(၁) မကြာသေးခင် အချိန်ကာလများက ရရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေး ဖြစ်ထွန်းတိုးတက်မှုများနှင့်ပတ်သက်၍ လေ့လာသူများ စိတ်ဝင်တစားရှိနေကြ၏။
နိုင်ငံတစ်နိုင်ငံသည် ကမ္ဘာ့ရေးရာ အခြေအနေများ၌ ခက်ခဲကျပ်တည်းမှုများ ရှိနေသည့် အချိန်အတွင်းမှာပင် ကောင်းမွန်သော သံခင်းတမန်ခင်းဖြင့် အခြေအနေကောင်းများ ဖန်တီးရရှိနိုင်သည်ဟူ၍ မှတ်ချက်ပြုကြသည်လည်းရှိသည်။ အားလုံးသတိထားမိသည်မှာ ကမ္ဘာ့စီးပွားရေး၊ နိုင်ငံတကာအရေးတို့၌ အကျပ်အတည်း ဖြစ်ပေါ်နေစဉ်မှာပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်-အေအိုင်အိုင်ဘီ (Asian Infrastructure Investment Bank- AIIB) ထံမှ ချေးငွေအကူအညီများ ရရှိခဲ့ခြင်းဖြစ်သည်။
(၂) အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်- အေအိုင်အိုင်ဘီ (AIIB) သည် တရုတ်နိုင်ငံ၊ ပေကျင်းအခြေစိုက်၍ အာရှဒေသ၏ စီးပွားရေးတိုးတက်မှုများနှင့် လူမှုရေး မျှော်လင့်ချက်များအတွက် လုပ်ဆောင်နေသော နိုင်ငံစုံပါဝင်သည့် မာလ်တီနေရှင်နယ် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ အဓိကအားဖြင့် အာရှနိုင်ငံများအတွက် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အားထုတ်မှုများပြုလုပ်ရာတွင် ထိုအဖွဲ့အစည်းကို အားကိုးအားထားပြုနေသည်ဖြစ်ရာ ယခုအချိန်၌ အေအိုင်အိုင်ဘီ (AIIB) ထံမှ ချေးငွေရယူနေသည့် ပဥ္စမမြောက်နိုင်ငံပင်ဖြစ်နေသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် အေအိုင်အိုင်ဘီ (AIIB) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လျှပ်စစ်ကဏ္ဍအတွက် ကြီးမားသောအကူအညီအဖြစ် ပရောဂျက်နှစ်ခုအတွက်ချေးငွေများ ခွင့်ပြုပေးခဲ့သည်။ ၅၈၄ မဂ္ဂါဝပ်အားရှိသည့် ဓာတ်ငွေ့တာဘိုင်နှင့် ရေနွေးတာဘိုင်တို့ ပေါင်းစပ်ထားသည့် ဓာတ်အားပေးစက်ရုံ (combined-cycle gas turbine-CCGT) အတွက် အမေရိကန်ဒေါ်လာ သန်း ၁၁၀ နှင့် ဓာတ်အားဖြန့်ဖြူးရေးစနစ် ပြုပြင်မွမ်းမံခြင်းနှင့် တိုးချဲ့ခြင်းအတွက် အမေရိကန်ဒေါ်လာ ၁၆၅ သန်းတို့ဖြစ်သည်။ ချေးငွေပြန်လည်ပေးဆပ်ရမည့် ကာလကြာမြင့်မှုမှာ ၁၈ နှစ်ဖြစ်ပြီး အတိုးမှာ သုည ဒသမ ၆၀ ရာခိုင်နှုန်း ဖြစ်သည်။ ထိုပရောဂျက်နှစ်ခုသည် နိုင်ငံ့စွမ်းအင်ကဏ္ဍအတွက် မှတ်တိုင်သစ်ဖြစ်ပြီး ကျေးလက်ဒေသရှိ လူပေါင်း ၁၂ ဒသမ ၅ သန်းအတွက် အကျိုးဖြစ်ထွန်းမှုရှိမည်ဟု ခန့်မှန်းထားသည်။
(၃) ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံ၏ ၂၀၂၁-၂၀၄၁ စီမံကိန်း၌ အခြေခံအဆောက်အအုံ လိုငွေပြမှုအခြေအနေကို လျှော့ချရပ်တန့်ရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ချက်များ ထည့်သွင်းထားသည်။ ထိုသို့ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြီးမားသော စီမံကိန်းရည်မှန်းချက်များ ချမှတ်ထားချိန်တွင် ကမ္ဘာ့နိုင်ငံများအကြား နိုင်ငံတကာရေးရာကိစ္စများမှာ မတည်မငြိမ်ဖြစ်ပေါ်လျက်ရှိရာ အနောက်ကမ္ဘာနှင့် တရုတ်နိုင်ငံ၊ ရုရှားတို့အကြား သဘောထားကွဲပြားမှုများမှာလည်း ပိုမိုကြီးမားလာနေသည်ကို တွေ့နေရသည်။ ဘင်္ဂလားဒေ့ရှ်သည် အခြားနိုင်ငံများကဲ့သို့ပင် မတည်ငြိမ်သောနိုင်ငံတကာအခြေအနေများ၏ သက်ရောက်မှုများကို ခံစားနေရ၏။ သို့သော် နိုင်ငံအချို့ထံမှ အကူအညီများ ရယူလုပ်ဆောင်နိုင်စွမ်းလည်း ရှိနေသည်။ ထို့ကြောင့် သုတေသီများက ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးများ အားပြိုင်မှုများကြား၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ချိန်ဆလုပ်ဆောင်နိုင်စွမ်းကိုလည်းကောင်း၊ သတိကြီးစွာ ပုံဖော်နေသည့် စီးပွားရေး သံခင်းတမန်ခင်း အခြေအနေကိုလည်းကောင်း စိတ်ဝင်တစားရှိနေကြခြင်းဖြစ်သည်။
(၄) စီးပွားရေးသံခင်းတမန်ခင်း (Economic Diplomacy) ဆိုသည်မှာ ယေဘုယျအားဖြင့် နိုင်ငံ၏ စီးပွားရေးဆိုင်ရာ အကျိုးဖြစ်ထွန်းမှု များဖြစ်သော ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုစသည့် အခြေအနေများ ပိုမိုအားကောင်းလာစေရန် လုပ်ဆောင်သည့် သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုများကို ရည်ညွှန်းသည်။ နိုင်ငံတစ် နိုင်ငံသည် အောင်မြင်သော စီးပွားရေးသံခင်းတမန်ခင်းကို နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ဆောင်နိုင်ပေသည်။ ယခုအချိန်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ၎င်း၏စီးပွားရေး သံခင်းတမန်ခင်းကို နိုင်ငံ့စီးပွားရေးအတွက် ထိရောက်စွာ အသုံးချနေလေပြီ။
လက်ရှိအခြေအနေ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးတွင် အလုပ်ဖြစ်နေသည်ဟုဆိုနိုင်သည်။ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြုှပ်နှံမှုဘဏ်-အေအိုင်အိုင်ဘီ (AIIB) ၏ အဓိက ပလေယာ (Player) မှာ တရုတ်နိုင်ငံဖြစ်နေကြောင့် ယခုကဲ့သို့ သုံးသပ်ကြခြင်းဖြစ်လိမ့်မည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ထိုအခြေအနေများမှတစ်ဆင့် နိုင်ငံ၏စွမ်းအင်ကဏ္ဍ၌ တရုတ်ရင်း နှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရန် လမ်းကြောင်းတစ်ခု ဖန်တီးသကဲ့သို့လည်း ဖြစ်သွားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အားထုတ်မှုများသည် လတ်တလော စွမ်းအင်ဆိုင်ရာ ပြဿနာများကို ကျော်လွှားနိုင်ရုံ သာမက အနာဂတ်ကာလများ၌ ပြည်တွင်းစွမ်းအင်ဖူလုံမှု ရရှိလျက် နိုင်ငံ့စီးပွားရေး အခြေအနေကို မြှင့်တင်ပေးနိုင်လာနိုင်သည်ဟု ကောက်ချက်ချကြသည်။
(၅) နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး သံခင်းတမန်ခင်းသည် ဆင်းရဲနွမ်းပါးမှု၊ မညီမျှမှုနှင့် ရေရှည်ဖွံ့ဖြိုးတိုး တက်မှုကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်မှုများကို ဖြေရှင်းနိုင်ရေး အားထုတ်မှုများအားလုံးနှင့် ပတ်သက် အကျုံးဝင်နေလေပြီ။ ယနေ့ကာလ ကမ္ဘာ့နိုင်ငံအားလုံး ကြုံတွေ့နေရသော မသေချာမရေရာမှုဒီဂရီကြီး မားသည့် နိုင်ငံတကာရေးရာ အခြေအနေများတွင် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကို ကျော်လွှားနိုင်ရေး အားထုတ်ရာ၌ စီးပွားရေး သံခင်းတမန်ခင်းသည် နိုင်ငံတစ်နိုင်ငံချင်း အထူးအလေးထားလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်လာသည်။
(၆) လက်ရှိအချိန်အထိ နိုင်ငံအားလုံး စိုးရိမ်နေသည်မှာ စွမ်းအင်စျေးကွက် အလှုပ်အခါဖြစ်သည်။ ရုရှား-ယူကရိန်း ပဋိပက္ခစစ်ပွဲ၏ အကျိုးဆက် သက်ရောက်မှုများကြောင့် အနောက်နိုင်ငံ စွမ်းအင်စျေးနှုန်းများ လှုပ်ယမ်းခါသွားခဲ့ပြီဖြစ်သည်။ စွမ်းအင်စျေးနှုန်း မြင့်တက်မှုများကြောင့် ဥရောပနိုင်ငံများ၏ စီးပွားရေးအခြေအနေများအပေါ် အနုတ်လက္ခဏာ သက်ရောက်မှုများရှိခဲ့၏။ စွမ်းအင်ကဏ္ဍနှင့် စျေးကွက်များကဲ့သို့ လုပ်ငန်းသစ်များ (ပလေယာ အသစ်များ) ဝင်ရောက်လာကြသည်ကိုလည်း တွေ့ရ၏။ နိုင်ငံတကာ စွမ်းအင်နယ်ပယ်သည် သိသာသော အဟန့်အတားများ၊ အနှောင့်အယှက်များဖြင့် မသေချာမရေရာမှုများ ဆက်လက်ဖြစ်နေခဲ့သည်။
အနောက်နိုင်ငံ အကူအညီများနှင့် ဆက်စပ်မှုများရှိနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စွမ်းအင်ဖြန့်ဖြူးမှုနှင့် ထုတ်လုပ်မှုဖြစ်စဉ်များသည်လည်း ထိခိုက်မှုများရှိလာနေသည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လက်ရှိအကျပ်အတည်းမှ သက်သာရာရစေရန် စွမ်းအင်ကဏ္ဍ၌ မိတ်ဖက်အသစ်များ ရှာဖွေခြင်းကို ဦးစားပေးလုပ်ဆောင်လျက်ရှိနေပြီဖြစ်သည်။
(၇) ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နည်းလမ်းမျိုးစုံဖြင့် ဖွံ့ဖြိုးမှုမိတ်ဖက် နိုင်ငံအားလုံးကို အမြော်အမြင်ကြီးစွာ ချဉ်းကပ်လျက်ရှိသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍနှင့် အခြားသော စွမ်းအင်ရှာဖွေရေး လုပ်ငန်းများအတွက် ပြည်တွင်း ပြည်ပအရင်းအမြစ်နှစ်ခုစလုံးမှ အထောက်အပံ့အကူအညီ ရရှိနိုင်ရန်နှင့် စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံများ ဖြည့်ဆည်း ပံ့ပိုးပေးရန်မဟာဗျူဟာ၊ နည်းဗျူဟာများ ကျင့်သုံးဆောင်ရွက်နေပြီ ဖြစ်သဖြင့် အကျိုးရလဒ်ဖြစ်ထွန်းမှုများလည်း ရောင်နီမြင်နေကြရပြီ။
နိဂုံးချုပ်ဆိုရလျှင် တရုတ် နိုင်ငံ၊ ပေကျင်းအခြေစိုက် အေအိုင်အိုင်ဘီ (AIIB) ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စွမ်းအင်ကဏ္ဍအတွက် ပံ့ပိုးကူညီမှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကောင်းမွန်သော သံခင်းတမန်ခင်းကို တွေ့မြင်ရရုံသာမက တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးအခြေအနေ နက်ရှိုင်းစွာ ဖြစ်တည်နေဆဲကိုလည်း ပြသနေသကဲ့သို့ပင်။










