မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်ကောင်းမာန်၏ ထိုင်းလိဂ်-၂ ကလပ် ကာစတမ်အသင်းသည် တန်းတက်ခွင့် လက်ကျန်တစ်နေရာအတွက် Play-off ဗိုလ်လုပွဲ ပထမအကျော့အဖြစ် ပြီးခဲ့သည့် မေ ၂၁ ရက်က အူထိုင်းထာနီအသင်းနှင့် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။
ယင်းပွဲတွင် တိုက်စစ်မှူး အောင်ကောင်းမာန်သည် ကာစတမ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့သော်လည်း ချေပဂိုးနှင့် အနိုင်ဂိုးများပြန်ပေးခဲ့ရကာ ပွဲအပြီးတွင် (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
ထိုင်းလိဂ်-၁ သို့ တန်းတက်ခွင့် လက်ကျန်တစ်နေရာအတွက် Play-off ဗိုလ်လုပွဲ ဖြစ်ခြင်းကြောင့် ပွဲမှာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ရုန်းရင်ဆန်ခတ်မှုများလည်းဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းပွဲတွင် အောင်ကောင်းမာန်သည် ကာစတမ်အသင်း၌ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပြီး ပွဲကစားချိန် ၁၇ မိနစ်တွင် ကစားဖော်တစ်ဦး၏ ခေါင်းတိုင်ချပေးမှုမှတစ်ဆင့် အနီးကပ်ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။
အောင်ကောင်းမာန်သည် ဂိုးသွင်းအပြီးတွင် ပြိုင်ဘက်အသင်း ပရိသတ်များရှေ့သို့သွားရောက်၍ နှုတ်ခမ်းဝတွင် လက်ညှိုးထောင်ကာ တိတ်တိတ်ဆိတ်ဆိတ်နေကြရန်ဆိုသည့် အဓိပ္ပါယ်သက်ရောက်စေမည့်အပြုအမူဖြင့် အောင်ပွဲခံခဲ့သောကြောင့် နှစ်ဖက်ကစားသမားများအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ကွင်းလယ်ဒိုင်လူကြီးသည် အောင်ကောင်းမာန်ကို အဝါကတ်ပြ၍ သတိပေးမှုပြုလုပ်ခဲ့ရကြောင်း သိရသည်။
ထို့နောက် ပွဲကစားချိန် ၆၀ မိနစ်နှင့် ၇၂ မိနစ်တို့တွင် အူထိုင်းထာနီအသင်းက ချေပဂိုးနှင့် အနိုင်ဂိုးများရရှိခဲ့ပြီး ပွဲအပြီးတွင် အောင်ကောင်းမာန်၏ ကာစတမ်အသင်းက(၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ဒုတိယအကျော့ကို လာမည့် မေ ၂၇ ရက်တွင် အူထိုင်းထာနီအသင်း၏ အိမ်ကွင်း၌ သွားရောက်ကစားရမည်ဖြစ်ပြီး နှစ်ကျော့ပေါင်းရလဒ်ဖြင့် အနိုင်ရရှိမည့်အသင်းမှာ လာမည့်ရာသီ ထိုင်းလိဂ်-၁ ပြိုင်ပွဲသို့ တက်ရောက်ကစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
အောင်ကောင်းမာန်သည် အူထိုင်းထာနီအသင်းနှင့်ပွဲတွင် သွင်းယူခဲ့သည့်ဂိုးမှာ ယခုရာသီ ကာစတမ်အသင်းအတွက် ၁၀ ဂိုးမြောက်သွင်းယူသည့်ဂိုးအဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အောင်ကောင်းမာန်သည် ယခုရာသီဝက် အပြောင်းအရွှေ့ကာလတွင် ထိုင်းလိဂ်-၁ ကလပ် ချောင်ဘူရီအသင်းနှင့် တစ်ရာသီခွဲ စာချုပ်ချုပ်ဆိုထားသော်လည်း ကာစတမ်အသင်းသို့ ရာသီဝက်အငှားဖြင့် လာရောက်ကစားနေခြင်းဖြစ်သည်။
အောင်ကောင်းမာန်သည် လာမည့်ရာသီတွင် ချောင်ဘူရီအသင်းသို့ ပြန်လည်သွားရောက်ကစားရမည်ဖြစ်သည်။















