ကမ္ဘာ့ငွေရေးကြေးရေးအကျပ်အတည်းမှရရှိခဲ့သည့် ကော်ပိုရိတ် စီမံအုပ်ချုပ်မှုဆိုင်ရာ သင်ခန်းစာများနှင့် ဘဏ်ပြိုလဲခြင်းဖြစ်ရပ်လေ့လာချက်

ကမ္ဘာ့ငွေရေးကြေးရေးအကျပ်အတည်းမှရရှိခဲ့သည့် ကော်ပိုရိတ် စီမံအုပ်ချုပ်မှုဆိုင်ရာ သင်ခန်းစာများနှင့် ဘဏ်ပြိုလဲခြင်းဖြစ်ရပ်လေ့လာချက်
Published 27 March 2023

ဒီတစ်ပတ်မှာ ငွေရေးကြေးရေး အကျပ်အတည်းကနေရရှိခဲ့တဲ့ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု သင်ခန်းစာတွေကို အင်္ဂလန်က Northern Rock ဘဏ် ပြိုလဲခဲ့တဲ့ ဖြစ်ရပ်လေ့လာချက်နဲ့အတူ တင်ပြဖို့ ရည်ရွယ်ထားပါတယ်။ 

အားလုံးသိကြတဲ့အတိုင်း ကမ္ဘာ့ငွေရေးကြေးရေး အကျပ်အတည်း ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းခံ ဖြစ်ရပ်ထဲမှာ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အစီအမံတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာတွေ၊ အားနည်းချက်တွေဟာ အရေးပါတဲ့ ဆက်နွှယ်မှုရှိတယ် လို့ မှတ်ယူခဲ့ကြပါတယ်။ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုစံနှုန်းတွေကို တိုင်းတာဆန်းစစ်ကြည့်တဲ့အခါ ကော်ပိုရိတ် စီမံအုပ်ချုပ်မှု ပုံမှန်လုပ်ရိုးလုပ်စဉ်တွေဟာ ငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းတွေရဲ့ ဆုံးရှုံးနိုင်မှုတွေအပေါ် အလွန်အမင်း စွန့်စားမှုယူတာတွေကြောင့် သူတို့ရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ အကာအကွယ်ပေးမှု တာဝန်တွေကို ဆောင်ရွက်နိုင်ခြင်း မရှိတာ တွေ့ရပါတယ်။ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုစနစ်တွေမှာ ကွန်ပျူတာ မော်ဒယ်တွေရဲ့ ချို့ယွင်းအားနည်းချက်တွေ ထက်ကော်ပိုရိတ်စီမံအုပ်ချုပ်မှု လုပ်ငန်းစဉ်တွေကိုလိုက်နာဖို့ ပျက်ကွက်ခဲ့တာတွေဟာ အများစု ဖြစ်တာတွေ့ရပါတယ်။ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ဒါရိုက်တာဘုတ်အဖွဲ့ကို အသိမပေးတဲ့ကိစ္စတွေ အများအပြားဖြစ်လာတာ၊ အကြီးတန်း စီမံခန့်ခွဲသူတွေတောင်မှ မသိလိုက်ဘဲ ဆောင်ရွက်တာတွေကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုဟာ လုပ်ငန်းစဉ်တစ်ခုလုံးအပေါ် အခြေခံပြီး စဉ်းစားဆုံးဖြတ်တာထက် လုပ်ငန်းတစ်ခုတည်းအပေါ်မှာ စဉ်းစားဆုံးဖြတ်တာတွေလည်း တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ တကယ်ဆိုရင် အဲဒီလုပ်ငန်းစဉ်တွေက ဒါရိုက်တာဘုတ်အဖွဲ့ရဲ့ လုပ်ငန်း တာဝန်တွေဖြစ်ပါတယ်။ အချို့ဖြစ် ရပ်တွေမှာဆိုရင် ဒါရိုက်တာဘုတ်အဖွဲ့က မဟာဗျူဟာလုပ်ငန်းစဉ်ကို အတည်ပြုပေးလိုက်ပေမဲ့ အဲဒီလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော် ဆောင်ရွက်တာ စောင့်ကြည့်စစ်ဆေးဖို့သင့်လျော်တဲ့ နည်းစနစ်တွေ ချမှတ်မပေးခဲ့တာကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ကုမ္ပဏီတွေ ဖွင့်ဟထုတ်ဖော်ရမယ့် ကြိုတင်သိမြင်နိုင်တဲ့ ဆုံးရှုံးနိုင်မှုအချက်အလက်တွေနဲ့ ဆုံးရှုံးနိုင်ခြေတွေကိုစောင့်ကြည့်ဖို့နဲ့ စီမံခန့်ခွဲဖို့ ထားရှိရမယ့် စနစ်တွေဟာ အခြေခံမူတွေရဲ့ အဓိကအစိတ်အပိုင်းတွေဖြစ်နေတာတောင်မှ ထိန်းချုပ်မှုမရှိဘဲ ချန်လှပ်ထားကြတာ တွေ့ရတယ်လို့ ဆိုပါတယ်။  အလားတူ လုပ်ခလစာပေးချေမှုစနစ်ဆိုရင်လည်း ချမှတ်ထားတဲ့ မဟာဗျူဟာနဲ့ ဆက်နွယ်မှုမရှိတာ၊ ကုမ္ပဏီရဲ့ စွန့်စားလိုစိတ်ပြင်းထန်တာနဲ့ ရေရှည် အကျိုးစီးပွားတွေနဲ့ ကိုက်ညီမှုမရှိ တာတွေ့ရပါတယ်။ အဲဒီအစီရင်ခံစာကို အိုအီးစီဒီ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာဦးဆောင်လုပ်ငန်းအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ (ပုံ-၁)

အဲဒီအစီရင်ခံစာမှာ ထောက်ပြခဲ့တဲ့နောက်အချက်တွေက အရည်အသွေးပြည့်မီတဲ ့ဘုတ်အဖွဲ့ထိန်းကျောင်းမှုနဲ့ အများလက်ခံကျင့်သုံးနေတဲ့ ခိုင်မာတောင့်တင်းတဲ့ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစံနှုန်းတွေကို ငွေရေးကြေးရေးအဖွဲ့အစည်းတွေမှာသာ ကျင့်သုံးဖို့ ကန့်သတ်မထားတဲ့ အချက်ဖြစ်ပါတယ်။ ဘာလို့ အဲဒီလို ကန့်သတ်မထားသလဲဆိုရင် ငွေရေးကြေးရေးကုမ္ပဏီမဟုတ်ပေမဲ့ ကြီးမားပြီး ရှုပ်ထွေးတဲ့ ဝန်ဆောင်မှုတွေပေးနေတဲ့ အဖွဲ့အစည်းတွေက စီမံအုပ်ချုပ်မှုစံနှုန်းတွေကို လျစ်လျူရှုကြလို့ဖြစ်ပါတယ်။ ကမ္ဘာ့ငွေရေးကြေးရေးအကျပ်အတည်းက အိုအီးစီဒီရဲ့ ကော်ပိုရိတ် စီမံအုပ်ချုပ်မှု အခြေခံမူ တွေရဲ့အဲဒီနယ်ပယ်တွေမှာ လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာ မီးမောင်းထိုးပြခဲ့တဲ့အတွက် အဲဒီနယ်ပယ်တွေမှာ လမ်းညွှန်ချက်တွေ၊ ရှင်းလင်းချက်တွေ ဖြည့်စွက် ဆောင်ရွက်ဖို့ လို၊ မလိုဆိုတာကို ပြန်လည်ဆန်းစစ်ဖို့ ဆောင်ရွက်လာကြပါတယ်။ အဲဒါကြောင့် ၂၀၁၅ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အိုအီးစီဒီရဲ့ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အခြေခံမူတွေ (ပုံ-၂) ကို အသစ်ထပ်မံဖြည့်စွက်ပြီး ၂၀၂၃ ခုနှစ်မှာ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဆောင်းပါးအစပိုင်းမှာ စာရေးသူဖော်ပြခဲ့တဲ့ ငွေရေးကြေးရေးအကျပ်အတည်းကနေရခဲ့တဲ့ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု သင်ခန်းစာနဲ့သက်ဆိုင်တဲ့ ဖြစ်ရပ်လေ့လာချက်တစ်ခုကို တင်ပြပါရစေ။ အဲဒီလေ့လာချက်ကို သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် The European Money and Finance Forum u Franco Bruni and David T. Llewellyn တို့တည်းဖြတ်ထားတဲ့ “THE FAILURE OF NORTH- ERN ROCK : A MULTI-DIMENSIONAL CASE STUDY”  ထဲက ဖြစ်ရပ်လေ့လာချက်တစ်ခုဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ အရှေ့ မြောက်ပိုင်းက အခြေစိုက်တဲ့ ဘဏ်နှစ်ဘဏ်အနက် တစ်ဘဏ်ဖြစ်တဲ့ Northern Rock ဘဏ်ဟာ ၂၀၀၁ ခုနှစ်မှာ အင်္ဂလန်ရဲ့ ထိပ်တန်းကုမ္ပဏီ (၁၀၀) စုစည်းပြီး ညွှန်ကိန်းတစ်ခုအဖြစ် သတ်မှတ်ထားတဲ့ FTSE 100 ညွှန်ကိန်းထဲမှာ ပါဝင်လာခဲ့တာဖြစ် ပါတယ်။ သမားရိုးကျအင်္ဂါရပ်တစ်ခု တည်းရှိတဲ့ ဘဏ်သစ်တစ်ဘဏ်ဖြစ် ခဲ့တဲ့ Northern Rock ဘဏ်ဟာ အိမ်ခြံမြေအပေါင်ထားတဲ့ လုပ်ငန်းကို စုစုပေါင်းချေးငွေရဲ့ ၉၀ % အထူးပြုထုတ်ချေးထားတဲ့ ဘဏ်တစ်ဘဏ်ဖြစ်ပါတယ်။ ဘဏ်ရဲ့တိုးတက်မှု၊ အမြတ်ရရှိမှုနဲ့စျေးကွက်တန်ဖိုးတွေက ဘဏ်ရဲ့ ရွှေခေတ်ဆီအရောက် ပို့ဆောင်ပေးခဲ့တဲ့ မောင်းနှင်အား ဖြစ်ခဲ့ပါတယ်။ စျေးကွက်မှာ ထူးခြားပြောင်မြောက်တဲ့အရှိန်နဲ့ တိုးတက်ခဲ့တဲ့ စုစုပေါင်းရပိုင်ခွင့် တစ်နှစ်ကို ၃၀% တိုးတက်မှု၊ ပိုင်ဆိုင်မှုကနေ ပြန်ရချက် (Return on Equity_ROE) ကို ၂၀% နဲ့အထက် ပုံမှန် ထိန်းသိမ်းနိုင်မှု၊ စျေးကွက်တန်ဖိုးကိုလည်း ၂၀၀၂ ခုနှစ် နှစ်ကုန်မှာ စတာလင်ပေါင် ၂.၇ ဘီလီယံရှိရာကနေ ၂၀၀၆ ခုနှစ် နှစ်ကုန်မှာ စတာလင်ပေါင် ၄.၉ ဘီလီယံအထိ တိုးတက်လာမှုတွေက လုပ်ငန်းတူကုမ္ပဏီတွေအကြား မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။ အောင်မြင်တဲ့ဘဏ်တစ်ဘဏ်အဖြစ် ဘဏ်ရဲ့ အစုရှယ်ယာရှင်တွေ အမွှမ်းတင်ခံခဲ့ရသလို ဘဏ်ရဲ့အသိုက်အဝန်းကြားမှာလည်း အောင်မြင်တဲ့ ဘဏ်တစ်ဘဏ်အနေနဲ့ ဂုဏ်ပြုခံခဲ့ရပါတယ်။ ဘဏ်ရဲ့ စီမံခန့်ခွဲ သူတွေကလည်း သူတို့ဘဏ်ရဲ့ အောင်မြင်မှုအပေါ် ဂုဏ်ယူဝင့်ကြွားစွာနဲ့ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်တဲ့ပုံစံကို ကောင်းမြတ်တဲ့ စက်ဝိုင်း (Virtuous Circle) အဖြစ် (ပုံ- ၃) ပါအတိုင်း ကင်ပွန်းတပ်ခဲ့ပါတယ်။

ပုံ-၃ မှာ အရေးပါပြီး အလေးအနက် ထားရမဲ့အချက်ကို တင်ပြလိုပါတယ်။ အပြင်စက်ဝိုင်းမှာပါတဲ့ ရပိုင်ခွင့်တိုးတက်မှု (Asset Growth) ဟာ အလွန်အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့ ဖော်ပြချက်နဲ့ အတွင်းစက်ဝိုင်းထဲမှာပါတဲ့ အစုရှယ်ယာရှင်တွေအတွက် အကျိုးအမြတ်ပြန်ရချက်ကို အာရုံစိုက်ထားတဲ့ အထူးသဖြင့် ရှယ်ယာတစ်စုအပေါ် အမြတ်တိုးတက်မှုအကြား ဆက်စပ်မှုဖြစ်ပါတယ်။ ရှယ်ယာရှင်တွေအတွက် မြင့်မားတဲ့ အမြတ်ရရှိ နိုင်စွမ်းနဲ့ ဆယ်စုနှစ်အစမှာ ရောက် ရှိခဲ့တဲ့ စျေးကွက်ရင်းနှီးမြှုပ်နှံမှုတန် ဖိုးအရဆိုရင် အမြတ်တိုးတက်မှုဟာ ရပိုင်ခွင့်တိုးတက်တာကို ချေးငွေဆုံးရှုံးမှုနဲ့ စီမံအုပ်ချုပ်မှုစရိတ်တွေကို ထိန်းချုပ်ထားတာနဲ့ ရောနှောထားတဲ့သဘောဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလိုဆောင်ရွက်ခဲ့လို့ ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုး တိုးတက်လာတယ်ဆိုတဲ့ တစ်ခုတည်းသော အဖြေထွက်လာတယ်လို့ဆိုပါတယ်။ အလားတူပဲ မတည်ငွေရင်း အဆင့်ကို တစ်သမတ်တည်းရှိစေဖို့ ဆောင်ရွက်ခဲ့တဲ့အတွက် ပိုင်ဆိုင်မှုကနေ ပြန်ရချက်ဟာ ၂၀% ရဲ့အထက်မှာရှိနေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီအကြောင်းအချက်တွေကြောင့် Nothern Rock ဘဏ်ရဲ့ ရပိုင်ခွင့်အရည်အသွေးဟာ ကောင်းမွန်တယ်ဆိုတဲ့အပေါ် မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ယူနိုက်တက်ကင်းဒမ်းနိုင်ငံ အောက်လွှတ်တော်က ဘဏ္ဍာရေးကော်မတီရဲ့ အစီရင်ခံစာ “The run on the Rock: Fifth Report of Session 2007-2008_ Volume I” ထဲမှာ လန်ဒန်စီးပွားရေးပညာ ကျောင်းက Prof. Willem Buiter က ၂၀၀၇ ခုနှစ် နှစ်ဝက်အတွင်း Nothern Rock က သူ့ရဲ့ဖောက်သည်တွေကို ချေးငွေ စတာလင်ပေါင် ၁၀.၇ ဘီလီယံ အသားတင် တိုးမြှင့်ထုတ်ချေးခဲ့တာနဲ့ပတ်သက်လို့ အခုလိုဝေဖန်ခဲ့ပါတယ်။ “ကျွန်တော့်အနေနဲ့ ကြံ့ခိုင်တဲ့ တိုးတက်မှုကို ကြိုက်ပါတယ်။ ဒါပေမဲ့ ယုံဖို့ခက်တာက ခြောက်လကာလအတွင်း အဲဒီလုပ်ငန်းမှာ အသားတင် ၂၀% တိုးလာပြီး အကြမ်းအားဖြင့် ၄၀% ကနေ ၅၀% တိုးလာဖို့ ဖောက်သည်တွေ ပြန်ပြီးပေးဆပ်ဖို့ကို မထိခိုက်စေဘဲ အရည်အသွေးပြည့်မီတဲ့ ချေးငွေတွေကို စိစစ်ဖို့နဲ့ ရပိုင်ခွင့်တွေရဲ့ အရည်အသွေးကောင်းဖို့ဆိုရင် အဲဒီအဖွဲ့အစည်းက စျေးကွက်ဝေစုရရှိဖို့ ဆုံးရှုံးမှုမြင့်မားတဲ့ အလုပ်ကို လုပ်ခဲ့တာထင်ရှားပါတယ်” လို့ဆိုပါတယ်။ Prof. Willem Buiter ရဲ့ထောက်ပြမှုက အလွန့်ကို မှန်ကန်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် နွေရာသီမှာ ဘဏ်ရဲ့ ချေးငွေအရည်အသွေးကျဆင်းလာပြီး ဆိုလိုတာက အရင်း/အတိုးပေးဆပ်ဖို့ပျက်ကွက်တဲ့ ချေးငွေတွေများလာတဲ့အတွက် ဘဏ်အပေါ်ယုံကြည်မှု ကျဆင်းလာပြီး အပ်နှံသူတွေ အလုအယက် ငွေထုတ်ယူခဲ့ကြတာဖြစ်ပါတယ်။ တိုးတက်မှုကပဲ အကျပ်အတည်းဖြစ်ပွားရတဲ့ အကြောင်းရင်းခံဖြစ်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း Nothern Rock ဘဏ်ရဲ့ နှစ်စဉ်ပျမ်းမျှတိုးတက်မှုနှုန်းကို ပုံ-၄ မှာ ဖော်ပြထားပါတယ်။

ဒီနေရာမှာ ကောက်ချက်ချစရာတစ်ခုပဲရှိတာက စီမံခန့်ခွဲမှု ညီမျှခြင်းမှာ မတည်ငွေရင်းအဆင့်က မှီခိုကိန်းရှင်ဖြစ်ခဲ့တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဆိုလိုတာက စုစုပေါင်း ရပိုင်ခွင့်နဲ့ ရပိုင်ခွင့် ဆုံးရှုံးနိုင်ခြေအလေးပေးမှုအကြား ကွာဟချက်ကြီးမားလွန်းတာ ရှင်းရှင်းလင်းလင်းမြင်တွေ့နေရတယ်လို့ ဆိုပါတယ်။ ပိုပြီး ရှင်းအောင်ပြောရရင် အရင်းအနှီး နည်းနည်းနဲ့ ချေးငွေတွေ အလွန်အမင်းထုတ်ချေးထားတဲ့သဘော ဖြစ်ပါတယ်။ ဒါကလည်း အဲဒီအချိန်က မတည်ငွေရင်းလိုအပ်ချက် စံနှုန်း တွက်ချက်ရာမှာ အသုံးပြုတဲ့ စံနှုန်းက ဘာဆယ်-၁ ဖြစ်တဲ့အတွက် မတည်ငွေရင်းလိုအပ်ချက်တွက်ချက်ရာမှာ ရပိုင်ခွင့်ဆုံးရှုံးနိုင်ခြေအလေးပေးတွက်ချက်တဲ့ နည်းလမ်းတစ်ခုကိုပဲ အားကိုးကျင့်သုံးရတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီအချိန်က ဘာဆယ်-၂ ကို အပြည့်အဝလိုက်နာကျင့်သုံးတာ မရှိတဲ့အတွက်ကြောင့်လို့လည်း ဝေ ဖန်သုံးသပ်ခဲ့ကြပါတယ်။ Nothern Rock ဘဏ်ရဲ့ ကောင်းမြတ်တဲ့စက် ၀ိုင်းထဲမှာ ဖော်ပြထားတဲ့ အကျိုးအ မြတ်ရှိစေတဲ့ မတည်ငွေရင်းဆိုတာ က မတည်ငွေရင်းအနည်းဆုံးနဲ့ လုပ်ငန်းဆောင်ရွက်တာကို ဆိုလိုရင်းဖြစ် တယ်လို့ဆိုပါတယ်။

နောက်ဆုံးအနေနဲ့ လေ့လာ သုံးသပ်ခဲ့တဲ့အချက်က ရှယ်ယာတစ်စုအပေါ်အမြတ်ရရှိမှု၊ ရှယ်ယာ စျေး နှုန်းနဲ့ ကြွေးမြီနဲ့ပိုင်ဆိုင်မှုအချိုးတို့ အကြား အနီးကပ်ဆက်စပ်မှုက ပို ပြီးထင်ရှားပေါ်လွင်စေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ငွေရေးကြေးရေး အခြေခံသင်တန်းတွေမှာ သင်ကြား ပို့ချပေးနေတဲ့ သင်ခန်းစာအရ ကြွေး မြီနဲ့ ပိုင်ဆိုင်မှုအချိုးက အသွားနှစ်ဖက်ပါတဲ့ဓားလို့ တင်စားပြောဆိုနေကြပါတယ်။ Nothern Rock ဘဏ်ပေးတဲ့ သင်ခန်းစာအရ သုတေသီတွေရဲ့အမြင်မှာ ဘဏ်ရဲ့ကြွေးမြီနဲ့ ပိုင်ဆိုင်မှုအချိုးက ဥရောပနိုင်ငံတွေ အကြား အမြင့်ဆုံးအချိုးဖြစ်တဲ့ ၅၈ ဆ (58*assets: equity) ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ကြတယ်ဆိုတာကို တင်ပြလိုက်ရပါတယ်။ (ပုံ-၅)

Most Read

Most Recent