ဒေသတွင်း ခြိမ်းခြောက်မှုများနှင့် ပြန်လည်ပြေလျော့လာသည့် ဂျပန်-တောင်ကိုရီးယားဆက်ဆံရေး

ဒေသတွင်း ခြိမ်းခြောက်မှုများနှင့် ပြန်လည်ပြေလျော့လာသည့် ဂျပန်-တောင်ကိုရီးယားဆက်ဆံရေး
တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုနှင့် ဂျပန်ဝန်ကြီးချုပ်ကိရှိဒတို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဝန်ကြီးချုပ်နေအိမ်၌ တွေ့ဆုံစဉ် (Photo: Reuters)
တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုနှင့် ဂျပန်ဝန်ကြီးချုပ်ကိရှိဒတို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဝန်ကြီးချုပ်နေအိမ်၌ တွေ့ဆုံစဉ် (Photo: Reuters)
Published 21 March 2023
TRANSLATED - ဖြိုးဟိန်းကျော်

ကာလကြာမြင့်စွာ ဆက်ဆံရေးတင်းမာနေမှုကို ပြေလျော့စေရန် ဦးတည်သော တောင်ကိုရီးယားနှင့် ဂျပန် ခေါင်းဆောင်နှစ်ဦး၏ ထိပ်သီးဆွေးနွေးပွဲအတွင်း သံတမန်ဆက်ဆံမှုများကို ပြန်လည်စတင်ရန် ကတိပြုခဲ့ပြီး အပြန်အလှန် အထိနာစေရန် ချမှတ်ထားသည့် ကုန်သွယ်ရေးအစီအမံများကို အဆုံးသတ်ကြောင်း ကြေညာခဲ့သည်။

ဒေသတွင်း၌ အမေရိကန်၏ အဓိကမိတ်ဖက်များဖြစ်သည့် အိမ်နီးချင်း တောင်ကိုရီးယားနှင့် ဂျပန်တို့သည် စစ်အတွင်း ဂျပန်တို့က အဓမ္မအလုပ်စေခိုင်းခဲ့သည့် ကိစ္စရပ်အတွက် နှစ်ပေါင်းများစွာ ခါးခါးသီးသီး အငြင်း ပွားခဲ့သည်။

ဂျပန်ကုမ္ပဏီများအနေဖြင့် အဓမ္မအလုပ်စေခိုင်းခံခဲ့ရသည့် ကိုရီးယားလူမျိုးများကို နစ်နာကြေးပေးရမည်ဟု ၂၀၁၈ ခုနှစ်တွင် တောင်ကိုရီးယား တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုဆိုး ရွားလာခဲ့သည်။ သို့ရာတွင် ၁၉၆၅ ခုနှစ် သဘောတူညီချက်မှ အကျိုးခံစားခွင့်ရရှိခဲ့သည့် တောင်ကိုရီးယား ကုမ္ပဏီကြီးများထံမှ ရန်ပုံငွေရယူကာ စစ်အတွင်းက ဂျပန်ကုမ္ပဏီများ၏ အဓမ္မအလုပ်စေခိုင်းခံခဲ့ရသည့် ကိုရီးယားလူမျိုးများကို နစ်နာကြေးပေးမည့် အစီအစဉ်ကို မတ်လ ၆ ရက်တွင် တောင်ကိုရီးယားက ကြေညာခဲ့သည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုသည် ဂျပန်နှင့်အငြင်းပွားမှုကို အဆုံးသတ်ကာ မြောက်ကိုရီးယားကဲ့သို့သော ဒေသတွင်း စိန်ခေါ်မှုများကို တစ်ညီတစ်ညွတ်တည်း လက်တွဲရင်ဆိုင်သွားရန် စိတ်အားထက်သန်လျက်ရှိသည်။

၎င်းတို့နှစ်ဦး၏ ထိပ်သီးဆွေးနွေးပွဲအပြီးတွင် ယုံကြည်မှု တည်ဆောက်ရန်အတွက် နှစ်နိုင်ငံ ခေါင်းဆောင်များ တစ်နိုင်ငံမှတစ်နိုင်ငံသို့ အပြန်အလှန် ကူးလူးသွားလာမှုများ ပုံမှန်ပြန်လည်စတင်ရန် သဘောတူညီခဲ့သည်ဟု ဂျပန်ဝန်ကြီးချုပ်က ကြေညာခဲ့သည်။

ယခုနှစ်မေလတွင် ဟီရိုရှီးမားမြို့၌ လက်ခံကျင်းပမည့် ဂျီ-၇ ထိပ်သီးအစည်းအဝေးသို့ သမ္မတယွန်းကို ဖိတ်ကြားခြင်းနှင့် အပြန်အလှန်အနေဖြင့် ဝန်ကြီးချုပ်ကိရှိဒ၏ တောင်ကိုရီးယားခရီးစဉ်တို့သည်လည်း ဖြစ်လာဖွယ်ရှိကြောင်း ဂျပန်မီဒီယာများကဖော်ပြသည်။

“လတ်တလော မဟာဗျူဟာဝန်းကျင် အခြေအနေအရ ဂျပန်-တောင်ကိုရီးယား ဆက်ဆံရေးကို ခိုင်မာအားကောင်းအောင် လုပ်ဆောင်ဖို့အလွန်အရေးကြီးတယ်” ဟု ၎င်းတို့နှစ်ဦး၏ တွေ့ဆုံမှုအပြီးတွင် ပြုလုပ်ခဲ့သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ကိရှိဒက ပြောကြားခဲ့သည်။

“တောင်ကိုရီးယားသမ္မတရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ အပြန်အလှန် ယုံကြည်မှုကို ဖြစ်ထွန်းစေပြီး နှစ်နိုင်ငံဆက်ဆံရေးကို သိသိသာသာ မြှင့်တင်ပေးနိုင်မယ်လို့ မိမိယုံကြည်ပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရာတွင် လိုအပ်သော စက်မှုလုပ်ငန်းသုံး အဓိကကုန်ကြမ်းပစ္စည်းများကို တောင်ကိုရီးယားသို့ တင်ပို့မှု ပိတ်ပင်ကန့်သတ်ခြင်းအား အဆုံးသတ်မည်ဟု ဂျပန်ကုန်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး တောင်ကိုရီးယားကလည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO)ထံ တိုင်ကြားချက်ကို ပြန်လည်ရုပ်သိမ်းမည်ဟု ကြေညာခဲ့သည်။

ဂျပန်၏ ပို့ကုန်ကန့်သတ်မှုတွင် တီဗီနှင့်စမတ်ဖုန်းများ၏ OLED ဖန်သားပြင်အတွက် အသုံးပြုသည့် Fluorinated Polyimides နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရာတွင် အသုံးပြုသည့် Photoresist နှင့် Hydrogen Fluoride တို့ ပါဝင်နေသည်။

မိမိတို့ နှစ်နိုင်ငံလုံးသည် ပိုမိုခိုင်မာသော ဟန့်တားကာကွယ်ရေး စွမ်းရည်များကို တည်ဆောက်လိုပြီး ရပ်ဆိုင်းထားသည့် ဝန်ကြီးများအဆင့် ဆွေးနွေးမှုများနှင့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုများကို ပြန်လည်စတင်မည်ဖြစ်ကာ တရုတ်နှင့်လည်း သုံးနိုင်ငံဆွေးနွေးမှုများ ပြန်လည်စတင်မည်ဟု ကိရှိဒက ဆိုသည်။ ထို့အပြင် ကုန်သွယ်မှု အထူးအခွင့် အရေးခံစားခွင့်များကို ယခင်အတိုင်း အပြန်အလှန် ပြန်လည်ပေးအပ်ရေးအတွက်လည်း ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

နှစ်နိုင်ငံဆက်ဆံရေး ဆိုးဆိုးရွားရွား ကျဆင်းနေချိန်တွင် ရပ်ဆိုင်းထားခဲ့သည့် စစ်ဘက်ထောက်လှမ်းရေး သတင်းမျှဝေရေး သဘောတူညီချက်ကိုလည်း ပြန်အသက်သွင်းမည်ဟု တောင်ကိုရီးယား သမ္မတက ပြောကြားခဲ့သည်။

 

မြောက်ကိုရီးယား၏ဒုံးလက်နက်စမ်းသပ်မှု

တောင်ကိုရီးယားနှင့် ဂျပန်တို့ကို ပိုမိုနီးကပ်လာအောင် တွန်းပို့ခဲ့သည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုအဖြစ် သမ္မတယွန်း တိုကျိုသို့ မရောက်ရှိမီ နာရီပိုင်းအလိုတွင် မြောက်ကိုရီးယားက တာဝေးပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုပြုလုပ်ခဲ့သည်။

“ကျွန်တော် တိုကျိုကိုထွက်မလာခင်မှာ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် စမ်းသပ်ခဲ့တဲ့ လုပ်ရပ်ကို ကြည့်မယ်ဆိုရင် အရင်ကထက် ပိုမိုမြင့်တက်လာတဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားဒုံးလက်နက် အန္တရာယ်ဟာ တည်ငြိမ်အေးချမ်းမှုကို အကြီးအကျယ် ခြိမ်းခြောက်နေပါပြီ။ တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ အဲဒီလိုတရားမဝင် ခြိမ်းခြောက်မှုတွေကို ညီညီညွတ်ညွတ်နဲ့ ပါးပါးနပ်နပ်ကိုင်တွယ်ဖြေရှင်းဖို့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်”ဟုလည်း ယွန်းက ထပ်လောင်းပြောကြားခဲ့သည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံများဖြစ်သော တောင်ကိုရီးယားနှင့် ဂျပန်တို့သည် အမေရိကန်၏ မဟာမိတ်များဖြစ်သကဲ့သို့ အိမ်နီးချင်းနိုင်ငံများလည်း ဖြစ်သည့်တိုင် ကိုရီးယားကျွန်းဆွယ်ကို ဂျပန်က ၃၅ နှစ်ကြာ ကိုလိုနီပြုအုပ်ချုပ်ကာ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကျူးလွန်ခဲ့သည့် အတိတ်သမိုင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေးသည် ကာလကြာမြင့်စွာ အေးစက်နေခဲ့သည်။

ဂျပန်တို့ ကိုလိုနီပြုခဲ့စဉ်အတွင်း ကိုရီးယားလူမျိုးများအား ဂျပန်မိသားစုအမည်များကို အတင်းအကျပ် မှည့်ခေါ်စေခဲ့ပြီး ဒုတိယကမ္ဘာစစ် စတင်ချိန်တွင်လည်း ဂျပန်ဘုရင့်တပ်မတော်ထဲသို့ မဖြစ်မနေ ဝင်ရောက်စေခြင်း သို့မဟုတ် မိုင်းတွင်းများနှင့် စက်ရုံများတွင် အလုပ်စေခိုင်းခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ဂျပန်တို့သည် ၎င်းတို့စစ်သားများအတွက် ကိုရီးယားလူမျိုးအများအပြား အပါအဝင် အာရှတစ်လွှားမှ သောင်းနှင့်ချီသည့် အမျိုးသမီးများကို လိင်ဖျော်ဖြေမယ်များအဖြစ် အတင်းအကျပ် စေခိုင်းခဲ့သည်။

ဂျပန်ကမူ ၂၀၁၈ ခုနှစ် တောင်ကိုရီးယားတရားရုံး၏ ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ကာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ကာ ဒေါ်လာဘီလျံနှင့်ချီညီမျှသည့် စီးပွားရေး အထောက်အပံ့များနှင့် အတိုးနှုန်းသက်သာသော ချေးငွေများပါဝင်သည့် စစ်လျော်ကြေးပေးမှု အစီအစဉ်တို့ ပါဝင်သည့် ၁၉၆၅ ခုနှစ် သဘောတူညီချက်အရ ကိုလိုနီပြုစဉ်ကာလနှင့် သက်ဆိုင်သည့် ပြဿနာအားလုံး ပြေလည်သွားခဲ့ပြီဟု ဂျပန်က အခိုင်အမာပြောဆိုခဲ့သည်။

သို့သော် မြောက်ကိုရီးယား၏ အင်အားပြ ခြိမ်းခြောက်မှုများ၊ တရုတ်၏စစ်အင်အားကြီးထွားလာမှုအပေါ် စိုးရိမ်မှုများနှင့် ယွန်းဆက်ယို သမ္မတအဖြစ်ရွေးကောက်ခံရခြင်းတို့က တောင်ကိုရီးယား-ဂျပန် ပြန်လည် သင့်မြတ်ရေးကို အရှိန်အဟုန် မြင့်တက်စေခဲ့သည်။

 

အတော်အတန် ရှုပ်ထွေးနေ

ထိပ်သီးဆွေးနွေးပွဲနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲအပြီးတွင် ဂျပန်ဝန်ကြီးချုပ် ကိရှိဒက သမ္မတယွန်း တောင်းဆိုထားသည်ဟုဆိုသည့်  ကြက်ဥအုပ်ထမင်းကြော် အပါအဝင် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အပြင်ပန်းအားဖြင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနွေးထွေးလာသည့် လက္ခဏာများ မြင်တွေ့ရသော်လည်း နှစ်နိုင်ငံစလုံးအတွက် သိသာထင်ရှားသည့် စိန်ခေါ်မှုများရှိနေဆဲ ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ Ewha တက္ကသိုလ်မှ မြောက်ကိုရီးယားအရေးလေ့လာမှု ဘာသာရပ်ဆိုင်ရာ ပါမောက္ခဖြစ်သူ ပတ်ခ်ဝမ်ဂွန်းက သတိပေးခဲ့သည်။

“တောင်ကိုရီးယား-ဂျပန် ဆက်ဆံရေးဟာ ပုံမှန်အနေအထားကို ပြန်ရောက်စပြုလာပြီဖြစ်ပေမဲ့ အကျိုးရလဒ် အရကြည့်မယ်ဆိုရင် အတော်အတန် ရှုပ်ထွေးလာပါတယ်။ ဂျပန်ဝန်ကြီးချုပ် ကိရှိဒက အတိတ်သမိုင်း အတွက်တောင်းပန်ဖို့ ဘယ်လောက်အတိုင်းအတာအထိ ဆန္ဒရှိနေသလဲဆိုတဲ့အပေါ် မူတည်နေတယ်”ဟု ၎င်းက AFP သို့ ပြောကြားခဲ့သည်။

ဂျပန်က စစ်အတွင်းက လုပ်ရပ်များအတွက် သမိုင်းကြောင်းအရ တောင်းပန်မှုကို ဆက်လက်ထောက်ခံမည်ဟု ပြောဆိုထားသော်လည်း တောင်ကိုရီးယားပြည်သူ အများအပြားကမူ လုံလောက်မှုမရှိဟု ယူဆလျက်ရှိပြီး ဂျပန်ပါဝင်ပတ်သက်မှုမရှိသည့် သမ္မတယွန်း၏ နစ်နာကြေးအစီအစဉ်ကိုလည်း ကန့်ကွက်လျက်ရှိသည်။

သမ္မတယွန်းကမူ တောင်ကိုရီးယားအနေဖြင့် နောက်သို့ပြန်လှည့်မကြည့်ဘဲ အရှေ့ကိုသာ မျှော်ကြည့်ရန် တိုက်တွန်းပြောကြားခဲ့ပြီး တိုကျိုထိပ်သီးဆွေးနွေးပွဲသည့် နှစ်နိုင်ငံအကြား ကံအကြောင်းမလှသည့် အတိတ်သမိုင်းကို ပြည်ဖုံးကားချနိုင်ရေးအတွက် ပထမဆုံးခြေလှမ်းဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

အာရှဒေသမှ အဓိကမဟာမိတ်များ ပြန်လည်သင့်မြတ်မှုကို မြင်တွေ့လိုသည့် အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းကလည်း တောင်ကိုရီးယား-ဂျပန် ဆက်ဆံရေးနွေးထွေးလာမှုကို ကြိုဆိုခဲ့သည်။

လာမည့်ဧပြီလတွင် အမေရိကန်သို့ မသွားရောက်မီ အမေရိကန်နှင့် ဆက်ဆံရေးပိုမိုနီးကပ်လိုသည့် သဘောထားသည် သမ္မတယွန်း၏ ဂျပန်နှင့် သံတမန်ဆက်ဆံရေး ချဉ်းကပ်မှုအတွက် အကြောင်းရင်းတစ်ရပ် ဖြစ်နိုင်သည်ဟု Doshisha တက္ကသိုလ်မှ ကိုရီးယားအရေး လေ့လာမှုဘာသာရပ်၏ ပါမောက္ခဖြစ်သူ ယုခိ အာဆာဘက ဆိုသည်။

“ဂျပန်နဲ့ တောင်ကိုရီးယားအကြားက ကိစ္စရပ်တွေအတွက် အငြင်းပွားနေမယ်ဆိုရင် အမေရိကန်နဲ့ ဆက်ဆံရေးတိုးမြှင့်ရာမှာ အဟန့်အတား ဖြစ်လာနိုင်တာကို သမ္မတယွန်းက ရိပ်စားမိလို့ပဲဖြစ်တယ်”ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

 

ဒေသတွင်းအခြေအနေ အပြောင်းအလဲများ

ပြင်းထန်သော လုံခြုံရေးဝန်းကျင်ဟု ကိရှိဒ သုံးနှုန်းခဲ့သည့် အခြေအနေများကို မီးမောင်းထိုးပြနေသော ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေစဉ် ၎င်းတို့နှစ်ဦး၏ ထိပ်သီးဆွေးနွေးပွဲ ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။

မြောက်ကိုရီးယားသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို သတိပေးရန်ရည်ရွယ်သည့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုကို လုပ်ဆောင်ခဲ့ပြီး အဆိုပါ စမ်းသပ်မှုကို ခေါင်းဆောင်ကင်ဂျုံအွန်က ကြီးကြပ်ခဲ့သည်။

အရှေ့တရုတ်ပင်လယ်ရှိ ကျွန်းစုနှင့် ပတ်သက်၍ ဂျပန်နှင့်တရုတ်အကြား အငြင်းပွားမှုများသည်လည်း အရှိန်မြင့်တက်လျက်ရှိပြီး ပင်လယ်ရေကြောင်း ပိုင်နက်ကို ထိပါးနေသည်ဟု မကြာသေးမီက အပြန်အလှန် စွပ်စွဲထားသည်။ အစဉ်အလာအရ အမေရိကန်၏ သြဇာလွှမ်းမိုးမှု ပိုမိုကြီးမားသည်ဟု ရှုမြင်ထားသော ဒေသများတွင်လည်း တရုတ်က သံတမန်ရေး အောင်မြင်မှုများ ဆက်တိုက် ရရှိနေသည်။                    Ref: AFP,AP

Most Read

Most Recent