ကိယက်ဗ်မြို့တော်တွင် လူအများစုအိပ်ပျော်နေသည့် ညဘက်တွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ၁၅ လကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရုရှား၏ လေကြောင်းစစ်ဆင်ရေးကို ရင်ဆိုင်ရန် သူ့နည်းသူဟန်ဖြင့် ကြိုတင်ပြင် ဆင်ထားသော မြို့ခံလူထုသည် ယူကရိန်းမြို့တော်တစ်ခွင်တွင် ကျယ်လောင်စွာထွက်ပေါ် နေသည့် လေကြောင်းသတိပေးသံများနှင့်အတူ ရီဝေစွာ နိုးထလာခဲ့ကြသည်။
မကြာသေးမီက ရုရှားတိုက်ခိုက်မှုများ ပြင်းထန်လာချိန်တွင် သန့်ရှင်းရေးသမား အိုဟာ ဘူခ်နို (၆၅ နှစ်)သည် ညစဉ်ညတိုင်း ဆုတောင်းနေခဲ့သည်။ “ကျေးဇူးပြုပြီး တိတ်ဆိတ်ငြိမ်သက်သွားပါစေ”ဟု ၎င်း၏မျက်လုံးများကို မှိတ်ပြီး ဆုတောင်းခဲ့သည်။
သူ့အိပ်ရာဘေးတွင် မရှိမဖြစ်လိုအပ်သော စာရွက်စာတမ်းများ၊ အစားအစာအခြောက်များနှင့် ရေများအပြည့်ထုပ်ပိုးထားသော အိတ်တစ်လုံး ရှိသည်။ လေကြောင်းသတိပေးသံကြောင့် သူသည် အဆောက် အအုံ၏ မြေအောက်ခန်းသို့ဆင်းကာ ခိုလှုံခဲ့ရသည်။ လွန်ခဲ့သည့်သီတင်းနှစ်ပတ်နီးပါးခန့်က ကိယက်ဗ်၏ ဒါနိုက်ရှာခရိုင်ရှိ ၎င်းနေ ထိုင်သည့်အဆောက်အအုံဘေးရှိ အဆောက်အအုံတစ်ခု၏ခေါင်မိုးပေါ်သို့ ကြားဖြတ်ပစ် ချခံခဲ့ရသော ဒုံးကျည်မှ အပျက်အစီးများ ကျရောက်ခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။
“ညတိုင်း ကျွန်မတို့ ကြောက်လန့်နေရ ပါတယ်”ဟု သူက မျက်ရည်စက်လက်ဖြင့် ပြောကြားခဲ့သည်။
လေကြောင်းတိုက်ခိုက်မှု သတိပေးသံ ထွက်ပေါ်လာသည့် အချိန်မျိုးတွင် မြို့တွင်းရှိအချို့လူများသည် အကြောက်တရား၏ ၀ါးမျိုမှုကိုခံခဲ့ရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း၊ အပျက်အစီးများအောက် ပိတ်မိခြင်း၊ သေဆုံးခြင်း အစရှိသည့် အဆိုးရွားဆုံးအခြေအနေများကို စိတ်ကူးပုံဖော်ကြည့်နေကြသည်။
ပေါက်ကွဲသံများ ကောင်းကင်ယံတွင် ဆူညံနေချိန်တွင် ယင်းအခြေအနေကို စိတ်မဝင်စားတော့သည့်ပုံဖြင့် အိပ်ရာပေါ်၌ လဲလျောင်းနေကြသူအချို့လည်း ရှိသည်။
သို့သော် လွန်ခဲ့သည့်လတွင် ရုရှား၏လေကြောင်းတိုက်ခိုက်မှုများ ညတိုင်းနီးပါး ဖြစ်ပွားလာသည့်အချိန်တွင် လူအများစုသည် အိပ်ရေးမဝကြောင်း ညည်းညူလာကြသည်။
ကိယက်ဗ်၏ ကော်ဖီဆိုင်များ၊ စားသောက်ဆိုင်များနှင့် အလှပြင်ဆိုင်များသည် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် အခြေအနေကို အန်တုပြီး စီးပွားရေးကို ဆက်လက် လုပ်ဆောင်နေရသော်လည်း လူတိုင်းတွင် သူတို့ပင်ပန်းမှုကို မည်မျှခံစားရကြောင်း ပုံပြင်တစ်ပုဒ်စီ ရှိနေကြသည်။
“ဘာပြောစရာရှိလို့လဲ။ လူတိုင်းခြေကုန် လက်ပန်းကျနေကြပြီ”ဟု ဒါနိုက်ရှာမှ ဆေးဝါးပညာရှင် အိုလက်ဇန်းဒါး ချူဘီယန်ကိုက မကြာသေးမီက ၎င်း၏ ဖောက်သည်များ၏ စိတ်ခံစားရမှုအခြေအနေကို ရည်ညွှန်းဖော် ပြခဲ့သည်။
ရုရှားသည် မေ ၂၂ ရက်အစောပိုင်းတွင် မောင်းသူမဲ့လေယာဉ်များနှင့် ခရုဇ်ဒုံးကျည်များ ပေါင်းစပ်ပြီး ကိယက်ဗ်မြို့ကို ထပ်မံတိုက်ခိုက်ခဲ့သည်။ မေလတွင် မြို့တော်ကို ၁၅ ကြိမ်မြောက် ညအချိန် တိုက်ခိုက်မှုတွင် လေကြောင်းပစ်မှတ် ၄၀ ကျော်ကို ပစ်ချခဲ့ကြောင်း ကိယက်ဗ်စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးအကြီးအကဲ ဆာဟီ ပေါ့ပ်ကိုကTelegram တွင် ပြောကြားခဲ့သည်။
ပေါ့လစ်ခရိုင်ရှိ လူနေအဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်ကို အပျက်အစီးများ ပြုတ်ကျခဲ့သော်လည်း အသေအပျောက်သတင်းများ ချက်ချင်း မရရှိပေ။
“မြို့တော်အတွက် နောက်ထပ်ခက်ခဲ တဲ့ညတစ်ည”ဟု ကိယက်ဗ် မြို့တော်ဝန် ဗစ်တာလီ ကလစ်ရှ်ကိုက ပြောကြားခဲ့သည်။
မကြာခဏထွက်ပေါ်နေသည့် ပေါက်ကွဲသံများသည် ရုရှားမှ ယူကရိန်းသို့ ပစ်လွှတ်လိုက်သော ဒုံးကျည်များနှင့် ဒရုန်းများကို ယူကရိန်း၏ လေကြောင်းရန် ကာကွယ်ရေးစနစ်များက အောင်မြင်စွာ ပစ်ချနိုင်ခဲ့မှုမှ ထွက်ပေါ်လာသည့်အသံများ ဖြစ်သည်။
မေ ၁၆ ရက်က ရုရှားသည် လေကြောင်း တိုက်ခိုက်မှု ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ပြီး ယူကရိန်းသို့ ဒုံးကျည် ၁၈ စင်း ပစ်လွှတ်ခဲ့ရာ ယင်းဒုံးကျည်များအနက် ဒုံးကျည် ၁၄ စင်းသည် ကိယက်ဗ်ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ် သည်ဟု ယူကရိန်းလေတပ်ပြောရေးဆိုခွင့်ရှိ သူက ပြောကြားခဲ့သည်။
ထို့ပြင် ယင်းညမှာပင် ရုရှား၏ ဟိုက်ပါ ဆိုးနစ် Kinzhal ဒုံးကျည်ခြောက်စင်းကို ပစ်ချနိုင်ခဲ့သည်ဟု ယူကရိန်းက ပြောကြားခဲ့သည်။
မေ ၂၇ ရက် ညပိုင်းက ကိယက်ဗ်မြို့တော်တွင် ရုရှား၏စစ်ပွဲစတင်ကတည်းက အကြီးမားဆုံးဒရုန်းတိုက်ခိုက်မှုကို ခံခဲ့ရသည်ဟု ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုများသည် ကိယက်ဗ်မြို့တော် တည်ထောင်သည့် နှစ်ပတ်လည်နေ့မတိုင်မီ ဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့သည်။
ရုရှား၏ပိုမိုမြင့်တက်လာသော တိုက်ခိုက်မှုများသည် ယူကရိန်း၏ တန်ပြန်ထိုးစစ်ကို ပစ်မှတ်ထားတိုက်ခိုက်သည့် လေကြောင်း စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ကျွမ်းကျင်သူများနှင့် ယူကရိန်းအရာရှိများက ပြောကြားခဲ့သည်။
ယူကရိန်းသည် ရုရှားလေကြောင်းတိုက် ခိုက်မှုများကို ကာကွယ်ရန် ကာလကြာရှည်စွာ ရှာဖွေနေသည့် ဒိုင်းလွှားအသစ်တစ်ခုဖြစ်သည့် အမေရိကန်လုပ် Patriot ဒုံးကျည်များကို လက်ခံရရှိကြောင်း ကြေညာခဲ့ပြီးနောက် ဧပြီ ၁၉ ရက်နောက်ပိုင်းတွင် ယူကရိန်းလေ ကြောင်းကာကွယ်ရေး၏ တိုးတက်မှုကို မြင် တွေ့ခဲ့ရသည်။
ရုရှား၏ ပြင်းထန်သောတိုက်ခိုက်မှုများသည် ယင်းလေကြောင်းရန်ကာကွယ်ရေးစနစ်သစ်များကို လွှမ်းမိုးရန် ရည်ရွယ်ပုံပေါ်သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။ မေ ၁၆ ရက်က တိုက်ခိုက်မှုသည် ကိယက်ဗ် အနီးရှိ Patriot လေကြောင်းရန်ကာကွယ်ရေး စနစ်တစ်ခုကို အနည်းငယ်ထိခိုက်စေခဲ့သော်လည်း ယင်းစနစ်ကို အသုံးပြုနိုင်ဆဲဖြစ်သည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရုရှားသည် ယခုနှစ်ဆောင်းရာသီက ယူကရိန်း၏ ဓာတ်အားပေးစက်ရုံများနှင့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး အဆောက်အအုံများအပါအဝင် အရေးကြီးသော အခြေခံအဆောက်အအုံများကို လေ ကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြင်းထန်သည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာ ခြင်းဖြစ်သည်။
ယူကရိန်းတပ်ဖွဲ့များသည် ယခုနှစ်အ စောပိုင်းကထက် ရုရှားဒုံးကျည်များကို ပိုမိုထိရောက်စွာ ပစ်ချနိုင်ခဲ့ပြီး အများစုမှာ အမေရိကန်၏ လေကြောင်းရန် ကာကွယ်ရေးစနစ်များကြောင့် ဖြစ်သည်။
သို့သော် လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် အရပ်သားများကို ထိခိုက်မှုများမှ အလုံးစုံ အကာအကွယ်ပေးနိုင်ခြင်းမရှိပေ။ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၏ ကြားဖြတ်ပစ်ချမှုကို ခံခဲ့ရသည့် ရုရှားဒုံးကျည်များ၏ အပျက်အစီးများသည် အရပ်သားများအပေါ် ကျရောက်ခဲ့ပြီး မီးလောင်မှုနှင့် ဒဏ်ရာရရှိမှုများကို ဖြစ်ပေါ်စေခဲ့သည်။
မြို့တွင်းရှိ လူအများစုအတွက် လေကြောင်းတိုက်ခိုက်မှုအချက်ပေးသံသည် ယူကရိန်းတွင် လူသုံးအများဆုံး လူမှုမီဒီယာဖြစ်သည့်Telegram တွင် အချိန်နှင့်အမျှ ပျံ့နှံ့နေသည်။
Telegram တွင် မျှဝေနေသည့် နောက်ဆုံးအကြောင်းအရာများတွင် “အရှေ့ဘက်က ဝင်လာပြီ”၊ “ပင်လယ်ထဲက လှမ်းပစ်လိုက်ပြီ။ အကာအကွယ်ယူကြ”အစရှိသည့် တစ်ဦးနှင့်တစ်ဦး သတိပေးသည့်အကြောင်းအရာများ ဖြစ်သည်။
သို့သော် နောက်ထပ်မည်သို့ ဆက်လက်လုပ်ဆောင်ရမည်ဆိုသည့်အချက်နှင့်ပတ်သက်ပြီး အရပ်သားများ၏ တွက်ချက်မှုများသည် မကြာခဏဆိုသလို ကွဲပြားနေပြီး အချို့က အိမ်ထဲမှာသာ နေရန်အချို့က ပိုလုံခြုံ သည့်နေရာများထံသွားရန် အမျိုးမျိုးထင် ကြေးပေးနေကြသည်။
ပါဗလို ချာဗင်စကီး (၄၅ နှစ်)က ၎င်း၏တိုက်ခန ်းပြတင်းပေါက်များအဝေးမှ ပေါက်ကွဲသံများနှင့်အတူ ညဥ့်အချိန်တွင် ပေါက်ကွဲသံများကြားရသောအခါ သူ၏ လေးနှစ်အရွယ်သမီးငယ်ကို ကစားပွဲတစ်ခု ကစားနေ ခြင်းဖြစ်သည်ဟု လိမ်ညာပြောကြားခဲ့သည်။
“ကလေးကို အမှန်အတိုင်း မပြောတာ ပိုကောင်းပါတယ်။ ဒါက ကျွန်တော်တို့ကြားက ဟာသတစ်ခုလို ဖြစ်နေပါပြီ။ သူလည်း အခုဆို ကျင့်သားရနေပြီ။ မကြောက်တော့ဘူးလေ”ဟု ချာဗင်စကီးက ပြောကြားခဲ့သည်။
ကာယကုထုံးပညာရှင် မာရီယာနာ ယာဗိုလီနာသည် တိုက်ခိုက်မှုဖြစ်ပွားသည့်နေ့တွင် ဒါနိုက်ရှာရှိ အိမ်ယာတစ်ခုသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ သူသည် ယင်းညသန်း ခေါင်ကျော်တွင် သူ၏တိုက်ခန်းအသစ်သို့ ပြန်လာခဲ့ချိန်တွင် လေကြောင်းရန်သတိပေးသည့် အချက်ပေးသံထွက်ပေါ်လာခဲ့သည်။
သူသည် ဆိုဖာပေါ်တွင် လှဲလျောင်းရင်း မျက်နှာကြက်ကို မော့ကြည့်လိုက်သည်။ သူအနားမယူရသည်မှာ ကြာပြီဖြစ်သည်။ အဝေးတွင် ပေါက်ကွဲသံများ ထွက်ပေါ်နေသည်။
ပေါက်ကွဲသံများကား တစ်ကြိမ်ပြီးတစ်ကြိမ် ထွက်ပေါ်နေသည်။ နောက်ဆုံးရ သတင်းများကို သိရှိရန် သူ့Telegram ကို ဖွင့်ပြီး ရှာဖွေနေသည်။
“ဒါကို သိပ်ပြီး မစိုးရိမ်ဖို့ ကြိုးစားနေပါတယ်”ဟု ယာဗိုလီနာက ပြောကြားခဲ့သည်။
“ဒါက အရမ်းစိတ်ပျက်စရာကောင်းပါတယ်။ သင်ကိုယ်တိုင် အသက်ရှင်ချင်တယ် ဆိုရင်တော့ တစ်ချိန်လုံး ကြောက်နေလို့မရပါဘူး”ဟု ၎င်းက ဆိုသည်။
ထိုညက သူ့ကိုယ်သူ အားပေးပြီး အိပ်ပျော်အောင် အိပ်စက်ခဲ့ရသည်ဟု ဆိုသည်။
နောက်ထပ်ပေါက်ကွဲသံတစ်ခုက တိုက်ခန်းတစ်ခုလုံးကို တုန်လှုပ်သွားစေပြီး သူ့ကို လှုပ်နှိုးလိုက်သည်။ အပြင်ဘက်တွင် မီးခိုးလုံးများက သူ့ဘေးနားရှိ အဆောက်အအုံခေါင် မိုးမှမီးတောက်များ တောက်လောင်နေသဖြင့် မြင်ကွင်းကို ဖုံးလွှမ်းသွားသည်။ ပူလောင်ခြင်း၏ အနံ့သည် လွှမ်းခြုံသွားသည်။
မကြာမီမှာပင် မီးသတ်သမားများနှင့် ရဲများသည် အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာပြီး အပျက်အစီးဗီဒီယိုကို ရိုက်ကူးခြင်းမပြုရန် တားမြစ်ခဲ့သည်။
သို့သော် ယာဗိုလီနာသည် ယင်းဖြစ်စဉ်ကို ရိုက်ကူးပြီး ယင်းဗီဒီယိုဖိုင်ကို စစ်တပ်တွင် အမှုထမ်းနေသည့် သူငယ်ချင်းတစ်ယောက်ဆီ ပို့ပေးခဲ့သည်။
“ပန်းပွင့်တွေပါလား”ဟု စစ်မှုထမ်းနေသည့် သူ့သူငယ်ချင်းက ပြန်လည်တုံ့ပြန်ခဲ့သည်။ (ယူကရိန်းတွင် မီးတောက်များကို ပန်းပွင့်များဟု ဗန်းစကားအဖြစ် သုံးနှုန်းပြောဆိုလေ့ရှိသည်) Ref: AP










