တိုင်းပြည် နိုင်ငံတော်ကို တည်ဆောက်ကြမည်လား (Nation-State Buliding) (သို့မဟုတ်) နိုင်ငံတော် တိုင်းပြည်ကို တည်ဆောက်ကြမည်လား (State-Nation Building)

တိုင်းပြည် နိုင်ငံတော်ကို တည်ဆောက်ကြမည်လား (Nation-State Buliding) (သို့မဟုတ်) နိုင်ငံတော် တိုင်းပြည်ကို တည်ဆောက်ကြမည်လား (State-Nation Building)
Published 30 April 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

ဆောင်းပါးခေါင်းစဉ်တွင် ဖော်ပြထားသည့် မေးခွန်းများကို မေးရမည့်အချိန်မှာ လွတ်လပ်ရေး ရရှိနိုင်ရန် နီးကပ်သေချာသည့် အချိန် သို့မဟုတ် လွတ်လပ်ရေး ရရှိပြီးသည်နှင့် တစ်ပြိုင်နက်တည်း ချက်ချင်းလက်ငင်းမေးရမည့် မေးခွန်းများ ဖြစ်ကြပါသည်။ သို့သော်လည်း ယနေ့အချိန် လွတ်လပ်ရေး ရရှိပြီးသည်မှာ နှစ်အချိန်ကာလအားဖြင့် စုစုပေါင်း ၇၅ နှစ်ကျော် ကြာမြင့်သည့်တိုင်အောင် ဖော်ပြပါ မေးခွန်းများကို မေးမြန်းမည့် အရိပ်အယောင်များ မတွေ့မြင်ရသေးပါ။ အဓိပ္ပာယ်မှာ တိုင်းပြည်ကို တည်ဆောက်ရန်နှင့် နိုင်ငံတော်ကို တည်ဆောက်ရန် စိတ်ဝင်စားခြင်းမရှိကြဘဲ အာဏာကိုသာ တည်ဆောက်ရန် စိတ်ဝင်စားကြသဖြင့် တိုင်းပြည်နှင့် နိုင်ငံတော်အရေးကိစ္စများမှာ မှေးမှိန်ပျောက်ကွယ်စေလျက်ရှိသည့် အခြေအနေဖြစ်ပါသည်။

ယနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အဖြစ် ဖွဲ့စည်းတည်ဆောက်ထားလျက်ရှိသည့် အခြေအနေကို စာရေးသူ၏ လေ့ လာတွေ့မြင်ချက်များအရ ရှင်းလင်းတင်ပြရပါလျှင် တိုင်းပြည် နိုင်ငံတော်ကို တည်ဆောက်ခြင်း (NATION-STATE BULIDING) လည်း မဟုတ်၊ နိုင်ငံတော် တိုင်းပြည်ကို တည်ဆောက်ခြင်း (STATE-NATION BULIDING) လည်း မဟုတ်၊ ဖွဲ့စည်း တည်ဆောက်ထားရှိသည့် ဒီဇိုင်း မိုဒယ်ပုံစံသည်လည်း တစ်တိုင်း ပြည်လုံး၊ တစ်နိုင်ငံလုံးအတွက် စနစ်တကျ ရေးဆွဲပြဋ္ဌာန်းထားရှိသည့် သဘောတရားကို မတွေ့မြင်ရဘဲ စပ်ကြား ကြုံသလိုဖွဲ့စည်းထားရှိသည့် အခြေအနေဖြစ်ပါသည်။

ထိုနည်းတူစွာ နိုင်ငံတော်၏ အာဏာခွဲဝေပုံနှင့် နိုင်ငံတော်အုပ်ချုပ်ပုံကို ဒီဇိုင်းမိုဒယ်ပုံစံဖော်ဆောင်ရာတွင်လည်း ပြတ်သားတိကျသည့် ဒီဇိုင်းမိုဒယ်ပုံစံကို ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ဆောင်ရွက် ခြင်းမပြုဘဲ တစ်ပြည်ထောင်စနစ် (Unitary System) လည်းမဟုတ်၊ ပြည်ထောင်စုစနစ် (Federal System) လည်းမဟုတ်၊ စပ်ကြား ကြုံသလို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်သည့်အခြေအနေဖြစ်ပါသည်။

စာရေးသူသည် နိုင်ငံတော်၏ အာဏာခွဲဝေပုံနှင့် နိုင်ငံတော်အုပ်ချုပ်ပုံကို ဒီဇိုင်းမိုဒယ်ပုံစံ ဖော်ဆောင်ထားရှိသည့် အခြေအနေနှင့်ပတ်သက်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် ထုတ်ဝေသည့် Weekly ELEVEN News, No.30, Vol.16 တွင် “တစ်ပြည်ထောင်စနစ် (Unitary System) လိုလို၊ ပြည်ထောင်စုစနစ် (Federal System) လိုလို” ဆောင်းပါးခေါင်းစဉ်ဖြင့် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။ စာဖတ်သူများအနေဖြင့် ယခုရေးသားတင်ပြမည့် ဆောင်းပါးအား အထက်ဖော်ပြပါ ရေးသားတင်ပြထားရှိပြီးဖြစ်သည့် ဆောင်းပါးနှင့် တွဲဖက်လေ့လာရန် အကြံပြုတင်ပြအပ်ပါသည်။

ယခုဆောင်းပါးတွင် တင်ပြမည့် အကြောင်းအရာများ၊ အဓိပ္ပာယ် ဖွင့်ဆိုချက်များသည် ကမ္ဘာပေါ်တွင်ရှိ ပညာရှင်ကြီးများက ဖွင့်ဆိုထားရှိသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ သဘောတရားများအပေါ်တွင် အခြေခံထားရှိပါသော်လည်း အဆိုပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို တိုက်ရိုက်အသုံးပြုခြင်း၊ ဖော်ပြခြင်းမပြုဘဲ စာရေးသူ၏ သိမြင်နားလည် မှုအပေါ်တွင် အခြေခံကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ရေရှည်အကျိုးစီးပွားကို ရှေးရှုလျက် ကိုယ်ပိုင်ဖန်တီးပြုလုပ်ထားရှိသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကိုသာ ဖော်ပြရှင်းလင်းတင်ပြပါမည်။

တိုင်းပြည် နိုင်ငံတစ်နိုင်ငံအနေနှင့် ကမ္ဘာ့တိုင်းပြည်များ၊ နိုင်ငံများအလယ်တွင် ဂုဏ်သိက္ခာရှိစွာ ဝင့်ဝင့်ကြွားကြွား ထည်ဝါစွာ ရပ်တည်နိုင်စေရန်မှာ လွယ်ကူရှင်းလင်းသည့် အခြေအနေမဟုတ်ပါ။ အဆိုပါတိုင်းပြည်နိုင်ငံတွင် တည်ရှိ ဖြစ်ပေါ်စေလျက်ရှိသည့် သို့မဟုတ် တွေ့ကြုံရင်ဆိုင်လျက်ရှိသည့် စိန်ခေါ်မှုများကို စိန်ခေါ်မှုအမျိုးအစား မရွေး၊ အချိန်မရွေး၊ နေရာဒေသ မရွေး၊ အဆိုပါတိုင်းပြည်နိုင်ငံ၏ အချုပ်အခြာအာဏာကို ရယူထားကြသူများနှင့် ပြည်သူပြည်သားများက အမြဲတစေ ကျော်လွှားပြီး အောင်မြင်ပြီးမြောက်စေရန် ဖြေရှင်းဆောင်ရွက်နိုင်စွမ်း ရှိရမည် ဖြစ်ပါသည်။

အကယ်၍ တည်ရှိဖြစ်ပေါ်စေလျက်ရှိသည့် သို့မဟုတ် တွေ့ကြုံရင် ဆိုင်ရလျက်ရှိသည့် စိန်ခေါ်မှုများကို ကျော်လွှားပြီး အောင်မြင်ပြီး မြောက်စေရန် ဖြေရှင်းဆောင်ရွက် နိုင်ခြင်း မရှိပါက အဆိုပါတိုင်းပြည် နိုင်ငံကြီးသည် ဆိုးရွားသံသရာတွင်း မှ ရုန်းမထွက်နိုင်ဘဲ စဉ်ဆက်မပြတ် လည်ပတ်နေစေပြီးလျှင် တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားလူအများနှင့် နိုင်ငံသားအပေါင်းတို့မှာလည်း ဆင်းရဲ ဒုက္ခသံသရာ ဝဲဂယက်အတွင်းသို့ ကျဆင်းလျက် အချို့မှာ အသက်ကို ဖက်နှင့် ထုပ်ထားရသကဲ့သို့ အလွယ်တကူ သေကျေပျက်စီးစေနိုင် သည့် ပတ်ဝန်းကျင်တွင် ရှင်သန်ရပ် တည်နေထိုင်ကြရသည့် အခြေအနေသို့ ရောက်ရှိနေပါမည်။

ဤတွင် စာရေးသူတို့၏ တိုင်းပြည်နိုင်ငံအနေဖြင့် လွတ်လပ်ရေးမရရှိမီ ဖြစ်ပေါ်စေခဲ့သည့် အကြောင်းတရားများကြောင့် လွတ်လပ်ရေး ရရှိပြီးချိန်နောက်ပိုင်း အကျိုးတရားများအဖြစ် တည်ရှိဖြစ်ပေါ်စေလျက်ရှိသည့် သို့မဟုတ် တွေ့ကြုံရင်ဆိုင်ရလျက်ရှိသည့် စိန်ခေါ်မှုများအနက်မှ စိန်ခေါ်မှု အချို့ကို စာရေးသူ၏ အသိအမြင် သက်သက်ဖြင့် ဆွေးနွေးတင်ပြပါမည်။ အချို့သော အကြောင်းအရာများမှာ စာဖတ်သူများအနေနှင့်သိရှိ နားလည်ပြီးဖြစ်မည်ဟု ထင်မြင်ပါသည်။

စာရေးသူ သိမြင် နားလည်သည့် စိန်ခေါ်မှုများကို လွတ်လပ်ရေး ကြေညာစာတမ်းများအပေါ်တွင် အခြေခံကာ လေ့လာဆန်းစစ်ပါမည်။ စာရေးသူ၏ တင်ပြချက်ကို အပြည့်အဝ နားလည်သဘောပေါက်စေရန် အလို့ငှာ စာဖတ်သူများအနေဖြင့် နိပွန် (ဂျပန်) တို့က ပေးအပ်ခဲ့သည့် လွတ်လပ်ရေးဖြစ်သည့် “ဗမာ့လွတ်လပ်ရေး ကြေညာ စာတန်း”နှင့် ဗြိတိသျှ အင်္ဂလိပ်တို့က ပေးအပ်ခဲ့သည့် လွတ်လပ်ရေးဖြစ်သည့် “လွတ်လပ်ရေး ကြေညာစာတမ်း” မူရင်းများကို ကြိုတင်ဖတ်ရှုလေ့လာကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။ မူရင်းအပြည့်အစုံကို ဆောင်းပါးအဆင့်နှင့် တိုက်ရိုက်တင်ပြရန် မဖြစ်နိုင်ပါ။

အကျဉ်းအားဖြင့် တင်ပြရပါလျှင် ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက် နေ့တွင် နိပွန် (ဂျပန်) တို့က မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးအပ်ခဲ့ပြီး “ဗမာ့လွတ်လပ်ရေး ကြေညာစာတန်း” ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဖော်ပြပါ ကြေညာစာတန်း အရ မြန်မာနိုင်ငံကို “အာဏာရှင် စနစ်”နှင့် “စစ်အုပ်ချုပ်ရေးစနစ်” များ ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်ပါသည်။

နိပွန် (ဂျပန်) တို့သည် “အာဏာရှင်စနစ်” နှင့် “စစ်အုပ်ချုပ်ရေးစနစ်” ကို စဉ်ဆက်မပြတ် ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက် နိုင်စေရေးအလို့ငှာ “အာဏာရှင်ကြီးများနှင့် ၎င်း၏နောက်လိုက်များ”၊ “စစ်ခေါင်းဆောင်ကြီးများနှင့် ၎င်း၏ နောက်လိုက်များ” အား စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်စေရန်အတွက် စစ်သင်တန်းကျောင်းများနှင့် စစ်နှင့်ပတ်သက်သည့် အင်စတီကျူးရှင်းများကို ပင်မရေစီးကြောင်း (Mainstream)အတွင်းသို့ သွတ်သွင်းစေပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါသည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ဗြိတိသျှအင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးအပ်ခဲ့ပြီး “လွတ်လပ်ရေး ကြေညာစာတမ်း”ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဖော်ပြပါ ကြေညာစာတမ်းအရ မြန်မာနိုင်ငံကို ပြည်သူအပေါင်းတို့၏သဘောဆန္ဒအရ ရွေးကောက်တင်မြှောက်သည့် စနစ်ကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပါသည်။

ဗြိတိသျှအင်္ဂလိပ်တို့ ပေးအပ်ခဲ့သည့် လွတ်လပ်ရေးအတွက်ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားကြီးများ၊ တိုင်းပြုပြည်ပြု လူပုဂ္ဂိုလ်ကြီးများနှင့် ၎င်းတို့၏ နောက်လိုက်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေးနှင့် ခိုင်မာအားကောင်းသည့် နိုင်ငံရေးအင်စတီကျူးရှင်းကြီးများ ဖြစ်ထွန်းပေါ်ပေါက်စေပြီး အစဉ်အမြဲ ရပ်တည်နေစေရန်အတွက် ယနေ့ မြန်မာနိုင်ငံတွင် တည်ရှိနေသည့် ပညာရေးစနစ်က ဖြည့်ဆည်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်းမရှိခဲ့ပါ။ တစ်နည်းအားဖြင့် မွေးထုတ်ပေးနိုင်စွမ်းမရှိခဲ့ပါ။

ယနေ့အချိန်ကာလတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အဖြစ် တရားဝင်လက်ခံထားရှိသည်မှာ ဗြိတိသျှအင်္ဂလိပ်တို့က ပေးအပ်သည့် လွတ်လပ်ရေးဖြစ်ပြီး နိပွန် (ဂျပန်) တို့က ပေးအပ်ထားသော လွတ်လပ်ရေးကို တရားဝင် အသိအမှတ်ပြု လက်ခံထားခြင်းမရှိပါ။ သို့သော်လည်း လွတ်လပ်ရေးရရှိပြီးချိန်မှ စတင်ပြီး ယနေ့အချိန်ကာလအထိ မြန်မာနိုင်ငံတွင် ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အခြေအနေမှာ နိပွန် (ဂျပန်) တို့က ပေးအပ်ထားသော လွတ်လပ်ရေးအရသာ နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။

စာဖတ်သူများအတွက် ရှင်းလင်းစေရန် တင်ပြရပါလျှင် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း နှစ်ပေါင်း ၇၅ နှစ်ခန့် ကာလအတွင်း ကျင့်သုံးအကောင်အထည်ဖော်ခဲ့ကြသည့် နိုင်ငံရေးစနစ်များကို လေ့လာကြည့်ပါက ပြည်သူပြည်သား၊ နိုင်ငံသားအပေါင်းတို့၏ သဘော ဆန္ဒအရ ရွေးကောက်တင်မြှောက်ခြင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်ကာလမှာ ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ ၁၀ နှစ်တာကာလ၊ ၁၉၆၀ ခုနှစ်မှ ၁၉၆၂ ခုနှစ် အထိ နှစ်နှစ်တာကာလ နှင့် ၂၀၁၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ၁၀ နှစ်တာကာလ စုစုပေါင်း ၂၂ နှစ်သာ ရှိပါသည်။ ကျန်နှစ်ပေါင်း ၅၀ ကျော်ကာလများမှာ စစ်အုပ်ချုပ် ရေးကာလများသာ ဖြစ်ခဲ့ပါသည်။ တစ်နည်းအားဖြင့် စုစုပေါင်း ၇၅ နှစ် ခန့်အနက် နှစ်ပေါင်း ၅၃ နှစ်ခန့်မှာ နိပွန် (ဂျပန်) တို့က သင်ကြားပေးအပ်ခဲ့သည့် သဘောတရားများအရသာ ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ ယနေ့အချိန် စာရေးသူတို့၏ တိုင်းပြည်၊ စာရေးသူတို့၏ နိုင်ငံတွင် တွေ့ကြုံရင်ဆိုင်နေလျက်ရှိသည့် စိန်ခေါ်မှုများသည် လွတ်လပ်ရေး မရရှိမီကတည်းကပင် သန္ဓေတည်စေလျက်ရှိသည့် အကြောင်းတရား အချို့မှ ပေါက်ပွားလာစေသည့် အကျိုးတရားများဖြစ်ပြီး အဆိုပါစိန်ခေါ်မှုများကို ယနေ့အချိန်အထိ ကျော်လွှားပြီး အောင်မြင်ပြီးမြောက်စေရန် ဖြေရှင်းဆောင်ရွက်နိုင်ခြင်း မရှိသည့် အခြေအနေကို တွေ့ရှိသိမြင်နိုင်ကြစေရန်နှင့် ယနေ့အချိန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အဖြစ် ဖွဲ့စည်းတည်ဆောက်ထားလျက်ရှိသည့် အခြေအနေမှာ တိုင်းပြည် နိုင်ငံတော်ကို တည်ဆောက်ခြင်း (NATION-STATE BULIDING) လည်းမဟုတ်၊ နိုင်ငံတော်တိုင်းပြည်ကို တည်ဆောက်ခြင်း (STATE-NATION BULIDING) လည်း မဟုတ်သည်ကို သိရှိနားလည်ပြီးလျှင် တစ်တိုင်းပြည်လုံး၊ တစ်နိုင်ငံလုံးအတွက် စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားရှိသည့် ဒီဇိုင်း မိုဒယ်ပုံစံကို ရှာဖွေလေ့လာ စဉ်းစားတွေးခေါ်ရေးဆွဲပြဋ္ဌာန်းထားရှိနိုင်ရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ တိုင်းပြည် တည်ဆောက်ခြင်း (NATION BULIDING)၊ နိုင်ငံတော်တည်ဆောက်ခြင်း (STATE BULIDING) နှင့် ကမ္ဘာ့နိုင်ငံများအကြား တိုင်းပြည် နိုင်ငံတော်တည်ဆောက်ခြင်း (COUNTRY BULIDING) တို့နှင့် ပတ်သက်သည့် အခြေခံအဓိပ္ပာယ်ဖွင့်ဆိုချက်များကို ရှင်းလင်းတင်ပြပါမည်။

တိုင်းပြည် တည်ဆောက်ခြင်း (NATION BULIDING) နှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တင်ပြရပါလျှင် “Nation building is the construction of a national identity by harmonizing with existing traditional culture and by formulating to engage with international community.” ဖော်ပြထားချက်အရ “တိုင်းပြည် တည်ဆောက်ခြင်းဆိုသည်မှာ အမျိုးသားသင်္ကေတအမှတ်အသား လက္ခဏာရပ်များကို တည်ဆောက်ခြင်းပင် ဖြစ်ပါသည်။ အဓိကအားဖြင့် တည်ရှိနေသည့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများအား အတူတကွ ညီညွတ်မျှတနေစေရန် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် သော်လည်းကောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်း စိတ်ဝင်စားမှု မြင့်မားလာစေရေးအတွက် ထိုးဖောက်ဝင်ရောက်နိုင်စေရန် ဖန်တီးတည်ဆောက်ခြင်းအားဖြင့်သော်လည်းကောင်း အမြဲတစ်စေ ကြိုးပမ်းအားထုတ်နေခြင်းပင် ဖြစ်ပါသည်။”

နိုင်ငံတော်တည်ဆောက်ခြင်း (STATE BULIDING) နှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို “State-building is the strengthening of existing government (public) and non-government (including private) institutions and the establishing of legitimate and strong new institutions.”

ဖော်ပြထားချက်အရ  “နိုင်ငံတော် တည်ဆောက်ခြင်းဆိုသည်မှာ တည်ရှိနေသည့် အစိုးရ (ပြည်သူလူထု) နှင့် အစိုးရမဟုတ်သည့် (ပုဂ္ဂလိက ကဏ္ဍအပါအဝင်) ဖွဲ့စည်းတည်ဆောက်ပုံစနစ်

ယန္တရားများ (အင်စတီကျူးရှင်းများ) အား ခိုင်မာတောင့်တင်းအား ကောင်းလာစေရန် ဆောင်ရွက်ခြင်းနှင့် ခိုင်မာအားကောင်းသန်မာသည့် အသစ်အသစ်သော ဖွဲ့စည်းတည်ဆောက်ပုံစနစ်ယန္တရားများ (အင်စတီကျူးရှင်းများ) အား တရားဝင် တရားနည်းလမ်းကျစွာ ဖြစ်ထွန်းပေါ်ထွက်လာစေရေးတို့ ဖြစ်ပါသည်။”

ကမ္ဘာ့နိုင်ငံများအကြား တိုင် ပြည်၊ နိုင်ငံတော်တည်ဆောက်ခြင်း (COUNTRY BULIDING) နှင့် ပတ်သက် သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တင် ပြရပါလျှင် - “People and institut-ions who has visionary and loyalty for people in a country are constructing to collaborate, coordinate and cooperate with international agencies and organizations for their national interests is called country building.” ဖော်ပြထားချက်အရ “တိုင်းပြည်၊ နိုင်ငံတော်အတွင်း နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သား၊ နိုင်ငံသားများအပေါ်တွင် အမြဲတစေ သစ္စာရှိပြီး အနာဂတ်အတွက် မျှော်မှန်းချက်များရှိကြသည့် လူပုဂ္ဂိုလ်ကြီးများ နှင့် ဖွဲ့စည်းတည်ဆောက်ပုံစနစ်ယန္တရားများ (အင်စတီကျူးရှင်းများ) က တိုင်းပြည်၊ နိုင်ငံနှင့် ပြည်သူ ပြည်သား၊ နိုင်ငံသားများ၏ အမျိုးသားအကျိုးစီးပွားအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အေဂျင်စီများနှင့်အတူတကွ ဆွေးနွေးတိုင်ပင် ညှိနှိုင်းခြင်း၊ လိုအပ်ချက်များနှင့် ဆောင်ရွက်ပေးနိုင်စွမ်းတို့ကို ညှိနှိုင်းဆွေးနွေးခြင်းနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းများပြုလုပ်နိုင်ရန် စနစ်များ ထူထောင်တည်ဆောက်ခြင်းကို ကမ္ဘာ့နိုင်ငံများအကြား တိုင်းပြည်၊ နိုင်ငံတော်တည်ဆောက်ခြင်းဟု ခေါ်ဆိုပါသည်။”

ဒုတိယအနေနှင့် တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်ခြင်း (NATION-STATE BULIDING) နှင့် နိုင်ငံတော် တိုင်းပြည်ကို တည်ဆောက်ခြင်း (STATE-NATION BULIDING) သဘောတရားများကို စာရေးသူ၏ အမြင်သက်သက်ဖြင့် ရှင်းလင်းတင်ပြပါမည်။ ဖော်ပြပါသဘော တရားနှစ်ရပ်ကို ရှင်းလင်းတင်ပြခြင်းမပြုမီ တိုင်းပြည် နိုင်ငံတော် (NATION-STATE) နှင့် နိုင်ငံတော်တိုင်း ပြည် (STATE-NATION) တို့နှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို (Reference: 1) တွင် တင်ပြထားသည်များအား အခြေခံကာ ရှင်းလင်းတင်ပြပါမည်။

တိုင်းပြည် နိုင်ငံတော် (NATION -STATE) နှင့်ပတ်သက်သည့် အဓိ ပ္ပာယ်ဖွင့်ဆိုချက်အချို့ကို တင်ပြရပါလျှင် “A Nation-State is a state in which a great majority shares the same culture and is conscious of it” (Reference: 1), ဖော်ပြထားချက်အရ “တိုင်းပြည်နိုင်ငံ တစ်နိုင်ငံဆိုသည်မှာ ယဉ်ကျေးမှု ဓလေ့ထုံးစံ တူညီပြီး အရေအတွက်နှင့် အရည်အသွေးအရ ကြီးမားကျယ်ပြန့်သော လူအများစုက စုပေါင်းပါဝင်လျက်ရှိသည့်အပြင် ၎င်းတို့သည် သတိရှိ နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံ တစ်နိုင်ငံအဖြစ် ထူထောင်ထားရှိခြင်းကို ခေါ်ဆိုပါသည်။”

ကမ္ဘာပေါ်တွင် တိုင်းပြည် နိုင်ငံတော်အဖြစ် တည်ဆောက်ခဲ့ကြသည့် (NATION-STATE BULIDING) နိုင်ငံများအား ဥပမာအနေနှင့် တင်ပြရပါလျှင် ပြင်သစ်၊ ဂျာမနီ၊ ဂျပန် စသည်တို့ ဖြစ်ကြပါသည်။ (Reference: 1).

နိုင်ငံတော် တိုင်းပြည် (STATE-NATION) နှင့်ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်အချို့ကို တင် ပြရပါလျှင် ]]နိုင်ငံတော် တိုင်းပြည် (STATE-NATION) ဆိုသည်မှာ ပထဝီ ဝင်ဆိုင်ရာ အချက်အလက်များ အရသော်လည်းကောင်း၊ သမိုင်း ကြောင်းအခြေ အနေများအရသော် လည်းကောင်း စသည်ဖြင့် ထူးခြား သည့် သွင်ပြင်လက္ခဏာရပ်များအရ မြေ၊ နယ်နိမိတ် ပိုင်းခြားသတ်မှတ် ကာ နိုင်ငံတော် (STATE) သို့မဟုတ် ပြည်နယ် (STATE) အဖြစ် အမည်ဖော်ထုတ်ပြီးလျှင် အဆိုပါကဲ့သို့သော နိုင်ငံတော်များ (ပြည်နယ်များ) သည် စုစည်းကာ အတူတကွ ပူးပေါင်း ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်ပြီး တိုင်းပြည်တစ်ပြည်အဖြစ် ထူထောင်ထားရှိခြင်းကို ခေါ်ဆိုပါသည်။

ကမ္ဘာပေါ်တွင် နိုင်ငံတော် တိုင်းပြည်အဖြစ် တည်ဆောက်ခဲ့ကြသည့် (STATE-NATION BULIDING) နိုင်ငံများအား ဥပမာအနေနှင့် တင်ပြရပါလျှင် နီပေါ၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စုစသည်တို့ ဖြစ်ကြပါသည်။ (Reference: 1).

တတိယအနေဖြင့် စာရေးသူတို့၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအား တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်ခြင်း (NATION-STATE BULIDING) နှင့် နိုင်ငံတော် တိုင်းပြည်ကို တည်ဆောက်ခြင်း (STATE-NATION BULIDING) သဘောတရားများအရ လေ့လာဆန်းစစ်ပါမည်။ စာဖတ်သူများအတွက် အလွယ်တကူ သိမြင်နိုင်စေရန် အလို့ငှာ ပုံတွင် ဖော်ပြထားပါသည်။

ယနေ့အချိန် အတည်ပြု ပြဋ္ဌာန်းထားရှိသည့် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)” တွင် ပါဝင်သည့် အချက်အလက်များကို အခြေခံကာ လေ့လာဆန်းစစ်ပါမည်။ စာဖတ်သူတို့ သတိပြုတွေ့မြင်နိုင်စေရန် “အခန်း (၂) နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ”တွင် ပါဝင်သည့် ပုဒ်မ (၄၉)၊ နှင့် ပုဒ်မ (၅၆) အရ တင်ပြရပါလျှင် “နိုင်ငံတော်ကို တိုင်းဒေသကြီး ခုနစ်ခု၊ ပြည်နယ် ခုနစ်ပြည်နယ်နှင့် ပြည်ထောင်စု နယ်မြေများဖြင့် ပိုင်းခြားသတ်မှတ် ထားရှိသည့်အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတစ်တိုင်းနှင့် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခု သတ်မှတ်ထားရှိပါသည်။

ဤတွင် (STATE) ဆိုသည့် အင်္ဂလိပ်စကားလုံး၊ စကားရပ်နှင့် (The Union) ဆိုသည့် အင်္ဂလိပ်စကားလုံး၊ စကားရပ်တို့အား မြန်မာဘာသာသို့ ပြန်ဆိုရာတွင် ကွဲပြားခြားလျက်ရှိသည့်အခြေအနေကို ရှင်းလင်းတင်ပြပါမည်။  “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)” တွင် (STATE) ကို “ပြည်နယ်” အဖြစ် ဘာသာပြန်ဆိုထားရှိပြီး (The Union) ကို “နိုင်ငံတော်” အဖြစ် ဘာသာပြန်ဆိုထားရှိပါသည်။ သို့သော်လည်း (State Structure) ဆိုသည့် အင်္ဂလိပ်စကားလုံး၊ စကားရပ်ကိုမူ “နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ” ဟု မြန်မာဘာသာသို့ ပြန်ဆိုထားရှိသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။

ထို့ကြောင့် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)” တွင် (STATE) ကို “ပြည်နယ်” အဖြစ်သော်လည်းကောင်း၊ “နိုင်ငံတော်” အဖြစ်သော်လည်းကောင်း ဘာသာပြန်ဆိုထားရှိသည်ကို တွေ့မြင်နိုင်ပါသည်။ သို့သော်လည်း စာရေးသူအထက်တွင် ရှင်းလင်းတင်ပြခဲ့သည့် အကြောင်းအရာများတွင် (STATE) ကို “နိုင်ငံတော်” အဖြစ် တစ်သမတ်တည်း အလေးထားဘာသာပြန်ဖော်ပြခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။

အထက်ဖော်ပြပါ လေ့လာတွေ့ရှိချက်များအရ စာရေးသူ၏ အမြင်သက်သက်ဖြင့် ဆန်းစစ်တင်ပြရပါလျှင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်ခြင်း (NATION-STATE BULIDING) လည်းမဟုတ်သကဲ့သို့ နိုင်ငံတော် တိုင်းပြည်ကို တည်ဆောက်ခြင်း (STATE-NATION BULIDING) လည်း မဟုတ်သည့် အခြေအနေဖြစ်နေပါသည်။

ထပ်မံရှင်းလင်းတင်ပြရပါလျှင် တိုင်းဒေသကြီး ခုနစ်ခုအဖြစ် ပိုင်းခြားသတ်မှတ်ထားခြင်းသည် တိုင်းပြည် နိုင်ငံတော်ကို တည်ဆောက်ခြင်း (NATION-STATE BULIDING) သဘောတရားဖြစ်ပြီး ပြည်နယ် ခုနစ်ပြည်နယ်အဖြစ် ပိုင်းခြား သတ်မှတ်ထားခြင်းသည် နိုင်ငံတော်တိုင်းပြည်ကို တည်ဆောက်ခြင်း (STATE-NATION BULIDING) သဘောတရား ဖြစ်နေပါသည်။

တိုက်ရိုက်အကျိုးဆက်အဖြစ် နိုင်ငံတော်၏ အာဏာခွဲဝေပုံနှင့် နိုင်ငံတော်အုပ်ချုပ်ပုံကို ကျင့်သုံးရာတွင် တိုင်းဒေသကြီး ခုနစ်ခု၏ ဖွဲ့စည်း တည်ဆောက်ပုံအရ တစ်ပြည်ထောင်စနစ် (Unitary System) ကို ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်နယ် ခုနစ်ပြည်နယ်၏ ဖွဲ့စည်းတည် ဆောက်ပုံအရ ပြည်ထောင်စုစနစ် (Federal System) ကို ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အခြေအနေဖြစ်ပါသည်။ အခြားသော အကျိုးဆက်ပေါင်းများစွာ ရှင်းလင်းတင်ပြရန် ရှိပါသော်လည်း ယခုကဲ့သို့ ဆောင်းပါးအဆင့်နှင့် ပြည့်စုံအောင်တင်ပြရန် မဖြစ်နိုင်သည်ကို စာဖတ်သူများအနေနှင့် နားလည်မည်ဟု ထင်မြင်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ယနေ့အချိန် စာရေးသူတို့၏ တိုင်းပြည်၊ စာရေးသူတို့၏နိုင်ငံတွင် တွေ့ကြုံ ရင်ဆိုင်နေလျက်ရှိသည့် စိန်ခေါ်မှုများသည် လွတ်လပ်ရေး မရရှိမီကတည်းကပင် သန္ဓေတည်စေလျက်ရှိသည့် အကြောင်းတရားအချို့မှ ပေါက်ပွားလာစေသည့် အကျိုးတရားများဖြစ်ပြီး အဆိုပါ စိန်ခေါ်မှုများကို ယနေ့ အချိန်အထိ ကျော်လွှားပြီး အောင်မြင် ပြီးမြောက်စေရန် ဖြေရှင်းဆောင်ရွက်နိုင်ခြင်း မရှိသည့် အခြေအနေကို တွေ့ရှိသိမြင်နိုင်ကြပါစေကြောင်းနှင့် ယနေ့အချိန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အဖြစ် ဖွဲ့စည်းတည်ဆောက်ထားလျက်ရှိသည့် အခြေအနေမှာ တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်ခြင်း (NATION-STATE BULIDING) လည်းမဟုတ်၊ နိုင်ငံတော်တိုင်းပြည်ကို တည်ဆောက်ခြင်း (STATE-NATION BULIDING) လည်း မဟုတ်သည်ကို သိရှိနားလည်ပြီးလျှင် တစ်တိုင်းပြည်လုံး၊ တစ်နိုင်ငံလုံးအတွက် စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားရှိသည့် ဒီဇိုင်းမိုဒယ်ပုံစံကို ရှာဖွေလေ့လာစဉ်းစားတွေးခေါ် ရေးဆွဲ ပြဋ္ဌာန်းနိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Reference:

1. Ishwor Thapa (2020), “Nation-State and State-Nation Theory of Nation Building”, ResearchGate, September, 2020.

Most Read

Most Recent