စံချိန်မှတ်တမ်းများဖြင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီးနောက် အင်တာမီလန်အသင်းနည်းပြဖြစ်သူအင်ဇာဂီအား ဥက္ကဋ္ဌကျန်း ချီးကျူးခဲ့

စံချိန်မှတ်တမ်းများဖြင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီးနောက် အင်တာမီလန်အသင်းနည်းပြဖြစ်သူအင်ဇာဂီအား ဥက္ကဋ္ဌကျန်း ချီးကျူးခဲ့
Photo: AFP
Photo: AFP
Published 18 May 2023

စီးရီးအေထိပ်သီးအင်တာမီလန်အသင်းသည် မေလ (၁၇)ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ဒုတိယအကျော့) ပထမနေ့ပွဲစဉ်တွင် မြို့ခံပြိုင်ဘက် အေစီမီလန်အား (၁-၀)ဂိုးဖြင့်အနိုင်ယူကာ နှစ်ကျော့ပေါင်းရလဒ် (၃-၀)ဂိုးဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီးနောက် စံချိန်မှတ်တမ်းကောင်းများစွာပိုင်ဆိုင်နိုင်ခဲ့ကြောင်းသိရသည်။

အင်တာမီလန်အသင်းသည် ချန်ပီယံလိဂ်ဆုဖလားအားနောက်ဆုံးရယူနိုင်ခဲ့သည့် ၂၀၀၉-၁၀ ရာသီနောက်ပိုင်း (၁၃)နှစ်အကြာတွင် ဗိုလ်လုပွဲသို့တစ်ကျော့ပြန်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ခဲ့ပြီး ဂျူဗင်တပ်စ် (၂၀၁၆-၁၇ ရာသီ)  အသင်း၏နောက် နောက်ဆုံး (၆)ရာသီအတွင်း အီတလီကလပ်အသင်းများထဲတွင် ပထမဆုံးဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အင်တာမီလန်အသင်းသည် အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ် (ယခင်ဥရောပဖလား) ဗိုလ်လုပွဲသို့ (၆)ကြိမ်မြောက်တက်ရောက်နိုင်ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ် မန်ယူ (၅ ကြိမ်)ကိုကျော်ဖြတ်ကာ ပြိုင်ပွဲသမိုင်းတစ်လျှောက် ဗိုလ်လုပွဲသို့ (၈) သင်းမြောက်အကြိမ်အများဆုံးတက်ရောက်နိုင်သည့်အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့သည်။

အင်တာမီလန်နှင့် အေစီမီလန်တို့သည် ယခုရာသီတွင် ပြိုင်ပွဲ (၃)ခု၌ (၅)ပွဲအထိထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး (စီးရီးအေ ၂ ပွဲ၊ ချန်ပီယံလိဂ် ၂ ပွဲ၊ အီတလီစူပါဖလား ၁ ပွဲ) ယင်းမှာ နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုသမိုင်းတစ်လျှောက် တစ်ရာသီအတွင်းပွဲအများဆုံးဖြစ်ခဲ့သလို၊ အဆိုပါ ၅ ပွဲတွင် ၄ ပွဲအထိအနိုင်ရခဲ့သည့် အင်တာမီလန်အသင်းမှာလည်း ၁၉၇၃-၇၄ ရာသီနောက်ပိုင်း တစ်ရာသီအတွင်း ဒါဘီပြိုင်ဘက်ကိုပွဲအများအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အင်တာမီလန်အသင်းအနေဖြင့် အေစီမီလန်အား ယခုရာသီအတွင်းပြိုင်ပွဲစုံ (၄)ပွဲဆက်အနိုင်ရရှိမှုတွင် အဆိုပါ (၄)ပွဲစလုံးဂိုးမပေးရအောင်စွမ်းဆောင်နိုင်ခဲ့ပြီး နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်စွမ်းဆောင်နိုင်ခြင်းဖြစ်ခဲ့သည်။

အင်တာမီလန်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ စတီဗင်ကျန်းကလည်း အသင်း၏ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်မှုအပေါ် အလွန်ကျေနပ်လျက်ရှိနေပြီး အသင်းနည်းပြ ဆီမြွန်နီအင်ဇာဂီကို ချီးကျူးပြောဆိုမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

အင်ဇာဂီနှင့်ပတ်သက်ပြီး ကျန်းက''ကျွန်တော့်ရဲ့ ဘောလုံးနယ်ပယ်ဖြတ်သန်းမှုမှာ နည်းပြအများကြီးနဲ့ အလုပ်တွေတွဲလုပ်ခဲ့ဖူးပါတယ်။ သေချာတာက အင်ဇာဂီဟာ အလွန့်အလွန်ထူးခြားကောင်းမွန်သူဖြစ်ပြီး၊ ဘယ်အခြေအနေမှာမဆို အလွန်တည်ငြိမ်စွာနဲ့ ကျော်ဖြတ်နိုင်ခဲ့သူပါ'' ဟု ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ဒုကျော့)ပွဲစဉ်အပြီးတွင် ပြောကြားခဲ့ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

Most Read

Most Recent