အမေရိကန်၏ စစ်ရေးခြိမ်းခြောက်မှုများ ဖယ်ရှားခံရသည့်အချိန်အထိ စစ်အင်အားကို ဆက်လက်တည်ဆောက်သွားမည်ဟု မြောက်ကိုရီးယား ပြောကြား

အမေရိကန်၏ စစ်ရေးခြိမ်းခြောက်မှုများ ဖယ်ရှားခံရသည့်အချိန်အထိ စစ်အင်အားကို ဆက်လက်တည်ဆောက်သွားမည်ဟု မြောက်ကိုရီးယား ပြောကြား
ဧပြီ ၁၃ ရက်က မြောက်ကိုရီးယား၏ အမည်ဖော်ပြမထားသည့် နေရာတစ်ခုတွင် Hwasongpho-18 တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းအတူနှင့် စစ်သားများကို တွေ့ရစဉ် (Photo – AFP)
ဧပြီ ၁၃ ရက်က မြောက်ကိုရီးယား၏ အမည်ဖော်ပြမထားသည့် နေရာတစ်ခုတွင် Hwasongpho-18 တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းအတူနှင့် စစ်သားများကို တွေ့ရစဉ် (Photo – AFP)
Published 22 April 2023
Ref: Reuters

မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်များ ပိုင်ဆိုင်သည့် နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်မှာ ငြင်းပယ်နိုင် မည်မဟုတ်ဘဲ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ၏ စစ်ရေးခြိမ်းခြောက်မှုများ ဖယ်ရှားခံရသည့်အချိန်အထိ ၎င်း၏စစ်အင်အားကို ဆက်လက်တည်ဆောက်သွားမည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဧပြီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်နှင့် စက်မှုထိပ်သီး ခုနစ်နိုင်ငံ (ဂျီ ၇) အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများသည် ဧပြီ ၁၈ ရက်က ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့ သည့် ၎င်းတို့၏အစည်းအဝေး အဆုံးသတ်တွင် လောင်စာတောင့်သုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ဟု မြောက်ကိုရီးယားက ပြောကြားခဲ့သည့် ဧပြီ ၁၃ ရက်က ဒုံးကျည်စမ်းသပ်မှုကို ရှုတ်ချခဲ့ပြီး နျူကလီးယားလက်နက် ဖျက်သိမ်းရန် တောင်းဆိုခဲ့မှုအပေါ် ဝေဖန်ထားသည့် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုးဆွန်ဟွေး၏ အစီရင်ခံစာကို ကိုးကားပြီး KCNA က ဖော်ပြခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် နှစ်စဉ်ပြုလုပ်နေကျ နွေဦးရာသီ စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေချိန်တွင် မြောက်ကိုရီးယားသည် စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်ပြီး ပိုမိုလက်တွေ့ကျပြီး ထိုးစစ်ဆန်သည့် လုပ်ဆောင်မှုများဖြင့် ခြိမ်းခြောက်ခဲ့ပြီးနောက် မကြာသေးမီ သီတင်းပတ်များအတွင်း တင်းမာမှုများ မြင့်တက်ခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး ယင်းစစ်ရေးလေ့ကျင့်မှုများသည် နျူကလီးယားစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုအဖြစ် ပြောကြားခဲ့သည်။

ချိုုးက မြောက်ကိုရီးယား၏ အဆင့်သည် နျူကလီးယားအင်အားကြီးနိုင်ငံအဖြစ်မှ ပြောင်းလဲနိုင်ခြင်းမရှိတော့ဘဲ ယင်းအနေ အထားကို အမေရိကန်နှင့် အနောက်နိုင်ငံများ က ငြင်းဆိုမည်ဆိုသည့်တိုင် ယင်းသည် မငြင်း ပယ်နိုင်သည့် အမှန်တရားအဖြစ် ဆက်ရှိနေလိမ့်မည်ဟု ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များထုတ်လုပ်မှုသည် အမေရိကန်၏ ခြိမ်းခြောက်မှုများကို ကာကွယ်ရန်သာ ရည်ရွယ်ပြီး အမေရိကန်နှင့်အနေဖြင့် ၎င်း၏လုံခြုံရေးကို စိတ်ချသေချာစေရန် မြောက်ကိုရီးယားကို ဆန့်ကျင်သည့် ရိုင်းပျသည့် မူဝါဒကို စွန့်လွှတ်ရန်လည်း ၎င်းက တိက်တွင်းခဲ့သည်။

နျူကလီးယားဖြင့် တိုက်ခိုက်ရေးအတွက် အခွင့်အရေးနှင့် လုပ်နိုင်စွမ်းကို အမေရိကန်တစ်နိုင်ငံတည်းကသာ ပိုင်ဆိုင်သည်ဟု တွေးထင်ထားမှုသည် မှားယွင်းနေပြီး မိမိတို့အနေဖြင့် မည်သူတစ်ဦးတစ်ယောက်ထံကမျှ အသိ အမှတ်ပြုမှု သို့မဟုတ် အတည်ပြုမှုကို ရရှိရန် မည်သည့်အခါမျှ ကြိုးပမ်းသွားမည်မဟုတ်ဘဲ အမေရိကန်၏ နျူကလီးယားခြိမ်းခြောက်မှုကို ဆန့်ကျင်သည့် တုံ့ပြန်တိုက်ခိုက်ရေးအတွက် အင်အားတောင့်တင်းနေမှုအပေါ် မိမိတို့ ကျေနပ်အားရကြောင်း ချိုးက ပြောကြားခဲ့သည်။

ထို့ပြင် ဂျီ ၇ အဖွဲ့ဝင်နိုင်ငံများသည် နျူကလီးယားလက်နက်ဖျက်သိမ်းရန် တောင်းဆိုခြင်းအားဖြင့် မြောက်ကိုရီးယား၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည်ဟု ချိုးက စွပ်စွဲခဲ့ပြီး အကယ်၍ ၎င်းတို့အနေဖြင့် မိမိတို့၏ အချုပ်အခြာနှင့် အခြေခံအကျိုးစီးပွားများကို ချိုးဖောက်ရန် ကြိုးပမ်းမည်ဆိုပါကမြောက်ကိုရီးယားသည် ပြင်းထန်စွာ တုံ့ပြန်သွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent