နာပိုလီအသင်းနည်းပြ စပယ်လက်တီက မိမိ၏အနာဂတ်ကို ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ အသက် ၆၄ နှစ်ရှိပြီဖြစ်သူ စပယ်လက်တီသည် နာပိုလီအသင်းအား ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ၃၃ နှစ်ကြာဝေးကွာနေသည့် စီး ရီးအေချန်ပီယံဆု တစ်ကျော့ပြန် ရယူပေးထားနိုင်သော်လည်း ယခုနွေရာသီတွင် လမ်းခွဲရန် နီးစပ်နေသည်။
ပြီးခဲ့သည့်ရက်ပိုင်းက နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်နှင့် စပယ်လက်တီ၊ အားကစားဒါရိုက်တာ ဂီယန်တိုလီတို့ အချင်းများခဲ့ပြီးနောက် အဆိုပါသတင်းများ ထွက်ပေါ်လာခြင်းဖြစ်ပြီး ၎င်းက အနာဂတ်ကို ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
"အဲဒီကိစ္စကို ဆုံးဖြတ်ထားပြီးပါပြီ။ ခင်ဗျားအနေနဲ့ ကိုယ့်ရဲ့စိတ်ကို နေ့တိုင်းပြောင်းလဲလို့ မရပါဘူး။ အတည်ပြုကြေညာဖို့ပဲ လိုပါတော့တယ်။ ကျွန်တော့်ဘက်က ပြောစရာရှိတာကို ဒီလော်ရန်းတစ် (ဥက္ကဋ္ဌ) ကို ပြောထားပြီးပါပြီ။ ညှိနှိုင်းဆွေးနွေးမှုဆိုတာ မရှိပါဘူး။ ညစာအတူစားပြီးချိန်မှာ ကျွန်တော်တို့အနေနဲ့ လုပ်ရမှာတွေအားလုံးအတွက် ပြင်ဆင်ထားပြီးပါပြီ" ဟု စပယ်လက်တီက ဆိုသည်။
ထို့ပြင် ဥက္ကဋ္ဌဖြစ်သူ ဒီလော်ရန်းတစ်ကလည်း အန်ဆယ်လော့တီ၊ ဘင်နီတက်ဇ်တို့ အပါအဝင် နည်းပြအချို့နှင့် ချိတ်ဆက်နေကြောင်း ထုတ်ဖော်ပြောကြားထားသည်။















