''ချို့ယွင်းချက် လုံးဝမရှိသော ထုတ်လုပ်မှု သို့မဟုတ်  ဇီးရိုး- ဒီးဖက် မန်နူဖက်ချားရင်း''

  ''ချို့ယွင်းချက် လုံးဝမရှိသော ထုတ်လုပ်မှု သို့မဟုတ်  ဇီးရိုး- ဒီးဖက် မန်နူဖက်ချားရင်း''
Published 30 April 2023
စောနိုင် (အသုံးချဘောဂဗေဒ)

(၁)

ဂျပန်နိုင်ငံ၏နာမည်ကြီး ကုမ္ပဏီ တိုယိုတာ (TOYOTA) သည် တိုယိုတစ်ဇစ် (Toyotism) ဟုခေါ်သည့် ထုတ်လုပ်မှုစနစ်ကို တီထွင်အသုံးပြုခဲ့ဖူးသည်။  ပြုန်းတီးမှု၊ ချို့ယွင်းမှု လုံးဝမရှိ (Zero Defect)၊ ကုန်ပစ္စည်းစုပုံနေခြင်း လုံးလုံးမရှိ (Zero Stock)၊ ဈေးကွက်ရောက်ရှိရေး နှောင့်နှေးကြန်ကြာမှု လုံးလုံးမရှိ (Zero Delay) သည့် စနစ်မျိုးဖြစ်သည်။ အချိန်ကိုက်ထုတ်လုပ်မှုစနစ် (Just in time) ဟုလည်း ဆိုကြသည်။ ထိုစနစ်ဖြင့်ပင် တိုယိုတာကုမ္ပဏီသည် အမေရိကန် မော်တော်ကားထုတ်ကုမ္ပဏီ ဖို့ဒ် (Ford) အပေါ် ဈေးကွက်ဝေစု အနိုင်ရယူဖူးသည်။ ယခုလည်း အပြစ်အနာအဆာ၊ ချို့ယွင်းချက် လုံးဝမရှိသည့် ထုတ်လုပ်မှု အခြေအနေ ဇီးရိုး-ဒီးဖက် မန်နူဖက်ချားရင်း (Zero-Defect Manufacturing: ZDM) ဝေါဟာရအကြောင်း ပြောလာနေကြပြန်သည်။

(၂)

ထုတ်လုပ်မှုကဏ္ဍတွင် အနည်းနှင့်အများ လေ့လွင့်ပြုန်းတီးမှုများရှိနိုင်သည်။ မည်မျှပင် အရည်အသွေးထိန်းသိမ်း၊ စစ်ဆေးမှုများရှိနေစေကာမူ ချို့ယွင်းချက်၊ အားနည်းမှုများလည်းရှိနိုင်သည်ဟု လက်ခံခဲ့ကြသည်။ ထို့ကြောင့်လည်း ထုတ်ကုန်များ၊ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲကြသူများ (စားသုံးသူများ) သည် ၎င်းတို့ ဝယ်ယူသည့် ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍  အနည်းနှင့်အများဆိုသကဲ့သို့ စိတ်တိုင်းမကျမှုများ ရှိခဲ့ကြ၏။ ကုန်ကျသောငွေကြေးနှင့် ထပ်တူထပ်မျှ စိတ်ကျေနပ်မှုမရ၊ ဝယ်ပြီးသည့်အခါ သို့မဟုတ် အသုံးပြုသည့်အချိန်ရောက်မှ မိမိဝယ်ယူခဲ့သည့် ကုန်ပစ္စည်းများ၏ အမျိုးမျိုးသော ချို့ယွင်းချက်၊ အားနည်းချက်များကိုကြုံတွေ့ရသည်။ စားသုံးသူများအားလုံးနီးပါး ဈေးကွက်ထဲရှိ ထုတ်ကုန်များနှင့်ပတ်သက်၍ စိတ်ကျေနပ်မှုမရှိခဲ့သည့်အခြေအနေကို တစ်ချိန်မဟုတ် တစ်ချိန်ကြုံ တွေ့ခဲ့ဖူးသည်။ ထိုအခြေအနေများသည် ယခုတော့ အတိတ်ကာလတွင်ကျန်ခဲ့ပြီဟု သုတေသီတို့ ယုံကြည်နေကြပြီဖြစ်သည်။ ယခုအချိန်တွင် ထုတ်လုပ်မှုမှန်သမျှကို မှားယွင်းမှု၊ ချို့ယွင်းမှု လုံးဝမရှိသည့် အဆင့်မျိုးဖြင့် လုပ်ကိုင်နိုင်ကြပြီဟု သုံးသပ်နေကြသည်။

(၃)

သတင်းနှင့်ဆက်သွယ်ရေးနည်းပညာ (အိုင်စီတီ) တိုးတက်ထွန်းကားလာသည့် ၁၉၇၀ ပြည့်နှစ်လွန်အချိန်များမှသည် ယနေ့အထိ  စက်မှုကဏ္ဍထုတ်လုပ်မှုအခြေအနေကို အင်ဒပ်စ်ထရီ သရီးပွိုင့် ဇီးရိုး (Industry 3.0) ခေါ် တတိယမြောက် စက်မှုတော်လှန်ရေး (Third Industrial Revolution) ကာလဟု သတ်မှတ်ထားကြသည်။ ကွန်ပျူတာတွက်ချက်မှုနှင့် ဆက်သွယ်ရေးနည်းလမ်းသစ်များ တစ်ရှိန်ထိုးတိုးတက်လာခဲ့ပြီးနောက် စက်မှုထုတ်လုပ်ရေးကဏ္ဍ အခြေအနေသည် လုံးဝသိသာစွာ ပြောင်းလဲတိုးတက်သွားခဲ့၏။ ကွန်ပျူတာအသုံးပြုများကြောင့် လူတို့၏လုပ်အားအသုံးပြုမှုလည်း များစွာလျော့ကျသွားခဲ့သည်။

ယခုထပ်မံညွှန်းဆိုလာသည့် အင်ဒပ်စ်ထရီ ဖိုးပွိုင့်ဇီးရိုး (Industry4.0) သည်  အင်ဒပ်စ်ထရီ သရီးပွိုင့်ဇီးရိုး (industry.3.0) ၏ နောက်ထပ်အဆင့်မြင့်ဖြစ်စဉ်ကို ကိုယ်စားပြုပေလိမ့်မည်။ ဆက်သွယ်ရေး အဆင့်မြင့်နည်းပညာများကို အသုံးချနိုင်သည့် ထုတ်လုပ်မှုအခြေအနေဖြစ်သည်။ ဘစ်ဒေတာ (Big Data ) ဟုခေါ်သော အချက်အလက်ပေါင်းမြောက်မြားစွာကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလျက် အလိုအလျောက် ထုတ်လုပ်မှုဖြစ်စဉ်အဆင့်မြှင့်တင်နိုင်ရေးကို  အာရုံစိုက် နေကြပြီဖြစ်သည်။ ရည်မှန်းချက်မှာ တစ်ကမ္ဘာလုံးရှိစားသုံးသူများအတွက် အရည်အသွေးအဆင့်မြင့် ထုတ်ကုန်များ ပိုမိုလျင်မြန်စွာဖြည့်ဆည်းပေးရန်ဖြစ်သည်။“ကျွန်တော်တို့တတွေဟာ အမှားအယွင်း၊ ချို့ယွင်းချက်၊ ပြုန်းတီးမှု လုံးဝမရှိတဲ့ ထုတ်လုပ်မှုဖြစ်စဉ်ကို ကမ်းလှမ်းနိုင်တဲ့ အနာဂတ်တစ်ခုကို ဦးတည်နေကြပါပြီ”ဟု သုတေသနနှင့် ဖွံ့ဖြိုးမှု ပရောဂျက်များကိုလုပ်ဆောင်နေသော ဥရောပ၏သုတေသနအဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် ဆင်းတက်ဖ် (SINTEF) ၏ ပရောဂျက်မန်နေဂျာ Odd Myklebust က ဆိုသည်။

(၄)

ကုန်ထုတ်လုပ်မှုကဏ္ဍသည်  အင်ဒပ်စ်ထရီ ဖိုးပွိုင့်ဇီးရိုး (Industry4.0) အဆင့်သို့ တဖြည်းဖြည်းပြောင်းလဲလာနေပြီဖြစ်သောကြောင့် တစ်ကမ္ဘာလုံးရှိစားသုံးသူတို့သည်လည်း အောက်ပါအကျိုးရလဒ်များကို မျှော်လင့်နေကြပြီဖြစ်သည်။

          -ထုတ်လုပ်မှုဖြစ်စဉ်တောက်လျှောက်တွင် အဆင့်မြင့်ထိန်းချုပ်မှုများဖြင့် လုပ်ကိုင်နေကြောင့် ပိုမိုအရည်အသွေးမြင့်မားသော ထုတ်ကုန်များရရှိနိုင်မှု၊

          -ထုတ်လုပ်မှုကြာမြင့်ချိန် လျော့ကျလာခြင်းကြောင့် ဈေးကွက်သို့သယ်ယူပို့ဆောင်ဖြန့်ချိမှုလည်း ပိုမိုလျင်မြန်လာနိုင်မှု၊

          -ထုတ်လုပ်မှုကြာမြင့်ချိန်လျှော့ချနိုင်ခြင်းနှင့် အလေ့အလွင့် အပြုန်းအတီး လုံးဝမရှိသောကြောင့် ထုတ်ကုန်ဈေးနှုန်းများကျဆင်းလာနိုင်မှု၊

          -ထုတ်လုပ်မှုနည်းပညာသစ်တိုးတက်မှုများပိုမိုလျင်မြန်လာမှု၊

(၅)

အီးယူရန်ပုံငွေအထောက်အပံ့ဖြင့် ပြုလုပ်သည့်  Data 4.0 ပရောဂျက်တွင် ဥရောပစက်မှုထုတ်ကုန်များ အရည်အသွေး တိုးတက်စေရေးအတွက်အတူတကွ လုပ်ကိုင်နေကြသော ဆင်းတက်ဖ် (SINTEF) အပါအဝင် အီးယူမိတ်ဖက်အဖွဲ့ ၂၀ ပါဝင်သည်။ အဆိုပါပရောဂျက်ကို ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များမှအချက်အလက်များစုဆောင်း၍ စိစစ်ရာတွင် အသုံးပြုမည့် ဒစ်ဂျစ်တယ်အရည်အသွေး အာမခံစနစ်ကို ထုတ်လုပ်မှုလုပ်ငန်း၊ ကုမ္ပဏီများဆီသို့ ပံ့ပိုးပေးနိုင်ရေး

အတွက် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်သည်။ အကျိုးဆက်အားဖြင့် ထုတ်လုပ်မှုလုပ်ငန်းများသည် ကုန်ထုတ်လုပ်သည့် အချိန်ကာလအတွင်း ထိန်းချုပ်ကွပ်ကဲမှုများ ပိုမိုပြုလုပ်လာနိုင်မည်။ ထုတ်လုပ်မှုဖြစ်စဉ်အတွင်း ချို့ယွင်းမှုများ၊ အပြစ်အနာအဆာများကို ကြိုတင်ခန့်မှန်းနိုင်ခြင်း၊ ကြိုတင်ကာကွယ်တားဆီးခြင်းတို့ကိုပါပြု လုပ်နိုင်မည်ဖြစ်သည်။ 

(၆)

အင်ဒပ်စ်ထရီ ဖိုးပွိုင့်ဇီးရိုး (Industry 4.0) ဟု ဆိုလိုက်သည်နှင့် စက်မှုထုတ်လုပ်လုပ်ငန်းခွင်များ၌ ကွန်ပျူတာများနှင့် ဒေတာအချက်အလက် အသုံးပြုမှု တိုးတက်များပြားလာခြင်းကို ရည်ညွှန်းနေသည်ဟု သဘောပေါက်ကြသည်။ ၂၁ ရာစု ခေတ်သစ်လူ့အဖွဲ့အစည်းတွင် လူသားအားလုံး၏ နေ့စဉ် နေထိုင်မှု ဘဝ အခြေအနေအမျိုးမျိုး၌ ကွန်ပျူတာနည်းပညာနှင့ ်မကင်းနိုင်တော့။ ကွန်ပျူတာနည်းပညာသည် မရှိမဖြစ်အခြေအနေ ရှိနေခဲ့ပြီ။ လူတို့၏နေ့စဉ်ဘဝ၌ စမတ်ဖုန်းအသုံးပြုမှုမှသည် စူပါးမားကက်တစ်ခု၏ ကောင်တာ၌ ကျသင့်ငွေရှင်းခြင်းလုပ်ဆောင်မှုများအထိ အဆင်မြင့်နည်းများနှင့် အသုံးပြုနေရသည်ဖြစ်ရာ ၂၁ ရာစု လူသားအားလုံးနီးပါး အဆင့်မြင့် ကွန်ပျူတာနည်းပညာများနှင့် ရင်းနှီးကျွမ်းဝင်နေကြပြီ ဖြစ်သည်။ ဘဝနေထိုင်ရပ်တည်မှု အခြေအနေအရပ်ရပ်သည် အားလုံးအတွက်ပို၍ ပို၍ ရှင်းလင်းလွယ်ကူလာနေသည်ဟု ရှုမြင်ကြသည်။   

(၇)

ထုတ်လုပ်မှုကဏ္ဍရှိ အခြေအနေအရပ်ရပ်သည် အဆင့်မြင့်ကွန်ပျူတာနည်းပညာများနှင့် မကင်းနိုင်တော့။ ထုတ်ကုန်ဒီဇိုင်းဆွဲရန်၊ ကုန်ပစ္စည်းထုတ်လုပ်ရန် ကွန်ပျူတာများကို အသုံးပြုကြသည်။ ထုတ်လုပ်မှုဖြစ်စဉ်  အစ-အဆုံး တစ်လျှောက်လုံးကိုလည်း ကွန်ပျူတာနည်းစနစ်များဖြင့် ထိန်းချုပ်လုပ်ဆောင်မှုများရှိသည်။   

အင်ဒပ်စ်ထရီ ဖိုးပွိုင့်ဇီးရီုး (Industry 4.0) ကို စတုတ္ထစက်မှုတော်လှန်ရေး သို့မဟုတ် ဖိုးအိုင်အာ (4IR) ဟု သိကြသည်။ အဆင့်မြင်ထုတ်လုပ်မှုကဏ္ဍ ၏ ဒစ်ဂျစ်လိုက်ဇေးရှင်းနောက်ထပ် ဖြစ်စဉ်တစ်ခုဟု ဆိုရမည်။ ဘစ်ဒေတာ (Big Data) ဟုခေါ်သည့် သတင်းအချက်များပြားစွာ စုဆောင်း၊ ခွဲခြမ်းစိတ်ဖြာ၊ တွက်ချက် အသုံးပြုလျက် အလိုအလျောက်လုပ်နိုင်သည့် ဖြစ်စဉ်များဖြင့် ထုတ်လုပ်မှုကဏ္ဍကို ယခင်ကမရှိခဲ့သော အထောက်အကူမျိုး ပံ့ပိုးနိုင်နေပြီဖြစ်သည်။ ထုတ်လုပ်မှုအခြေအနေများသည် အဆင့်မြင့်သည်ထက် မြင့်လာသည်။  စမတ်ကျလွန်းသည်။ သတိထားစရာများလည်း ရှိလာလိမ့်မည်။ အကောင်းနှင့် အတူအဆိုးဖြစ်လာနိုင်သည်မှာ သဘာဝဖြစ်၏။  အားသာချက်နှင့်အတူ အားနည်းချက်များလည်း ရှိလာနိုင်သည်။ ၂၁ ရာစု ကမ္ဘာ့နိုင်ငံများ၏ လူမှုစီးပွားရေးအခြေအနေများအပေါ် မည်သို့မည်ပုံ သက်ရောက်လာမည်ကို ဆက်လက်စောင့်ကြည့်ကြရမည်သာ။

www.eurasiareview.com

 

Most Read

Most Recent