ဂလိုဘယ် ပေါ့ဖိုလီယို ရင်းနှီးမြှုပ်နှံမှုများ အခြေအနေ

ဂလိုဘယ် ပေါ့ဖိုလီယို ရင်းနှီးမြှုပ်နှံမှုများ အခြေအနေ
Published 2 April 2023
စောနိုင် (အသုံးချဘောဂဗေဒ)

(၁)

နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုများကို ယေဘုယျအားဖြင့် အက်ဖ်ဒီအိုင် (FDI) ဟုခေါ်သည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment-FDI) နှင့်နိုင်ငံခြား တိုက်ရိုက်မဟုတ်သော ရင်းနှီးမြှုပ်နှံမှု (Foreign Indirect Investment -FII) ဟူ၍တွေ့ရှိရသည်။ နိုင်ငံခြားတိုက်ရိုက်မဟုတ်သော ရင်းနှီးမြှုပ်နှံမှု(FII) ကို ပေါ့ဖိုလီယို ရင်းနှီးမြှုပ်နှံမှု (Portfolio Investment) ဟုလည်း သိထားကြ၏။

အမေရိကန်နိုင်ငံတွင် ဘဏ်အချို့ပြိုလဲမှုဖြစ်လာပြီးနောက် ပေါ့ဖိုလီယိုရင်းနှီးမြှုပ်နှံများအကြောင်း လူပြောများလာသည်။ အာမခံစာချုပ်များဖြင့် ရင်းနှီးမြှုပ်နှံမှုဟု အများနားလည်ထားသည့် ပေါ့ဖိုလီယို ရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ စတော့ဈေးကွက်များတွင် စာရင်းပေါက်ထားသည့် လုပ်ငန်းများ၏ စတော့များ၊ ရှယ်ယာများ၊ ငွေချေးစာချုပ်များ (bonds) စသည်ဖြင့် ဘဏ္ဍာရေးအက်ဆက်များ (financial assets) တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တွင်းသို့ နိုင်ငံရပ်ခြားမှ အရင်းအနှီးငွေကြေးများသည်များသောအားဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပုံစံဖြင့်လည်းကောင်း၊ နိုင်ငံခြားပေါ့ဖိုလီယိုရင်းနှီးမြှုပ်နှံခြင်း (Foreign Portfolio Investment-FPI) ပုံစံဖြင့်လည်းကောင်း နည်းလမ်းနှစ်သွယ်ဖြင့် ဝင်ရောက်လာတတ်ကြသော်လည်း ထိုနည်းလမ်းနှစ်သွယ်သည် အခြေအနေအရပ်ရပ် မတူကြပေ။  

(၂)

မကြာသေးမီက သတင်းတစ်ပုဒ်ထဲ၌ စတော့အိတ်ချိန်းစာရင်းဝင် ဆွစ်ဇာလန်ဘဏ်တစ်ခု၏ အစုရှယ်ယာများကို တရုတ်အာမခံကုမ္ပဏီတစ်ခုက ဝယ်ယူထားမှု၊ ယူကေပင်စင်ရန်ပုံငွေအဖွဲ့က အမေရိကန်ငွေတိုက်စာချုပ်များ (US Treasury Bonds) ဝယ်ယူမြှုပ်နှံထားမှု၊ ကာရစ်ဘီယံပင်လယ်ထဲတွင် တည်ရှိသော   ကေမန်ကျွန်းစုများ (Cayman islands) ရှိ ရင်းနှီးမြှုပ်နှံမှုရှယ်ယာများကို နိုင်ငံစုံနည်းပညာကုမ္ပဏီတစ်ခုက ပိုင်ဆိုင်ထားမှုများနှင့်ပတ်သက်၍ ဖတ်ရှုရသည်။ ထိုအခြေ အနေများသည် ကမ္ဘာ့နိုင်ငံများကြား ဖြစ်ပေါ်တည်ရှိသော ပေါ့ဖိုလီယိုရင်းနှီးမြှုပ်နှံများ၏ နမူနာဖြစ်သည်။  

ယနေ့ ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်ထဲ၌ ပေါ့ဖိုလီယိုရင်းနှီးမြှုပ်နှံမှုသည်ပမာဏကြီးမားလာကာ အရေးပါမှုအခန်းကဏ္ဍလည်းမြင့်မားလာသည်။ နိုင်ငံတကာ ပေါ့ဖိုလီယိုရင်းနှီးမြှုပ်နှံမှုသည် ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက် လည်ပတ်လှုပ်ရှားစေရန် အထောက်အကူဖြစ်စေသကဲ့သို့ နိုင်ငံတကာရှိ ကွဲပြားခြားနားသောနယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုများဖြစ်ထွန်းစေခြင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ အကျိုးအမြတ်များ ရရှိခံစားနိုင်ခြင်း၊ သက်ဆိုင်ရာအိမ်ရှင်နိုင်ငံများအတွက် လိုအပ် သော အရင်းအနှီး ငွေဇာစ်မြစ်များဖြစ်လာခြင်း စသည်ဖြင့် ကောင်းကျိုးများစွာရှိသည်။  

သို့သော် နိုင်ငံခြားပေါ့ဖိုလီယိုရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမတူဘဲ တည်ငြိမ်မှုအားနည်းပြီး မကြာခဏအတက်အကျမြန်တတ်သည်ကို သတိထားရမည်။ အကျပ်အတည်းကာလများ၌ ထိခိုက်လွယ်မှုအခြေအနေမြင့်မားလာခြင်း၊ ငွေလဲလှယ်နှုန်း မြင့်တက်လာခြင်းတို့နှင့်အတူ စီးပွားရေး အဆောက်အအုံအတွင်း overheating ဟုခေါ်သည့် စီးပွားရေးလုပ်ဆောင်မှုများ လွန်လွန်ကဲကဲဖြစ်လာခြင်း၊ ပို့ကုန်ယှဉ်ပြိုင်နိုင်မှုဆုံးရှုံးခြင်းကဲ့သို့သော မက်ခရိုစီးပွားရေးစိန်ခေါ်မှုများ (macroeconomic challenges) ပေါ်ပေါက်လာစေနိုင်သည်။  

(၃)

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ - အိုင်အမ်အက်ဖ် (International Monetary Fund-IMF ) ၏ ကမကထပြုမှုဖြင့ ်နှစ်စဉ်ကောက်ယူနေသည့် ပေါ့ဖိုလီယို ရင်းနှီးမြှုပ်နှံမှုစစ်တမ်း Coordinated Portfolio Investment Survey (CPIS) နောက်ဆုံးထုတ် (၂၀၂၂ ခုနှစ် ဇွန်လ) အစီရင်ခံစာ၌ “လွန်ခဲ့သောနှစ် ၂၀၂၂ ၏ ပထမခြောက်လတာကာလ၊ အမျိုးမျိုးသော စီးပွားရေးရှော့ခ်များကြားတွင် ကမ္ဘာလုံးဆိုင်ရာ ပေါ်ဖိုလီယိုရင်းနှီးမြှုပ်နှံမှု အက်ဆက်ပိုင်ဆိုင်မှုသည်  ၁၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်” ဟု ဖော်ပြထားသည်။ ထိုအခြေအနေသည် ၂၀၀၈ ခုနှစ်ကတည်းဖြစ်ပေါ်ခဲ့သော ကျဆင်းမှုများထဲ၌ အဆိုးဆုံးဖြစ်သည်။ အခြေအနေသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျှော့ချခြင်းနှင့် နိုင်ငံများကြားရှိ ပေါ့ဖိုလီယို အက်ဆက်ပိုင်ဆိုင်မှုများ ရွှေ့ပြောင်းမှုများဖြစ်ပေါ်ခြင်း (valuation effects) တို့၏ အကျိုးဆက်ဖြစ်သည်ဟု သုံးသပ်ထားသည်။

မြင့်တက်လာသော စွမ်းအင်စျေးနှုန်းများ၊ အရှိန်မြင့်လာနေသော ပထဝီဝင်နိုင်ငံရေး၊ ငွေကြေးဖောင်းပွမှုအန္တရာယ်များ၊ စီးပွားရေးအင်အားကြီး နိုင်ငံအစိုးရများ ကျင့်သုံးလာသည့် တင်းကျပ်သော ငွေကြေးမူဝါဒများကြားထဲ၌ စီးပွားရေးဘေးအန္တရာယ်များသည် ပို၍အရှိန်တက်လာခဲ့၏။ ထိုဘေးအန္တရာယ်များသည် အရင်းအနှီးဈေးကွက်များနှင့် ပေါ့ဖိုလီယိုရင်းနှီးမြှုပ်နှံမှုများပေါ်တွင်လည်း ဖိအားများဖြစ်လာခဲ့သည်။ အိုင်အမ်အက်ဖ်အဖွဲ့က ယခုထုတ်ပြန်ထားသည့် CPIS အစီရင်ခံစာသစ်သည် ဇွန်လတစ်လျှောက် နိုင်ငံများတွင်ဖြစ်ပေါ်နေသော ပေါ့ဖိုလီယိုရင်းနှီးမြှုပ်နှံမှုအခြေအနေကို လေ့လာသုံးသပ်ထားခြင်းဖြစ်သည်။    

(၄)

CPIS အစီရင်ခံစာထဲတွင်ဖော်ပြထားသည့်ဇယား၌ တစ်ကမ္ဘာလုံးရှိ ပေါ့ဖိုလီယိုရင်းနှီးမြှုပ်နှံမှုအားလုံး၏ သုံးပုံနှစ်ပုံခန့်ကိုစုစည်းဖော်ပြထားသည်ကိုတွေ့ရှိရပြီး ပေါ့ဖိုလီယိုရင်းနှီးမြှုပ်နှံမှု ထိပ်တန်း ၁၀ နိုင်ငံဖြစ်သည့် အမေရိကန်၊ လူဇင်ဘတ်၊ အိုင်ယာလန်၊ ဂျပန်၊ ဂျာမနီ၊ ယူကေ၊ ကေမန်ကျွန်းစုများ၊ ပြင်သစ်၊ ကနေဒါ၊တရုတ် (ဟောင်ကောင်) တို့ကိုလည်း အလေးပေးလေ့လာထားသည်။ အဆိုပါ ၁၀ နိုင်ငံသည် ပေါ့ဖိုလီယို ရင်းနှီးမြှုပ်နှံမှုများ သိသိသာကျဆင်းသောအခြေအနေကြုံခဲ့ရသည်ဟုလည်း ဆိုထားသည်။ ထိုသို့ ကမ္ဘာ့နှင့်အဝှမ်း ပေါ့ဖိုလီယိုရင်းနှီးမြှုပ်နှံမှုများ ကျဆင်းလာရခြင်း အကြောင်းရင်းနှင့်ပတ်သက်၍  ဂျာမနီနိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့ရှိ အမေရိကန်၏ ပေါ့ဖိုလီယိုရင်းနှီးမြှုပ်နှံမှုကျဆင်းလာခြင်း၊ အမေရိကန်နိုင်ငံ၊ အိုင်ယာလန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ရှိ လူဇင်ဘတ်၏ ပေါ့ဖိုလီယိုရင်းနှီးမြှုပ်နှံမှု ကျဆင်းလာခြင်း၊ အမေရိကန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့ရှိ အိုင်ယာလန်၏ ပေါ့ဖိုလီယိုရင်းနှီးမြှုပ်နှံမှု ကျဆင်းလာခြင်းတို့ကို အဓိကအကြောင်းတရားဖြစ်သည်ဟု သုံးသပ်ထားသည်။

အခြားတစ်ဖက်တွင်မူ တိုးတက်မှုများရှိသည်ဟုလည်း တွေ့ရသည်။ အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ရင်းနှီးမြှုပ်နှံမှုများကြောင့် ကေမန်ကျွန်းစုများရှိ ပေါ့ဖိုလီယို ရင်းနှီးမြှုပ်နှံမှုအခြေအနေ ၆ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ်သည်။          

 

(၅)

နိုင်ငံပေါင်း ၈၀ ကျော်ရှိ ပေါ့ဖိုလီလို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များပါဝင်သော အိုင်အမ်အက်ဖ် (IMF) ၏ CPIS အစီရင်ခံစာအရ ယခုလက်ရှိအခြေအနေတွင် ကမ္ဘာလုံးဆိုင်ရာ ပေါ့ဖိုလီယိုရင်းနှီးမြှုပ်နှံမှုများ အားနည်းကျဆင်းလာနေသည်ဟု ဆိုနိုင်သည်။

 ပြီးခဲ့သည့်ရက်သတ္တပတ်များက အမေရိကန်နိုင်ငံရှိ ဘဏ်အချို့ပြိုလဲမှုများဖြစ်ခဲ့၏။ ဆက်စပ်နေသည့်ဘဏ်များ၊ ဘဏ္ဍာရေးဈေးကွက်များအပေါ်သက်ရောက်နိုင်ခြေများ၊ ဖြစ်လာနိုင်ခြေ မတည်ငြိမ်မှုများသည် ကမ္ဘာလုံးဆိုင်ရာ ပေါ့ဖိုလီယိုရင်းနှီးမြှုပ်နှံမှုများအတွက် စိန်ခေါ်မှုများဖြစ်လာနေသည်။ အနာဂတ်ကာလများ၌ ဂလိုဘယ် ပေါ့ဖိုလီယိုရင်းနှီးမြှုပ်နှံမှုများ (global Portfolio investments) ဟန်နိုင်ပါ့မည်လော။ စီးပွားရေးပညာရှင်များ၊ သုတေသီများ လေ့လာသုံးသပ် အဖြေရှာနေကြပေလိမ့် မည်။     

Ref: https://www.eurasiareview.com/    

Most Read

Most Recent