နေပြည်တော် လယ်ဝေးမြို့နယ်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူရှစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ  ၁ဝဝ ကျော်ရှိ

နေပြည်တော် လယ်ဝေးမြို့နယ်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူရှစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ  ၁ဝဝ ကျော်ရှိ
Published 22 April 2023

လယ်ဝေး မြို့နယ် တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့တွင် ဧပြီ ၂၁ ရက် ညနေပိုင်းက လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူရှစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ဦးရေ ၁ဝဝ ကျော်ရှိကြောင်း သိရသည်။

ဧပြီ ၂၁ ရက် ညနေ ၆ နာရီခွဲ အချိန်ခန့်က ပြည်ထောင်စုနယ်မြေ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ကံသာ ကျေးရွာအုပ်စု၊ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့တွင် လေဆင်နှာမောင်း တိုက်ခတ်ခဲ့ခြင်းကြောင့် ယင်းကျေးရွာများရှိ လူနေအိမ် အားလုံးနီးပါးပြိုလဲခြင်း၊ အမိုးအကာများ ပျက်စီးခြင်း၊ လျှပ်စစ်ဓာတ်အားပေးလိုင်းများ ပြိုလဲခြင်း စသညံ့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် လေဆင်နှာမောင်းတိုက်ခတ်ခံခဲ့ရသည့် တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့တွင် နယ်မြေခံတပ်ရင်းများမှ အရာရှိ၊ စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာန အသီးသီးမှ တာဝန်သူများနှင့် လူမှုကူညီရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ဧပြီ ၂၁ ရက် ညပိုင်း သတင်းထုတ်ပြန်ထားချက်အရ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရွှေဟင်္သာကျေးရွာအုပ်စု၊ တံတားဦးကျေးရွာနှင့် ကံသာကျေးရွာအုပ်စု၊ အောင်မြင်ကုန်းကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် တံတားဦးကျေးရွာတွင် အိမ်ခြေ(၇၇)လုံးခန့်၊ အောင်မြင်ကုန်းကျေးရွာတွင်၊ အိမ်ခြေ(၁၅၅)လုံးခန့်၊ပျက်စီး ဆုံးရှုံးခဲ့ပြီး၊ တံတားဦးကျေးရွာမှ ထိခိုက်ဒဏ်ရာရရှိသူ(၄၈)ဦး၊ စိုးရိမ်ရ(၁၆)ဦး၊ သေဆုံး အမျိုးသမီးနှစ်ဦးနှင့် အောင်မြင်ကုန်းကျေးရွာမှ ထိခိုက်ဒဏ်ရာရရှိသူ(၆၁)ဦး၊ သေဆုံး အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်းထိခိုက်ဒဏ်ရာရရှိသူ (၁၀၉)ဦး၊ သေဆုံးခြောက်ဦး ရှိခဲ့ပြီး အဆိုပါထိခိုက်ဒဏ်ရာရရှိသူများကို လယ်ဝေးမြို့နယ်ကုတင် (၁ဝဝ)ဆံ့ဆေးရုံနှင့် ဇမ္ဗူသီရိမြို့နယ်၊ ကုတင်(၁ဝဝဝ)ဆံ့ဆေးရုံများသို့ လူမှုကူညီရေးအသင်းများနှင့် ချိတ်ဆက်၍ ပို့ဆောင်လျက်ရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကျေးရွာများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံလျက်ရှိကြောင်းလည်း သိရသည်။

Most Read