ရှမ်းရိုးမပေါ်က စျေးနေ့

ရှမ်းရိုးမပေါ်က စျေးနေ့
Published 25 March 2023
■ Written by : ဇော်ဌေးလွင်

အိပ်မက်တတ္ထုံကျမ်း အလိုအရဆိုရလျှင် စိတ်စွဲလမ်းလျှင် လည်းကောင်း၊ သွေး လေခြောက်ခြားလျှင်သော်လည်းကောင်း၊ထိုအိပ်မက်သည်လည်း မက်တတ်၏ဟုဆိုရာ  ရှမ်းရိုးမပေါ်မှငါးရက်တစ်စျေးများက ဓလေ့ထုံးစံအိပ်မက်၊ စျေးနေ့မှာ စျေးမရောက် မဝယ်ဖြစ်မခြမ်းဖြစ်လျှင် စားရေးသောက်ရေး အခက်အခဲတစ်ခုကြုံတွေ့ရတော့မည့်ပမာ သွေးလေခုန်တတ်လေတော့ သူတို့ ငါး ရက်တစ်အိပ်မက်ကို အတူတကွ မက်ကြ လေသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၄၀၈၂ ပေကိုဖြတ်သန်းတိုက်ခတ်လာသော တပေါင်းလေက နွေးနွေးထွေးထွေးရှိလှသည်။ခြေခင်း လက်ခင်းသာသော နွေလမို့ ကြွင်းခဲ့သော ဆောင်းရက်များလို အုံ့ဆိုင်းမနေတော့။

ရွာငံ၏စျေးနေ့မနက်ခင်းက လင်းကျင်း နေသည်။ စျေးသည်စျေးဝယ်သက်သောင့်သက်သာရှိလှသည်။ ရွာငံမြို့နယ် အနေ အထားဖြင့် ရွာငံစျေးနေ့၊ မြင်းကျဒိုးစျေးနေ့၊ မြိုင်စျေးနေ့၊ကျောက္ကူပြင်နှင့် နွားဘန်းကြီး စျေးနေ့ နောက်ရေဦးစျေးနေ့ ပြီးတော့တစ်ဖန် ရွာငံစျေးနေ့ ၊ မြို့နယ်တွင်း အထင်ကရစျေးနေ့ တွေကို စျေးနေ့ ဆော့ဖ်ဝဲဖွင့်ဖတ်နေမိသည်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာက ငါးရက် တစ်စျေးပေါင်း ၅၀ ရှိသည်ဟု တစ်ခါကစျေး နေ့ပြက္ခဒိန်မှာ မှတ်သားဖူးသည်။

စျေးနေ့ပေါင်း ၅ဝရှိပေမယ့် စျေးနေရာ က ၅၀ မကပေ။ တစ်နေ့တည်း နှစ်နေရာ၊ သုံးနေရာဖြစ်နေတတ်သည်မို့ အလုံးစုံကို မမှတ ်မနိုင်တော့ပေ။ စျေးနေ့သည်သာ သူ တို ့အတွက် အင်ဖော်မေးရှင်းစင်တာ၊ရှော့ပင်း မော၊စူမားကတ်ပင်။

လက်ကိုင်ဖုန်းတွေ အိမ်တိုင်းစေ့ရှိ နေ သော်လည်း ပြောရေးဆိုတာရှိလာလျှင် ဟယ် လိုနဲ့ အားမရ။ လူကြုံဖြင့်စကားပါးရသည် ကလည်း စျေးနေ့ပင်။

“ရော် ခက်ပြန်ရော သူတို့နေတာကိုက တောင်ကြားထဲမှာရေး ဘယ်လိုမှ ဖုန်းခေါ် မရတာ ။တွေ့ရင်ပြောလိုက်ဦး။ထောပတ်သီး ဖိုးလာပေးလှည့်လို့”။ အဲ့တာနဲ့ တစ်ရာသီ ပြီး ပြန်ရော။သာရေးလည်းသာရေးအလျောက်၊ နာရေးလည်းနာရေးအလျောက် တခုတ်တရ မှာကြားလိုက်မှ ၊ ဘယ်လောက်ရင်းနှီးပါစေ ဖိတ်စာနာမည်တပ်လေးနဲ့မှ အဆင်ပြေတတ်၊ အရေးထား တတ်တာမို့ ထိုအချိန်မှာ I phone  တောင်အသုံးမဝင်။ ဆုံမိဆုံရပ်ကလည်း စျေး နေ့စျေးနေရာဆိုတော့ စျေးနေ့သည်သာ သူတို့၏ အင်ဖော်မေရှင်းစင်တာ dating ပြု ရာပင်။

စျေးနေ့ကအသီးအပွင့် ခက်လက်စိမ်းမြ စေရာနေ့ဆိုလျှင် စျေးနေ့မတိုင်မီရက် စျေး ကြို နေ့ကလည်း အခက်အညှာခိုင်အောင် ပွင့်ရိပ် သီးပန်းသန်းသောနေ့ပင်။

ထိုတစ်ရက်က တောင်ပေါ်ဒေသ အဖို့ ပြက္ခဒိန်ပေါ်က ဂဇက်ဝင်နေ့များထက်အရေး ပါသည်။ထိုနေ့မှာ လုပ်အားခ ရှင်းရသည်။ကြွေးမြီဟောင်း ရှင်း၍ကြွေးမြီသစ် မှတ်ရ သည်။တစ်နည်းဆိုသော် ငါးရက်စျေးတစ်ပတ် ၏စာရင်းစစ် ဝင်သောနေ့ပင်။ ထိုရက်မှာ တောရမ်းခ ဘယ်၍ဘယ်မျှ၊ ပေါင်းနုတ်သီး ဆွတ်ခကဘယ်၍ ဘယ်မျှဖြင့် ပေးချေရသည်။ ထိုနေ့မှာ ယာရှင်ခြံရှင်ဟူ၍ ခေါင်းမော့နေ၍ မရ လုပ်အားတန်ဖိုးက စကားပြောလာတော့ မှာမို့ ကျေလည်အောင် စီမံရသည်သာ။

မကျေလည်လည်း ပြေလည်သလိုစီမံ ကာ စျေးနေ့တော့ ရောက်ရသည်ချည်းသာ။တကူးတက ဝယ်ခြမ်းစရာမရှိသော်လည်း စျေးလည်သွားခြင်းကလည်း တောင်ပေါ် စျေးနေ့များ၏ မရိုးနိုင်သောဖက်ရှင်ပင်။

        စျေးနေ့တိုင်း အမြဲစည်ကားနေသည်က ပန်းတန်းဖြစ်သည်။ ဂန္ဓမာတွေ၊ မေမြို့ပန်း တွေ တစ်စည်းတစ်ထောင်၊ သုံးစည်း ထောင့် ငါးရာရှေ့မှာ ၀ိုင်းအုံနေကြသည်။စားသောက် ကုန်က နောက်မဝယ်မယ် ။ အိမ်က ဘုရားပန်း တော့ အညိုးမခံလိုသော သဒ္ဓါတရားက ရှေ့ ဆောင်နေလေသောကြောင့်ဟု ဆိုရမလား ပင် ရွာငံစျေး၏ အရောင်းသွက်တစ်ဆယ်မှာ ဘုရားပန်းက နံပါတ် ၁ ဖြစ်နေသည်။

 ခြွင်းချက်အနေဖြင့် တရုတ်နှင်းဆီ တစ်စည်း ရှစ်ထောင်ဆိုသည်ကိုတော့ မသိချင် ယောင်ဆောင်သွားကာ မီးမလောင် (မိုးမခ) တစ်စည်းတစ်ထောင်နဲ့ထိုးထားစမ်းပါ့ တစ်လ လောက်တော့အသာလေးဟုဆိုကာ ဒေသမျိုး ရင်းတွေကိုတန်ဖိုးထားနေကြပြန်သည်။

“စျေးတစ်နေရာမှာ‌‌တော့ ခပ်ဖိုင့်ဖိုင့်လူ တစ်ယောက်က ကတ်ထူပြားစက္ကူချပ်ကြီးပေါ် ဘော့ပန်တစ်ချောင်းဖြင့် ရေးမှတ်နေသည်။ကျွန်တော်လည်းမယောင်မလည်သွားကြည့် တော့ ပါးစပ်တတွတ်တွတ်နှင့်။ထိုကတ်ထူ စာရွက်ကသူ့အတွက် စျေးဝယ်အော်ဒါစာရင်း လေ။ အသက်သာ အသေခံသွားမယ် သူ စာရင်း အမှားမခံ။

ခရမ်းချဉ်းသီးတစ်လုံး၊ကြက်သွန်တစ်ဥတောင်အလွဲချော်မခံ ။ စျေးမှာစာရင်း ငုံ့ ဖတ်နေသော ကျွန်တော်ကို ပြန်ကြည့်ရင်း ဖြေရှင်းချက်က ထုတ်သေးသည်။

မရဘူး ကိုယ့်လူရ။ လှူဖွယ်ပစ္စည်းစာရင်းကလည်းပါသေး။ရပ်ထဲရွာထဲကလည်းမှာသေး။ဘုန်းကြီးမှာလိုက်တဲ့ ဘေဖြည့် ကတ် လည်းပါသေး။တစ်ခုမှလွတ်လို့မရဘူးဗျ။ သူ မောနေတာ ကျွန်တော်နားလည်သွား သည်။  အကျိုးဆောင်အလုပ်ပေမယ့် ကုသိုလ်စိတ် ကဦးဆောင်နေ၍လား၊ ဝယ်ခြမ်းနေကြ အ ဝယ် တော်လိုမို့ သူ့ခမျာ မောတယ်မထင်ရဘဲ ပျော်နေပုံပင်ရပေသည်။ဘာရယ်မဟုတ် ပေ မယ့်စျေးနေ့ကတွေ့ကြုံခဲ့သော စျေးစာရင်းကတ်ထူစာရွက်တစ်ရွက်ဖြင့် ကုသိုလ်ဖြစ် စျေးဝယ်နည်းလမ်းညွှန်ကျမ်းကို ဖတ်လိုက်ရ သလိုပင်။

စျေးတစ်နေရာမှာတော့ စျေးသွား စျေး လာတွေကွက်ကြည့်ကွက်ကြည့်ဖြင့် စူးစမ်း လေ့လာဟန် ပေါက်နေသည်။ စျေးဝယ်သူ အချို့လည်း ဝိုင်းနေသည်မို့ ဝင်ကြည့်ရာ ရောင်းသည့်ကုန်က အီကုတ်တဲ့။

သူကလည်း ဒေသထွက်ကုန် ရာသီစာ ဟု ခေါ်ရမလားပင်။ သူကတော့ အရောင်း သွက်ထဲမပါသော်ငြား အမေးသွက်ထဲတွင် ထိပ်ဆုံးကဦးဆောင်နေသည်။

“ ခုလိုခါပဲရတတ်တာ။၁ဝကောင် သုံး ထောင်။၁ဝကောင်ယူရင် နှစ်ကောင် အပို ပေးမယ်။အခွံလှောပြီး(အခွံခွာပြီး)ကြက်ဥနဲ့ ကြော်စား အားကြီးကောင်းတာ”ဟုချက် နည်းပါ ပို့ချနေသည်။

စျေးဝယ်သူအချို့ကတော့ စျေးမေး အ ကောင်ရွေးကြည့်ပြီးမှ ကြိုက်မှကြိုက်နော်။ကျန်းမာရေး သိပ်မကောင်းသေးလို့ မစားရဲ သေးဖူးဟုဆိုကာ ပြန်လှည့်သွားသည်က ခပ် များများပင်။ စျေးကြောင့်လား ကျန်းမာရေး ကြောင့်လား ဆိုသည်ကိုတော့ ကိုယ်လည်း မဝေခွဲတတ်ပြန်ပေ။ စျေးသည်ကလည်း ရောင်း ရသည်မရှိ ဒိုင်ခံဖြေကြားနေရသည် ကိုကြာတော့ စိတ်ရှည်မရတော့။

စျေးပြန်သူတို့၏ လက်ထဲတွင် ပန်းပွင့် ဖြူဖြူအထုပ်လေးများဆွဲကာ ပြန်ကြသည် ကို သတိထားမိ၍ စူးစမ်းကြည့်ရာ။ တလပန်း ပွင့်တွေတဲ့။ တလပွင့်ဆိုတာကလည်း ရှမ်း ပြည်နယ်၏ အထင်ကရ ပန်းပင်ဖြစ်သည်။ ချယ်ရီပွင့်တွေလို ထင်ရှားဂုဏ်နည်း သော် လည်း တောင်စောင်းတစ်လျှောက်မှာ ဖြူဖြူ လွင်လွင် ပွင့်နေတတ်ကြသည်။

ပန်းပွင့်လေးမို့ အလှကြည့်ရုံသက် သက် သာမကပဲ အပွင့်ကိုလည်း မက်မက်မောမော သုပ်စားကြပြန်ရာ စား သောက်ကုန် ဖြစ်နေ ပြန်သည်။လက်တစ်ခုပ်သာသာ လောက်ကို နှစ်ရာဆိုတော့ တစ်ခဏပင် စျေးသည်က ပုဆိုးပိုင်းလေးကို ဖုန်ခါကာ ဆိုင်သိမ်းလေ သည်။

ဆည်ရည်ကန်ရေမရှိ ၊ရေသွင်း စိုက်ပျိုး လေ့မရှိဘဲ မိုးရေကို အားထား စိုက်ပျိုးလေ့ ရှိရာ ယခုကဲ့သို့ နွေကာလ စိုက်ပျိုးရေးလုပ်ငန်း များရပ်နားလေ့ရှိသည့် တောင်ပေါ်မြို့လေး၏တောင် ယာမီးခိုး များက ဟိုတညွှန့် ဒီတလူဖြင့် တအူအူဝေ့သီနေသည်။

စိုတ်တတ်ပျိုးတတ်၊အသွေးအသား ထဲ ကအညွှန့်အညှောက်ပေါက်အောင် တောင်ယာကိုခ င်တွယ်ကြသော်ငြား နွေဥတု၏ စိုက် ပျိုးရေးချဉ်ခြင်းက နေပြင်းအောက်က ၀ါကြင့် ကြင့် ရိုးပြတ်ဖုံးတောင်ကုန်းများကဲသို့ ခြောက် သွေ့နေချေသည်။မိုးများသော်လည်း ရေရှား သည်က စဉ်းစားစရာပင်။

ကုန်စိမ်းသည်တစ်ဦးကတော့ “ ရေသွင်း ရေနီးတဲ့ဆီကသူတွေစိုက်လို့သာ အသီး အနှံမြင်ရတာ။ ဒီလိုအချိန် တော်တန်နဲ့ မစိုက် ကြဘူး။ ငရုတ်သီးစိမ်းတစ်ဘူး ခုနစ်ရာရောင်း နေရတာကို အားနာလှပါပြီ။ မိုးကုန်မှပဲ ပေါ ပေါ ရောင်းပေးနိုင်တော့မယ်”ဟု ဆိုရာ မိုး ခေါင်နေသော ကောင်း ကင်ကို ငေးမောကြည့် နေမိသည်။

သူဝယ်နေကြ ဆေးလိပ်သည်ကတော့  သနပ်ဖက်နှင့် ဆေးရွက်ကြီးအကြောင်းမပြော ဘဲ ချဉ်ပေါင်ရွက်မှစကာ အနော်ရထာထိ ရောက်အောင် ပြောနေသည်။

 “ ခုချိန်ဒီမှာက ချဉ်ပေါင်ရွက်တောင် ငါးရာဖိုးလောက်ဝယ်မှ ချဉ်ရေတစ်အိုး ဖြစ် ရတာ။ဟိုရက်ကကျောက်ဆည်ရွှေသိမ်တော် ဘုရားသွား ကန်တော့ပွဲပေးရင်း တွေ့ခဲ့တာ စိုက်ခင်းတွေထဲမှာရေကိုဖွေးနေတာပဲ။ရှေးတုန်းကအနော်ရထာမင်းကြီးများတိုင်းပြည် အပေါ်စေတနာ၊မေတ္တာကောင်းလိုက်တာ။ရှေးတုန်းကမင်းတွေက သီလကောင်းလိုက် တာ”ဟု မြည်တမ်းနေပြန်ရာ ကိုယ့်မှာ  ပြန် မမေးရဲ။ ကာလဝိပတ္တိမှ ကင်းလွှတ်ကြပါစေ ဟုသာ တီးတိုးဆုတောင်းနေမိသည်။

ကိုဗစ်ကာလအတွင်းမှာတောင် စျေး ပိတ် သည် မရှိဘဲ ဖွင့်သာသရွေ့ဖွင့်ခဲ့ကြသော  တောင်ပေါ်ဒေသများ၏ ငါးရက်တစ်စျေးများ ကတော့ သူ့ဒေသ၊ သူ့စျေးရက် ကလင်ဒါကျ အတိုင်း လည်ပတ်ကာ ရောင်းဝယ်ဖောက ် ကား၍နေကြဦးမည်သာ။

Most Read

Most Recent