လာဇီယိုတိုက်စစ်မှူး အီမိုဘီလီ၏ကားကို ဓာတ်ရထား ဝင်တိုက်ခဲ့ပြီး အီမိုဘီလီ နံရိုးကျိုးသွားခဲ့ကြောင်း လာဇီယိုအသင်း အတည်ပြုကြေညာ

လာဇီယိုတိုက်စစ်မှူး အီမိုဘီလီ၏ကားကို ဓာတ်ရထား ဝင်တိုက်ခဲ့ပြီး အီမိုဘီလီ နံရိုးကျိုးသွားခဲ့ကြောင်း လာဇီယိုအသင်း အတည်ပြုကြေညာ
Photo: Futmais
Photo: Futmais
Published 17 April 2023

လာဇီယိုဝါရင့်တိုက်စစ်မှူး အီမိုဘီလီ မောင်းနှင်လာသည့်ကားကို ဓာတ်ရထားမှ ဝင်တိုက်ခဲ့ပြီး ၎င်းအနေဖြင့် အသက်အန္တရာယ်စိုးရိမ်ရလောက်သည့် ဒဏ်ရာမရရှိခဲ့သော်လည်း နံရိုးတစ်ချောင်း ကျိုးသွားခဲ့ကြောင်း လာဇီယိုအသင်းက အတည်ပြုကြေညာခဲ့သည်။

ယင်းဖြစ်စဉ်မှာ ဧပြီလ(၁၅)ရက် ညပိုင်းက ဖြစ်ပွားခဲ့ပြီး အီမိုဘီလီ၏ကားမှာ လုံးဝပျက်စီးသွားခဲ့ကြောင်း သိရသည်။

အီတလီမီဒီယာ Corriere dello Sport သတင်းတွင် အီမိုဘီလီသည် လာဇီယိုအသင်း အိမ်ကွင်းဖြစ်သည့် အိုလံပစ်ကွင်းမှ (၅)မိနစ်သာ မောင်းနှင်ရသည့် Ponte Matteotti အနီးအနားတွင် ကားမောင်းလာစဉ် မီးနီကို မှားယွင်းဖြတ်မောင်းခဲ့သည့် ဓာတ်ရထားက သူ၏ကားကို  ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါမတော်တဆမှု ဖြစ်ပွားချိန်တွင် အီမိုဘီလီ၏ သမီး(၂)ဦးမှာလည်း ကားထဲတွင် ရှိနေခဲ့သည်။

''ကားကို ကျွန်တော် ဘယ်ဘက်ကို အနည်းငယ် ဆွဲချပစ်ခဲ့တယ်။ ဒါကြောင့်လည်း ကားတစ်ဖက်ခြမ်းပဲ တိုက်ခံခဲ့ရတာဖြစ်တယ်။ ဓာတ်ရထားက မီးနီကို ဖြတ်မောင်းလာတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ဒါဟာ အမှန်တကယ် ဆွေးနွေးရမယ့် အကြောင်းအရာ မဟုတ်တော့ဘူး။ ကျွန်တော့်လက်မောင်းကတော့ အနည်းငယ် နာကျင်နေတယ်''ဟု အီမိုဘီလီက ယင်းဖြစ်စဉ်အပေါ် ပြောကြားထားသည့် ဗီဒီယိုဖိုင်မှာလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

မျက်မြင်သက်သေများကလည်း ယင်းယာဉ်တိုက်မှုသည် ဓာတ်ရထား၏ မှားယွင်းမှုသာဖြစ်သည်ဟု ဖွင့်ဟခဲ့ကြသည်။

အသက်(၃၃)နှစ်အရွယ်ရှိ အီမိုဘီလီနှင့် သမီး (၂)ဦးကို ဆေးရုံသို့ ခေါ်ဆောင်ကာ ကုသမှုများခံယူပြီးနောက် လာဇီယိုအသင်းက ဒဏ်ရာအခြေအနေကို အသေးစိတ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အီမိုဘီလီသည် ရောမမြို့ရှိ Policlinico Universitario Agostino Gemelli ဆေးရုံတွင် ကုသမှုခံယူနေပြီး အခြားဆေးစစ်မှုများလည်း ပြုလုပ်သွားရမည်ဟု အီတလီသတင်းများက ဖော်ပြခဲ့သည်။

လာဇီယိုအသင်းထုတ်ပြန်ချက်တွင် အီမိုဘီလီ၏ သမီး(၂)ဦးအခြေအနေကို ထည့်သွင်းဖော်ပြခြင်း မရှိခဲ့ကြောင်း သိရသည်။

ယခုရာသီသည် အီမိုဘီလီအတွက် ခက်ခဲသောဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ကာ ကြွက်သားဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပြီးနောက် မကြာသေးမီကမှ ပြန်လည်သက်သာလာခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့်သောကြာနေ့က ကစားခဲ့သည့် စပီဇီယာအသင်းအား (၃-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အီမိုဘီလီ တစ်ဂိုးသွင်းခဲ့ပြီး (၆)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့သည်။

Most Read

Most Recent