ဧပြီ (၁၆)ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၂-၂၃ ဘောလုံးရာသီ စပိန်လာလီဂါပွဲစဉ် (၂၉) ဂီတာဖေး (၀-၀) ဘာစီလိုနာပွဲစဉ်အပြီးတွင် ဘာစီလိုနာအသင်းနည်းပြ ဇာဗီသည် ပြိုင်ဘက် ဂီတာဖေးအသင်း၏ Coliseum Alfonso Perez ကွင်းမျက်နှာပြင်အား ဝေဖန်ပြစ်တင်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
ယခုရာသီ လာလီဂါအမှတ်ပေးဇယား အဆင့် (၁)နေရာတွင် အမှတ်ဖြတ်ဦးဆောင်နေသည့် ဘာစီလိုနာအသင်းသည် နောက်ဆုံးကစားခဲ့သည့် လာလီဂါပွဲစဉ် (၂)ပွဲတွင် ဟီရိုနာ (အိမ်ကွင်း)၊ ဂီတာဖေး (အဝေးကွင်း)တို့နှင့် ဂိုးမရှိသရေကျခဲ့ပြီး ယင်းမှာအသင်းအတွက် ၁၉၉၃ ခုနှစ် ၊ စက်တင်ဘာလနောက်ပိုင်း တစ်ရာသီအတွင်း ပထမဆုံးအကြိမ် လာလီဂါ (၂)ပွဲဆက်တိုက် ဂိုးမရှိသရေကျခဲ့ခြင်း ဖြစ်သည်။
ဘာစီလိုနာအသင်းသည် ၁၉၉၃-၉၄ ရာသီက အယ်လ်ဘာစီတီ၊ ဘီလ်ဘာအိုအသင်းတို့နှင့် လာလီဂါ (၂) ပွဲဆက် ဂိုးမရှိသရေကျခဲ့ပြီး ယင်းနောက်ပိုင်းတွင် လာလီဂါပြိုင်ပွဲ၌ တစ်ရာသီအတွင်း (၂)ပွဲဆက် ဂိုးမရှိသရေပွဲမကြုံတွေ့တော့ဘဲ ယခုနှစ်ပေါင်း (၃၀)အကြာတွင်မှ တစ်ကျော့ ပြန်ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။
(မှတ်ချက်။ ဘာစီလိုနာအသင်းသည် ၂၀၀၅ ခုနှစ်အတွင်းကလည်း ၂၀၀၄-၀၅ ရာသီလာလီဂါနောက်ဆုံးပွဲစဉ်နှင့် ၂၀၀၅-၀၆ ရာသီ လာလီဂါပထမဆုံးအဖွင့်ပွဲစဉ် ၂ ပွဲဆက်တိုက်တွင်လည်း ဂိုးမရှိသရေကျခဲ့ဖူးသည်)
ဂီတာဖေးအသင်းနှင့် ပွဲအပြီးပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဘာစီလိုနာနည်းပြ ဇာဗီက ဂီတာဖေးအသင်း၏ အိမ်ကွင်းမြက်ခင်းပြင်မှာ မိမိတို့အသင်းအတွက် ကစားရခက်ခဲကြောင်းနှင့် ပွဲစဉ်၏အဆိုးရွားဆုံးသောအကြောင်းအရာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂီတာဖေးအသင်း၏ အိမ်ကွင်းနှင့်ပတ်သက်ပြီး ဇာဗီက ''ဒီနေရာ (ဂီတာဖေးအိမ်ကွင်း) ဟာ ကျွန်တော်တို့အတွက် နာကျင်ရပါတယ်။ ကျွန်တော်တို့အသင်းဟာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ကစားရအလွန်ခက်တဲ့ကွင်းမှာရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ဆင်ခြေပေးနေတာမဟုတ်ဘဲ၊ ဒီအခြေအနေတွေကနေ အမြန်ဆုံးပြုပြင်ပြောင်းလဲနိုင်ဖို့ ကြိုးစားသွားမှာပါ'' ဟု စပိန်အားကစားသတင်းစာ Marca သို့ဖြေကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ယခုရာသီ လာလီဂါပွဲစဉ် (၂၉)ပွဲကစားပြီးချိန်တွင် ရမှတ် (၇၃)မှတ်ရရှိထားပြီး အမှတ်ပေးဇယားဒုတိယနေရာမှ လက်ရှိချန်ပီယံရီးယဲလ်မက်ဒရစ် (၆၂ မှတ်)ကို (၁၁)မှတ်အသာရကာ ထိပ်ဆုံးတွင် ဦးဆောင်နေသည်။















