ဗလင်စီယာ-ရီးယဲလ်မက်ဒရစ်ပွဲကို ကိုင်တွယ်ခဲ့သည့် VAR ဒိုင်လူကြီးများအား အငြင်းပွားဖွယ်လုပ်ရပ်များကြောင့် တာဝန်မှရပ်စဲ

ဗလင်စီယာ-ရီးယဲလ်မက်ဒရစ်ပွဲကို ကိုင်တွယ်ခဲ့သည့် VAR ဒိုင်လူကြီးများအား အငြင်းပွားဖွယ်လုပ်ရပ်များကြောင့် တာဝန်မှရပ်စဲ
Photos: Getty Images
Photos: Getty Images
Published 24 May 2023

 

မေလ ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သော ဗလင်စီယာ-ရီးယဲလ်မက်ဒရစ်ပွဲစဉ်အား ကိုင်တွယ်ကြီးကြပ်ခဲ့သည့် VAR ဒိုင်လူကြီးများအား အငြင်းပွားဖွယ်လုပ်ရပ်များကြောင့် တာဝန်မှရပ်စဲခဲ့ကြောင်း သိရသည်။

စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) နှင့် ဒိုင်လူကြီးများနည်းစနစ်ကော်မတီမှ ရီးယဲလ်တောင်ပံတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်အား အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည့်ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးပြီးနောက် အဆိုပါပွဲ၏ VAR အဖွဲ့ခေါင်းဆောင် ဗီလာနျူဗာအပါအ ဝင် ဒိုင်လူကြီးခြောက်ဦးကို တာဝန်မှအပြီးပိုင်ရပ်စဲရန် ဆုံးဖြတ်ခဲ့သည်။ 

VAR ဒိုင်လူကြီးများသည် ကွင်းလယ်ဒိုင်လူကြီးထံ ပုံရိပ်များပေးပို့ရာ၌ ဗင်နီစီယပ်စ်၏တုံ့ပြန်မှုပုံရိပ်များသာ ပါဝင်ခဲ့ပြီး ဗလင်စီယာကစားသမား ဟူဂိုဒူရိုမှ ဗင်နီစီယပ်စ်၏လည်ပင်းကို နောက်မှသိုင်းချုပ်ထားသည့်ပုံရိပ်များအား ပေးပို့ခြင်းမရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ကွင်းလယ်ဒိုင်လူကြီးသည် VAR ဒိုင်များမှ ပေးပို့သည့်ပုံရိပ်များကို ကြည့်ရှုပြီး ဗင်နီစီယပ်စ် အား အနီကတ်ပြ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။  

ဗင်နီစီယပ်စ်က စပိန်နိုင်ငံအတွင်း မြို့အများအပြားတွင် အသက်အန္တရာယ်ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး စပိန်အာဏာပိုင်များက ယင်းကိစ္စများကို ဖြေရှင်းပေးခြင်းမရှိခဲ့ကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။ BBC Sport ၏သတင်းတွင် ယခုရာသီ လာလီဂါပြိုင်ပွဲ၌ လူမျိုးရေးခွဲခြားမှုများနှင့်ပတ်သက်သည့် တိုင်ကြားမှု ကိုးခုရှိခဲ့ပြီး ရှစ်ခုမှာ ဗင်နီစီယပ်စ်ကို လူမျိုးရေးခွဲခြားခဲ့ခြင်းဖြစ်သည်။ 

ဗင်နီစီယပ်စ်အပေါ် လူမျိုးရေးခွဲခြားမှုအတွက် ပြင်းထန်စွာရှုတ်ချကြောင်း ရီးယဲလ်မက်ဒရစ်အသင်းကလည်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent