစ်ပြီးဒုတိယအချက်ကအဆစ်တွေမှာပြောင်းလဲမှုရှိတဲ့အခါဂတ်စ်ပူစီဖောင်းဖြစ်ပေါ်လာပြီး အဆစ်ထဲမှာအသံတွေမြည်လာတာဖြစ်ပါတယ်။ သည်လိုအသံ‌တွေမကြာခဏမြည်ခြင်းဟာအဆစ်တွေထဲမှာတည်ငြိမ်မှုမရှိတာကိုဖော်ပြနေတဲ့အတွက်အဆစ်နဲ့ကြွက်သားတွေကိုစနစ်တကျစမ်းသပ်စစ်‌ဆေးဖို့လိုပါတယ်။ အဆစ်မတည်ငြိမ်မှုကြောင့်ဖြစ်ရင်ကြွက်သားသန်မာစေတဲ့လေ့ကျင့်ခန်းနဲ့ချီယိုပက်တစ်(Chiropractic) ကုထုံးက သက်သာစေနိုင်ပါတယ်။

 'ဂွီဂွီ' ဆိုတဲ့‌ဗိုက်ထဲကအသံကိုလူတိုင်းကြားဖူးကြပါတယ်။ သည်အသံချည်းပဲဆိုရင်ဘာကိစ္စမှမရှိပေမဲ့ ဝမ်းမကြာခဏသွားရင်ဒါဟာဝမ်းပျက်ဝမ်းလျှောလက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ သည်အသံထွက်ပေါ်တာရဲ့အဓိကအကြောင်းရင်းတွေက‌ဗိုက်ဆာတာ(သို့မဟုတ်) အစာအိမ်ထဲမှာဂတ်စ်တွေနဲ့အရည်တွေရောနေတာတို့ပဲဖြစ်ပါတယ်။ ဘာမှစိတ်ပူစရာမလိုဘဲ သူ့အလိုလိုပျောက်သွားနိုင်တယ်။ ဒါပေမဲ့ဒီလိုအသံတွေအပြင်ဝမ်းဗိုက်ပါနာကျင်ပါကအူပိတ်ဆို့တာဖြစ်နိုင်တဲ့အတွက်စိုးရိမ်သင့်ပါတယ်။ ကိုယ့်ဗိုက်ကအသံမြည်တဲ့အခါ၊‌ ဗိုက်နာရင်(သို့မဟုတ်) အိမ်သာမကြာခဏတက်နေရရင်ဆရာဝန်နဲ့ပြသသင့်ပါတယ်။‌ဗိုက်ရစ်တာသက်သာစေနိုင်တဲ့ဘတ်စကိုပင်(Buscopan)(သို့မဟုတ်) ကိုလေ့(Colesc)လိုဆေးမျိုးတွေက သက်သာစေနိုင်ပါတယ်။

 'ဖွတ်' ဆိုတဲ့လေလည်သံဟာ အစာအိမ်နဲ့အူလမ်းကြောင်းအတွင်း ဂက်စ်တွေပိုလျှံနေလို့ဖြစ်ပေါ်လာတာပါ။  ရှက်စရာကောင်းသလိုစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပါတယ်။ တကယ်တော့လေလည်တာကပုံမှန်ဖြစ်ပါတယ်။ လူအများစုကတစ်နေ့ကို (၁၄-၂၃) ကြိမ်ကြား လေလည်တတ်ကြပါတယ်။

 မကြာခဏလေလည်နေရင်ကိုယ်ဟာအမျှင်ဓာတ်အလွန်များပြားစွာပါရှိတဲ့အစာတွေစားမိတာကြောင့်ဖြစ်နိုင်ပါတယ်။ အနံ့ဆိုးရွားစွာလေလည်တာဟာအူမရောင်ရမ်းတာနဲ့လက္ခဏာတစ်ရပ်ဖြစ်နိုင်ပေမဲ့ စိုးရိမ်ရတဲ့လက္ခဏာတစ်ရပ်တော့မဟုတ်ဘူး။လေလည်တာပုံမှန်ဖြစ်ပြီးကျန်းမာရေးနဲ့ညီညွတ်ပေမယ့်လေလည်တာကိုရှက်စရာလို့ထင်နေရင်မကြာခဏလေမလည်အောင်အရက်သောက်၊ဘီယာသောက်တာ၊အစာလျင်မြန်စွာစားတာ၊လေပွစေတဲ့ဂေါ်ဖီထုပ်နဲ့ပန်းဂေါ်ဖီစားခြင်းတို့ကိုရှောင်သင့်ပါတယ်။

'ဟပ်ချိုး' ဆိုတဲ့နှာချေသံကနားနှာခေါင်းလမ်းကြောင်းမှာရှိတဲ့ဓာတ်မတည့်စေတဲ့ပစ္စည်းတွေ၊ရောဂါပိုးမွှားတွေကိုဖယ်ရှားပေးတဲ့ ရောဂါကာကွယ်တဲ့စနစ်တစ်မျိုးဖြစ်ပါတယ်။ ဓာတ်မတည့်တာ၊ အအေးမိတာနဲ့တုပ်ကွေးရောဂါကြောင့်နှာချေတာအဖြစ်များသောရောဂါဖြစ်ပါတယ်။ ကျန်းမာတဲ့သူတွေတောင်တစ်နေ့ကိုအနည်းဆုံးလေးငါးခါလောက်နှာချေနိုင်ပါတယ်။ နှာချေတာနဲ့အခြားလက္ခဏာတွေတွဲတွေ့ရင် (သို့မဟုတ်) ကိုယ်ရဲ့နေ့စဉ်ဘဝကိုထိခိုက်လာရင်ဆရာဝန်နဲ့ပြသသင့်ပါတယ်။

 နှာချေတာဖြစ်စေတဲ့အကြောင်းရင်းရှာကာ ကုသသင့်ပါတယ်။ တစ်ခုခုနဲ့ဓာတ်မတည့်လို့နှာချေမယ်ဆိုရင်လည်း ဘာနဲ့ဓာတ်မတည့်လဲဆိုတာလေ့လာကြည့်ပြီးမတည့်တာနဲ ့ဝေးဝေးနေသင့်ပါတယ်။ ကြောင်မွေးနဲ့ဓာတ်မတည့်ရင်ကြောင်မမွေးသင့်ပါဘူး။ ဖုန်နဲ့ဓာတ်မတည့်ရင်ဖုန်ထူတဲ့အရပ် မသွားသင့်ပါဘူး။

 'ဂျစ်ဂျစ်' ဆိုတဲ့သွားကြိတ်သံ ရှိပါတယ်။အများစုကအနည်းဆုံးတစ်ပတ်သုံးညလောက်အိပ်မက်မက်နေချိန်မှာကြိတ်လေ့ရှိပါတယ်။ နေ့လယ်နေ့ခင်းမှာသွားကြိတ်တာကအကျင့်ကြောင့်အများဆုံးဖြစ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ဆက်စပ်နေပါတယ်။ ခရစ်ကပ်ရောဂါနဲ့(Crackad Cusp Syndrome)ခေါ်တဲ့လက္ခဏာစုတစ်စုရှိပါတယ်။ အဆိုပါလက္ခဏာစုမှာသွားတွေထဲစိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်လာတဲ့ဒဏ်ရာတွေရှိပြီးကြာလာတဲ့အခါမှာသွားတွေအက်ကွဲလာနိုင်သလိုအကြောတွေနာကျင်မှုလည်းဖြစ်လာနိုင်ပါတယ်။အချို့လူတွေမှာသွားကြိတ်ရာကနေခေါင်းကိုက်ခြင်းဖြစ်ပေါ်လာတတ်သလိုလူနည်းစုမှာလည်းနာတာရှည်မေးရိုးနာကျင်မှုတွေခံစားရနိုင်ပါတယ်။ သွားအလွန်အမင်းကြိတ်ခြင်းကိုစပရင့်(splint)ခေါ်တဲ့ဖြုတ်လို့တပ်လို့ရတဲ့ပစ္စည်းကိုအပေါ်သွား၊အောက်သွားခွဲခြားဖို့ညဘက်မှာတပ်ထားတာကသက်သ‌ာ‌စေနိုင်ပါတယ်။။

 'အူအူ' ဆိုတဲ့နားအူသံဟာအသံကျယ်တွေကြားရတဲ့အခါ (ဥပမာတေးဂီတဖျော်ဖြေပွဲများ၊ အသံကျယ်လွန်းတဲ့အခါ) (သို့မဟုတ်) ဟမ်းဖုန်း(Hand Phone)၊စပီကာ(speaker) နဲ့ အသံကျယ်လွန်းတဲ့အခါနားမထောင်မိရင်ဖြစ်တတ်ပါတယ်။ ခေါင်းမတော်တဆထိခိုက်မိခြင်း၊ခွဲစိတ်ကုသခံရခြင်း(သို့မဟုတ်) အချို့ဆေးဝါးတွေသုံးစွဲတဲ့အခါမှာလည်းနားအူတတ်ပါတယ်။ ပုံမှန်နားအူတာဟာရက်အနည်းငယ်အတွင်းသက်သာပျောက်ကင်းပါတယ်။ရက်အတော်ကြာတဲ့အထိဆက်ပြီးအူနေသေးရင်တော့နား၊နှာခေါင်း၊လည်ချောင်းအထူးကုဆရာဝန်ထံသွားပြသင့်ပါတယ်။အလွန်ရှားပါးတဲ့ဖြစ်ရပ်တွေမှာအဖုအကျိတ်စတဲ့နောက်ခံပြဿနာတွေရဲ့လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။သီချင်းနားထောင်တဲ့အခါအသံအကျယ်ကြီးဖွင့်ပြီးနားမထောင်သင့်ပါဘူး။

'‌အေ့အေ့' ဆိုတဲ့လေတက်သံ၊ လေတက်ခြင်း၊လေချဉ်တက်ခြင်းဟာအစာအိမ်ထဲမှာဂတ်စ်(Gas) နဲ့လေတွေပိုလျှံနေတဲ့အခါဖြစ်နိုင်ပါတယ်။ဗိုက်ပြည့်လွန်းတဲ့အခါမှာလည်းဖြစ်တတ်ပါတယ်။ဂတ်စ်(Gas)ပါတဲ့အအေးတွေသောက်မိတဲ့အခါမှာလည်းလေချဉ်တက်တတ်ပါတယ်။အစာနင်သလိုခံစားနေရရင်(သို့မဟုတ်) အစာအနည်းငယ်စားမိရုံနဲ့ဗိုက်ပြည့်သလိုခံစားနေရရင်သတိထားသင့်ပါတယ်။ အစာအိမ်၊ အူလမ်းကြောင်းနဲ့ အစာအိမ်ဆိုင်ရာရောဂါလက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။

  အက်စစ်ဓာတ်လျော့နည်းစေတဲ့အစာကြေဆေး(Antacid)၊ဒိုင်ဂျင်(Digene)၊ဂျဲမက်(Gelmag)ဆေးတွေစားနိုင်ပါတယ်။ဘေးတစောင်းအိပ်ပြီးဒူးကိုရင်ဘတ်ထိ

ကွေးထားရင်လည်းလေချဉ်တက်တာသက်သာနိုင်ပါတယ်။ လူတိုင်းတစ်နှစ်တစ်ကြိမ်သံချဆေး (Albendazole 400mg)တစ်လုံးနှစ်စဉ်တစ်ကြိမ်သောက်ပေးသင့်ပါတယ်။  

Most Read

Most Recent