မြန်မာနိုင်ငံအနေဖြင့် မိုးဦးနှင့်မိုးနှောင်းကာလများတွင် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းများအနက် အများစုမှာ ၀င်ရောက်တိုက်ခတ်ခြင်းများကို ကြုံတွေ့ရလျက်ရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နောက်တွင် မုန်တိုင်းဒဏ်ကို အများဆုံးခံစားရပြီး မုန်တိုင်းဝင်ရောက်သည့် ဒုတိယနိုင်ငံအဖြစ်လည်း ရပ်တည်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ မုန်တိုင်းဝင်ရောက်မှုများအနက် သေကြေပျက်စီးမှုအများဆုံးနှင့် ထိခိုက်ပျက်စီးမှုအများဆုံးမုန်တိုင်းမှာ ၂၀၀၈ ခုနှစ်က မြစ်ဝကျွန်းပေါ်ဒေသသို့ ၀င်ရောက်တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဖြစ်သည်။
နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံကုန်းမြေသို့ ၂၀၀၈ ခုနှစ် မေ ၂ ရက်တွင် စတင် ၀င်ရောက်လာခဲ့ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ကီလိုမီတာ ၄၀ ခန့်အထိ ၀င်ရောက်ခဲ့ကာ ကြီးမားသော ပျက်စီးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး လူဦးရေ သိန်းနှင့်ချီ သေဆုံးခဲ့သည်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၆၂,၉၈၈,၀၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ) ကျော်ဖြစ်ကာ မြောက်အိန္ဒိယ သမုဒ္ဒရာအတွင်းဖြစ်ပေါ်ခဲ့သော မုန်တိုင်းများအနက် ပျက်စီးဆုံးရှုံးမှု အများဆုံး မုန်တိုင်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
လက်ရှိတွင် မိုခါမုန်တိုင်းမှာလည်း မေ ၁၄ ရက်တွင် ရခိုင်ပြည်နယ်စစ်တွေမြို့သို့ ၀င်ရောက်တိုက်ခတ်မည်ဟု ကမ္ဘာ့မိုးလေ၀သဌာနများနှင့် မြန်မာနိုင်ငံမိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။
မုန်တိုင်းမှာ ကုန်းတွင်းပိုင်းသို့ ၀င်ရောက်လာပါက လေတိုက်နှုန်း မိုင် ၁၀၀ ကျော်အထိရှိလာမည်ဟု ခန့်မှန်းထားသည်။
ယင်းကြောင့် မုန်တိုင်းနှင့် ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်အချက်များကို ဖော်ပြလိုက်ပါသည်။
■ မုန်တိုင်းအန္တရာယ်သတိပေးချက်အဆင့်
မြန်မာနိုင်ငံတွင် မုန်တိုင်းအန္တရာယ်သတိပေးချက်အဆင့်ကို အရောင်ငါးရောင်ဖြင့် ခွဲခြားဖော်ပြလျက်ရှိသည်။ အရောင်များမှာ အ၀ါရောင်၊ လိမ္မော်ရောင်၊ အနီရောင်၊ အညိုရောင်၊ အစိမ်းရောင်တို့ဖြစ်သည်။
အ၀ါရောင်အဆင့် သတ်မှတ်ထားပါက ဘင်္ဂလားပင်လယ်အော်/ကပ္ပလီပင်လယ် ပြင်တို့တွင် မုန်တိုင်းများဖြစ်ပေါ်နေပြီး မုန်တိုင်း၏ အခြေအနေကို သတိထားနားစွင့်ရ မည့် အခြေအနေဖြစ်သည်။
လိမ္မော်ရောင်သတ်မှတ်ထားပါက မုန်တိုင်းမှာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်နေပြီး မုန်တိုင်း၏ ပြောင်းလဲမှုဖြစ်စဉ်ကို အထူး သတိထားစောင့်ကြည့်ရမည့် အခြေအနေ ဖြစ်သည်။
အနီရောင်အဆင့်မှာ မုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ ၁၂ နာရီအတွင်း ရောက်ရှိလာမည်ဖြစ်ပြီး အန္တရာယ်ရှိလာကာ လုံခြုံစိတ်ချရသော နေရာများသို့ပြောင်းရွှေ့ရမည့်အခြေအနေဖြစ်သည်။
အညိုရောင်အဆင့်မှာ အပြင်းဆုံးအဆင့်ဖြစ်ပြီး ယင်းကာလမှာ မုန်တိုင်းအန္တရာယ်ကျရောက်နေကာ လုံခြုံရသည့်နေရာတွင် နေထိုင်ရမည့်အချိန်လည်းဖြစ်သည်။
အစိမ်းရောင်အဆင့်မှာ မုန်တိုင်းပျက်ပြယ်အားပျော့သွားပြီဖြစ်ကာ နေအိမ်များသို့ ပြန်နိုင်သည့်အခြေအနေဖြစ်သည်။
■ မုန်တိုင်းအတွက် ဘယ်လိုကြိုပြင်ဆင်မလဲ
မုန်တိုင်းမကျရောက်မီတွင် မိမိပတ်ဝန်းကျင်၌ ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်၏ ကြံ့ခိုင်မှုကို စစ်ဆေးရမည်။ အိမ်အနီးအနားရှိ ကျိုးလွယ်ပြတ်လွယ်နိုင်သည့် သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းထားရမည်ဖြစ်သည်။
မိသားစုများ အရေးပေါ်နေရာရွှေ့ပြောင်းနိုင်သည့် နေရာများဖြစ်သည့် ကုန်းမြင့်၊ ရေလွတ်နိုင်သည့် နေရာများ၊ အဆောက်အအုံများကို ရှာဖွေထားရမည်ဖြစ်ပြီး မိသားစုဆုံရပ်များကို ကြိုတင်သတ်မှတ်ထားရမည် ဖြစ်သည်။
အရေးပေါ်ပစ္စည်းများဖြစ်သည့် အသက်ကယ်အင်္ကျီ၊ ဘောကွင်း၊ လေလုံပိတ် ပလတ်စတစ်ပုံးအလွတ်များ၊ ဌက်ပျောတုံး၊ သစ်တုံး၊ ကားတာယာကျွတ် အစရှိသည်တို့ကို ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။
မုန်တိုင်းသတိပေးချက်များရရှိလာပါက မိုးလေ၀သသတင်းများကို စဉ်ဆက်မပြတ်နားထောင်နေရမည်ဖြစ်ပြီး အခြားသူများကို မျှဝေရမည်ဖြစ်ကာ ကောလာဟလသတင်းများကို မယုံကြည်ရန် အရေးကြီးသည်။
မိသားစုဝင်များ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့၊ ဆက်သွယ်ရမည့်သူ အစရှိသည်တို့ကို ရေးသားထားပြီး မိသားစုဝင်တိုင်းယူဆောင်ထားရမည်ဖြစ်ကာ မပျောက်ပျက်အောင် ဆောင်ထားရမည်ဖြစ်သည်။
အရေးပေါ်သုံးပစ္စည်းများ၊ ရိက္ခာနှင့် အရေးကြီးစာရွက်စာတမ်းများကို မိမိနှင့်အတူထားရှိရမည်ဖြစ်ပြီး မုန်တိုင်းဒီရေကိုလည်း ဂရုပြုရမည်ဖြစ်သည်။
မုန်တိုင်းညွန်ကြားချက်များရရှိလာပါက ရွေးချယ်ထားသော ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခိုလှုံရမည်ဖြစ်သည်။
■ မုန်တိုင်းတိုက်ခတ်နေချိန်မှာ ရှောင်ရှားရမည့် အပြုအမူများ
မုန်တိုင်းတိုက်ခတ်နေသည့် အချိန်တွင် ရှောင်ရှားရမည့်အခြေအနေများအနက် အချို့မှာ တိရစ္ဆာန်များကို ချည်နှောင်ထားခြင်းမပြုရန်၊ ရေထဲတွင် မလိုအပ်ဘဲရေကူးခြင်း၊ လမ်းလျှောက်ခြင်းများကို မပြုရန်၊ လေမုန်တိုင်းအနည်းငယ် အားလျော့သွားသည့်အချိန်တွင် အိမ်အပြင်ထွက်ခြင်း၊ ကမ်းခြေ၊ မြစ်ကမ်းနား ကမ်းနဖူးများကို သွားရောက်ခြင်းမပြုရန် စသည်တို့ဖြစ်သည်။
■ မုန်တိုင်းတိုက်ခတ်ပြီးချိန်တွင် ရှောင်ရှားရမည့်အချက်များ
မုန်တိုင်းတိုက်ခတ်ပြီးချိန်တွင် ရှောင်ရှားရမည့်အချက်များမှာ သက်ဆိုင်ရာဌာနမှ ထုတ်ပြန်သည့် မိုးလေ၀သသတင်းများကို စဉ်ဆက်မပြတ်နားထောင်နေရမည်ဖြစ်ပြီး အခြားသူများကို မျှဝေရမည်ဖြစ်ကာ ကောလာဟလသတင်းများကို မယုံကြည်ရန် အရေးကြီးသည်။ မလိုအပ်ဘဲ အပြင်ထွက်ခြင်းများကို ရှောင်ကြဉ်ရမည်ဖြစ်ကာ မသန့်ရှင်းသောရေများကို မသုံးစွဲရဘဲ ပြိုကျပျက်စီးနေသည့် အဆောက်အအုံများ၊ သစ်ပင်အောက် တောင်စောင်းများသို့ သွားရောက်ခြင်းမှ ရှောင်ရှားရမည်ဖြစ်သည်။















