လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် (Freedom of Worship)

လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် (Freedom of Worship)
Published 19 March 2023

အခြေခံလွတ်လပ်ခွင့် လေးမျိုး ရှိသည့်အနက် မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်ပြီး လွတ် လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် (Freedom of Worship) ကို အခြေခံကာ တိုင်းပြည်အကျိုး၊ နိုင်ငံတော် အကျိုးနှင့် ပြည်သူပြည်သားများ၏အကျိုးကို ရှင်းလင်းတင်ပြရန်မှာ အနည်းငယ် တွန့်ဆုတ်နှောင့်နှေးခဲ့ ရပါသည်။

အဘယ်ကြောင့်ဆိုသော် အသိ ပညာ၊ အတတ်ပညာတို့ကို သင်ကြားပြသပေးသည့် ဆရာဆရာမ များအား (၁)ဘုရား၊ (၂) တရား၊ (၃) သံဃာ၊ (၄) မိဘ၊ (၅) ဆရာဆိုသည့် အနန္တော အနန္တငါးပါးတွင် ထည့် သွင်းထားရှိပြီး ပဥ္စဂုဏံ အဟံဝန္ဒာမိ ဟုဆိုကာ ဆရာဆရာမများအား သင်ယူလေ့လာသူများက ရှိခိုးကန်တော့ကြသည်မှာ ကမ္ဘာပေါ်တွင် မြန်မာတစ်နိုင်ငံတည်းသာရှိသည်ဟု လေ့လာသိရှိရပါသည်။

ထို့ပြင် (၁) ရေ၊ (၂) မီး၊ (၃) မင်းဆိုး၊ (၄) ခိုးသူ၊ (၅) အမွေခံ သားဆိုး သမီးဆိုး စသည်ဖြင့် ရန်သူ မျိုးငါးပါးအဖြစ် သတ်မှတ်ထားရှိရာ “မင်းဆိုး”ကို ပြည်သူပြည်သားများ၏ ရန်သူအဖြစ် သတ်မှတ်ထားသည်မှာလည်း ကမ္ဘာပေါ်တွင် မြန်မာတစ်နိုင်ငံတည်းသာရှိသည်ဟု လေ့လာသိရှိရပါသည်။

လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း အုပ်ချုပ်သူ အစိုးရမင်းများနှင့် ပြည်သူပြည်သားများ၏ အခြေအနေကို စာဖတ်သူများကပင် လေ့လာ ဆန်းစစ်ဝေဖန်ကြစေလိုပါသည်။

တစ်ဖန် ပရိတ်ကြီးတွင် ဖော်ပြထားသည့် ရာဇတောဝါ (မင်းဘေးမှလည်းကောင်း)၊ စောရတောဝါ (ခိုးသူဘေးမှလည်းကောင်း)၊ မနုဿတောဝါ (လူရိုင်းလူပျက်ဘေးမှလည်းကောင်း) … စသည်ဖြင့် ဖော်ပြထားရှိရာ အုပ်ချုပ်သည့် တာဝန်ကို ယူထားသည့် မင်းအား သူခိုး၊ လူရိုင်း လူပျက် စသည့် မကောင်းမှုကို နှစ်ခြိုက်စွာ ဆောင်ရွက်လျက်ရှိ ကြသည့် လူဆိုးသူခိုးများကဲ့သို့ပင် ပြည်သူပြည်သား လူအများအား ဘေးဒုက္ခဖြစ်စေရန် အန္တရာယ်ပေးနိုင်သည့် အတန်းအစားတွင် ထည့်သွင်းထားရှိသည်ကိုလည်း လေ့လာတွေ့မြင်နိုင်ပါသည်။

အထက်ပါဖော်ပြချက်များသည် မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားများ၊ နိုင်ငံသားများအကြားတွင် ယဉ်ကျေးမှုအဖြစ်သို့ ပြောင်းလဲ တည်ရှိနေစေခဲ့ပါသည်။ ယဉ်ကျေးမှု ဓလေ့ထုံးစံ ကန့်သတ်ချက်များကို အခြေခံပြီး ဒီမိုကရေစီကျင့်စဉ် လုပ်ထုံး လုပ်နည်းများကို ကျင့်သုံးလိုက်နာဆောင်ရွက်နိုင်စေရန်မှာ သင့်လျော်ကောင်းမွန်မည့် ဒီဇိုင်းမိုဒယ်ပုံစံများ အသစ်ရေးဆွဲမကျင့်သုံးနိုင်သမျှ ကာလပတ်လုံး ဆိုးဝါးသံသရာတွင် လည်ပတ်နေမည်ဖြစ်ပါမည်။

ဤတွင် စာရေးသူ၏ ငယ်ဘဝ ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံကို စာဖတ်သူများအား ဝေမျှလိုပါသည်။ စာရေးသူသည် အတန်းပညာရပ်များကို လေ့လာသင်ယူ ခြင်းမပြုမီ အချိန်ကတည်းကပင် ဘာသာရေးနှင့် ပတ်သက်သည့် ပညာရပ်များ အထူးသဖြင့် ထေရဝါဒဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် ပညာရပ်များကို ဦးစွာ သင်ယူ၊ လေ့လာ၊ ကျက်မှတ်ခဲ့ရသူတစ်ဦး ဖြစ်ပါသည်။

စာရေးသူသည် မုဆိုးချုံရွာမကျေးရွာရှိ ဘုန်းကြီးကျောင်း (တောင်ကျောင်းကြီး) တွင် “၀” လုံး ရေးတတ်သည့် အရွယ် အသက် သုံးနှစ်ခန့်မှ စတင်ကာ သင်ယူခဲ့ရပြီး “မြန်မာသင်ပုန်းကြီး” စာအုပ်၊

“သမ္မတ ဆယ်စောင်တွဲ” စာအုပ် တွင် ပါဝင်သည့် “မင်္ဂလသုတ်”

“အပြင်အောင်ခြင်း” “အတွင်းအောင်ခြင်း” “ရတနာရွှေချိုင့်” “နမက္ကာရ” “လောကနီတိ” “ပရိတ်ကြီး”စသည်တို့ကို လေ့လာသင်ယူခဲ့ရသည့်အပြင် ဂဏန်းသချင်္ာပညာဘာသာရပ်ကိုလည်း တစ်ပြိုင်နက်တည်း လေ့လာသင်ယူခဲ့ရပါသည်။ အသက် လေးနှစ်အရွယ်ခန့်တွင် ကိုရင်ဝတ်ခဲ့ပါသည်။

စာရေးသူ အသက် ခုနစ်နှစ် အရွယ်ခန့် ကိုရင်ဝတ်လျက်ရှိစဉ် “အဘိဓမ္မတ္ထ သင်္ဂဟပါဌ်” စာအုပ်ကို လေ့လာသင်ယူလျက်ရှိသည့် အချိန် မုဆိုးချုံရွာမ-ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် သီတင်းကျွတ် စာပြန်ပွဲတစ်ခု ပြုလုပ်သည့်အခါ၌ “အဘိဓမ္မတ္ထ သင်္ဂဟပါဌ်” စာအုပ်၊ စုစုပေါင်း ကိုးပိုင်း ပါရှိသည့်အနက် “၁-စိတ်ပိုင်း” ကို စာရေးသူသည် တစ်ကြိမ်တစ်ခါမျှ အထစ်၊ အငေါ့ မရှိ အထောက်၊ အမ ပြုလုပ်ရန် မလိုအပ်ဘဲ လုံးဝ ချောမွေ့စွာ အာဂုံရွတ်ဆိုနိုင်သည့် အသက်အငယ်ဆုံး ကိုရင်တစ်ပါး ဖြစ်ခဲ့ပါသည်။ စာရေးသူတို့ အလယ်တန်း၊ အထက်တန်း တက်ရောက်သည့်အချိန်တွင်မူ အထက်ပါကဲ့သို့ စာပြန်ပွဲများ ပြုလုပ်သည်ကို မတွေ့မြင်ရတော့ပါ။

ယခုတင်ပြမည့် အကြောင်း အရာများသည် ဘာသာရေးကိစ္စရပ်များနှင့် တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်ပတ်သက်လျက် တည်ရှိနေပါသဖြင့် ထိလွယ်၊ ရှလွယ်၊ အကဲဆတ်သည့် ကိစ္စရပ်များ ဖြစ်ပါသောကြောင့် စာရေးသူအနေဖြင့် ပထမဦးစွာ လောကုတ္တရာ ကိစ္စရပ်များနှင့် လောကီကိစ္စရပ်များအဖြစ် နှစ်မျိုး ခွဲခြားပြီးလျှင် စာရေးသူ တင်ပြမည့် အကြောင်းအရာများသည် လောကုတ္တရာကိစ္စရပ်များနှင့် လုံးဝသက်ဆိုင်ခြင်း မရှိပါကြောင်း ဦးစွာတင်ပြအပ်ပါသည်။ တစ်နည်းအားဖြင့် စာရေးသူ၏ တင်ပြချက်များသည် လောကုတ္တရာနယ်ပယ်တွင် ရပ်တည် ဆောင်ရွက်လျက်ရှိကြသည့် ဆရာတော်ကြီးများ၊ လူပုဂ္ဂိုလ်ကြီးများနှင့် လုံးဝသက်ဆိုင်ခြင်း မရှိပါ ကြောင်း ဦးစွာ လျှောက်ထားတင်ပြအပ်ပါသည်။

သို့သော်လည်း စာရေးသူတို့ တိုင်းပြည်နိုင်ငံတွင် ထွန်းကားပြန့် ပွားလျက်ရှိသည့် (၁) ပရိယတ္တိသာ သနာ၊ (၂) ပဋိပတ္တိသာသနာနှင့် (၃) ပဋိဝေဒ သာသနာ (အချို့သော စာအုပ်များတွင် ပဋိဝေဓသာသနာဟု တွေ့မြင်ရပါသည်) သာသနာသုံး တန်ရှိသည့်အနက် ပြည်သူပြည်သားများ၊ နိုင်ငံသားများအား အသိပညာ၊ အတတ်ပညာ၊ ဉာဏ်ပညာများကို ပွင့်လင်းရရှိနိုင်စေရန် အလို့ငှာ တိုက်ရိုက်ထိတွေ့ဟောကြား ပို့ချပြသရသည့် ပဋိဝေဒ (ပဋိ ဝေဓ) သာသနာတွင် ထမ်းရွက်၊ ရွက်ဆောင်လျက်ရှိကြသည့် ဆရာတော်ကြီးများ၊ လူပုဂ္ဂိုလ်ကြီးများအနေဖြင့်မူ အနည်းငယ် ဆက်စပ် ပတ်သက်နိုင်ပါကြောင်း လေးစားစွာ လျှောက်ထားတင်ပြအပ်ပါသည်။

စာရေးသူအနေဖြင့် အထက်တွင် ဖော်ပြထားသကဲ့သို့ ငယ်ရွယ်စဉ်က အနည်းငယ်လေ့လာသင်ယူ ခဲ့ရပါသော်လည်း ဘာသာရေးနှင့် ပတ်သက်သည့် အကြောင်းအရာ များကို သိမြင်နားလည်ခြင်း မရှိ သကဲ့သို့ ထဲထဲဝင်ဝင် တတ်ကျွမ်း သဘောပေါက်နားလည်ခြင်းလည်းမရှိပါ။ ထို့ကြောင့် စာရေးသူ ယခုတင်ပြမည့် အကြောင်းအရာများသည် ဘာသာရေးနှင့် ပတ်သက်သည့် အကြောင်းအရာ ကိစ္စရပ်များကို လုံးဝရှင်းလင်းတင်ပြနိုင်မည် မဟုတ်ဘဲ ယဉ်ကျေးမှု (Culture) နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ သဘောတရားများကိုသာ လေ့လာ ဖော်ထုတ် ဆွေးနွေးတင်ပြမည် ဖြစ် ပါသည်။

သို့သော်လည်း လူ့အဖွဲ့အ စည်းအတွင်း ဖြစ်ထွန်းပေါ်ပေါက် လျက်ရှိသည့် အချို့သော ယဉ်ကျေး မှု (CULTURE) နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ သဘောတရားများ သည် ဘာသာရေးကို အခြေခံပြီး ပေါ်ပေါက်သည့် အခြေအနေ၊ အဖြစ်အပျက်များ တည်ရှိနေနိုင်သည့်အတွက် စာရေးသူ၏ တင်ပြချက်များသည် ဘာသာရေးကို လုံးဝအခြေခံခြင်း မရှိပါကြောင်း သေချာစေရန် ထပ်မံရှင်းလင်း တင်ပြပါသည်။ ဤတွင် ရှင်းလင်း တင်ပြလိုသည့်အချက်မှာ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် (Freedom of Worship) သဘောတရား သည် (Freedom of Religion) သဘောတရားနှင့် ထပ်တူညီခြင်း မရှိပါသဖြင့် ယခုဆောင်းပါးတွင် (Freedom of Religion) ကို ရှင်းလင်း ဆွေးနွေးမည် မဟုတ်ပါကြောင်း တင်ပြအပ်ပါသည်။

အထက်ဖော်ပြပါ သဘောတရားကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်မှာ အခြေခံလွတ်လပ်ခြင်း သဘောတရားများ၊ ဘာသာအယူဝါဒများနှင့် ယဉ်ကျေးမှုတို့သည် တိုက်ရိုက်ဆက်စပ်ပတ် သက်လျက် တည်ရှိနေပါသည်။ ဆက်စပ်ပတ်သက်လျက် တည်ရှိနေသည့် သဘောတရားကို စာဖတ်သူများ အလွယ်တကူ သိမြင်နိုင်စေရန် အလို့ငှာ ပုံတွင် ဖော်ပြထားပါသည်။

စာရေးသူသည် အခြေခံ လွတ်လပ်ခွင့်များနှင့်ပတ်သက်ပြီး အကြောင်းအရာများကို ရေးသားတင် ပြလျက်ရှိရာတွင် ၂၀၂၁ ခုနှစ် မေလ  ၃ ရက်တွင် ထုတ်ဝေသည့် Weekly ELEVEN News, No. 19, Vol. 16. တွင် ]]လိုအင်ဆန္ဒ ပြည့်ဝကျေနပ်စေရေး}} (Freedom of Want) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ၂၀၂၂ ခုနှစ် သြဂုတ်လ ၈ ရက်တွင် ထုတ်ဝေသည့် Weekly ELEVEN News, No. 31, Vol. 17. တွင် “ကြောက်ရွံ့ခြင်းမှ ကင်းဝေးစေရေး” (Freedom from Fear) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်တွင် ထုတ်ဝေသည့် Weekly ELEVEN News, No.5, Vol. 18, The Daily ELEVEN Newspaper တွင် “လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်” (Freedom of Experssion) ခေါင်းစဉ်ဖြင့်လည်းကောင်း ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခု ဆောင်းပါးကို အထက်ဖော်ပြပါ ဆောင်းပါး များနှင့် တွဲဖက်လေ့လာရန် အကြံပြု တင်ပြအပ်ပါသည်။

စာရေးသူ ဦးတည်သည့် သဘောတရားတစ်ရပ်မှာ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ထွန်းပေါ်ပေါက်လျက်ရှိသည့် ယဉ်ကျေးမှု (CULTURE) နှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ သဘောတရားများကို အခြေခံကာ တိုင်းပြည်တည်ဆောက်ခြင်း (Nation Building)၊ နိုင်ငံတော် တည်ဆောက်ခြင်း (State Building) နှင့် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားနိုင်ငံ သားအားလုံးတို့အနေနှင့် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာ အသက်ရှင်သန် ရပ်တည်နိုင်စေရေးတို့ဖြစ်ပါသည်။

စာရေးသူတို့၏ တိုင်းပြည် နိုင်ငံတွင် ယဉ်ကျေးမှု (CULTURE) နှင့် ပတ်သက်ပြီး အလွန်ကြီးမားပြင်း ထန်သည့် စိန်ခေါ်မှုကြီးကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်ဟု စာရေးသူအနေဖြင့် ယုံကြည်ထင်မြင်ပါသည်။ စာဖတ်သူတို့ သိမြင်ပြီးဖြစ်မည်ဟု ထင်မြင်ယူဆပါသည်။ လွတ်လပ်ရေးရရှိပြီးချိန်မှစတင်ကာ ယနေ့အချိန်အထိတိုင်အောင် စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် တိုင်းပြု ပြည်ပြု လူပုဂ္ဂိုလ်ကြီးများ၊ နိုင်ငံရေးသမားကြီးများ၊ နိုင်ငံရေး ခေါင်းဆောင်ကြီးများ ဖြစ်ထွန်း ပေါ်ပေါက်ခဲ့ခြင်းမရှိဘဲ အာဏာ ရှင်ကြီးများနှင့် စစ်ခေါင်းဆောင်ကြီးများသာ ပေါ်ပေါက်ခဲ့ရပါသည်။

အကျိုးဆက်အဖြစ် ပြည်သူ ပြည်သားနိုင်ငံသားများ၏ အသက်ပေါင်းမြောက်မြားစွာ သေကျေပျက်စီးခဲ့ရပြီး လူနေအိမ်ပေါင်း မြောက်မြားစွာ မီးရှို့ဖျက်ဆီးခံခဲ့ကြရပါသည်။ လူဦးရေ တစ်သန်းကျော် အိုးအိမ်စွန့်ခွာသူ၊ နေရပ်စွန့်ခွာသူများအဖြစ်သို့ ရောက်ရှိခဲ့ကြရပြီး ဆင်းရဲဒုက္ခအပေါင်းကို ခါးစည်းပြီး ခံစားလျက်ရှိနေပါသည်။ ထိုကဲ့သို့ ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းရင်းတစ်ရပ်မှာ ယဉ်ကျေးမှု (Culture) နှင့် ပတ်သက်ပြီး တိုင်းပြည် နိုင်ငံတော်အကျိုးနှင့် ပြည်သူပြည်သား နိုင်ငံသားများ၏ အကျိုးအတွက် ပြောင်းလဲစေရန် မပြုလုပ်နိုင်ခဲ့ခြင်းသည်လည်း အဓိက ပါဝင်လျက်ရှိနေပါသည်။

အနည်းငယ် ရှင်းလင်းတင်ပြရပါလျှင် လွတ်လပ်ရေး ရရှိပြီးချိန်မှ စတင်ပြီး ယနေ့အချိန်အထိတိုင် တိုင်းပြည်နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူခဲ့ကြသည့် လူပုဂ္ဂိုလ်ကြီးများ၊ အဖွဲ့အစည်းများသည် ဗြိတိသျှ-အင်္ဂလိပ်တို့နှင့် ဂျပန်တို့က ကိုလိုနီပြု အုပ်ချုပ်ခဲ့ကြသည့် အခြေအနေ အခြေခံများအား လွတ်လပ်သည့် မိမိတို့တိုင်းပြည် နိုင်ငံနှင့် ကိုက်ညီစေမည့် ဒီဇိုင်း မိုဒယ်ပုံစံကို ကြိုးစားအားထုတ် ပြောင်းလဲပြင်ဆင်ခြင်းမပြုဘဲ ကိုလိုနီအုပ်ချုပ်ရေးပုံစံများအတိုင်း မျှောပြီး အရသာခံကာ စည်းစိမ်ယစ်မူးလျက် မိမိနှင့် မိမိအဖွဲ့အစည်း အာဏာရရှိစေရေး၊ အာဏာလက်မလွှတ်စေရေး၊ အာဏာခိုင်မြဲစေရေးအတွက်သာ ကြိုးပမ်းအားထုတ်ဆောင်ရွက်လျက် ရှိနေကြခြင်းပင် ဖြစ်ပါသည်။

စာရေးသူ လေ့လာသိမြင်သိရှိရသည့် အခြေခံ သဘောတရားများ၊ သီအိုရီများအရလည်း စစ်ဗိုလ်ချုပ်ကြီးများ၊ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်ကြီးများ၊ ဗျူရိုကရေစီယန္တရားတွင် ဆောင်ရွက်လျက်ရှိသည့် အစိုးရဝန်ထမ်းများမှာ ယဉ်ကျေးမှု (CULTURE) နှင့် ပတ်သက်ပြီး ပြောင်းလဲနိုင်စွမ်းရှိသည့် လူပုဂ္ဂိုလ်ကြီးများ မဟုတ်ကြပါ။ တိုင်းပြု ပြည်ပြု လူပုဂ္ဂိုလ်ကြီးများ၊ နိုင်ငံရေးသမားကြီးများ၊ နိုင်ငံရေးခေါင်းဆောင်ကြီး များကသာလျှင် ယဉ်ကျေးမှု (CULTURE) ကို ပြောင်းလဲရန် စွမ်းဆောင်နိုင်သူများ ဖြစ်ကြပါသည်။ တိုင်းပြည် နိုင်ငံအကျိုး၊ ပြည်သူ ပြည်သားများ အကျိုးအတွက် လိုအပ်မည်ဆိုပါက အသက်ခန္ဓာနှင့် အာဏာကို စွန့်လွှတ်ရန် ဝန်မလေးကြသူများလည်း ဖြစ်ကြပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ စာရေးသူတို့၏ တိုင်းပြည် နိုင်ငံတွင် တွေ့ကြုံရင်ဆိုင်ရလျက်ရှိသော လွတ်လပ်သည့် တိုင်းပြည် နိုင်ငံတစ်နိုင်ငံအဖြစ် ဂုဏ်သိက္ခာရှိစွာ ကမ္ဘာ့နိုင်ငံများအလယ်တွင် ရပ်တည်နိုင်ခြင်းမရှိသည့် အခြေအနေသို့ ရောက်ရှိနေစေသည့် အကြောင်းရင်းဖြစ်သည့် ကိုလိုနီအုပ်ချုပ်သူ များ၊ အာဏာရှိသူများ၊ အာဏာရှင် ကြီးများလက်အောက်တွင် အာ ဏာ၊ ရာထူး၊ ငွေကြေးအတွက် အလွယ်တကူ မျှောလိုက်လိုသည့် စိတ်ဓာတ်၊ အချောင်သမား စိတ်ဓာတ် ယဉ်ကျေးမှု (CULTURE) များ ထွန်းကား ပြန့်ပွားလျက်ရှိနေသည်များကို လျော့နည်းပပျောက်စေပြီးလျှင် မိမိတို့ တိုင်းပြည်နိုင်ငံ၏ အကျိုး၊ နေ ထိုင်လျက်ရှိကြသည့် ပြည်သူပြည်သား နိုင်ငံသားများ၏ အကျိုးကို စွမ်းစွမ်းတမံ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေမည့် တိုင်းပြု ပြည်ပြု လူပုဂ္ဂိုလ်ကြီးများ၊ နိုင်ငံရေးသမားကြီးများ၊ နိုင်ငံရေးခေါင်းဆောင်ကြီးများ ပေါ်ထွက်လာစေပြီး တိုင်းပြည် နိုင်ငံတော်နှင့် ပြည်သူ ပြည်သား နိုင်ငံသားများအကျိုးအတွက် မှန်ကန်ကောင်းမွန်စေမည့် ယဉ်ကျေးမှု (CULTURE) များ ထွန်းကားပြန့်ပွားလာစေရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နိုင်ကြစေရေး ကို ရည်ရွယ်ပါသည်။

ယခုအချိန်မှစတင်ပြီး အောက်တွင်တင်ပြမည့် အကြောင်းအရာများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို ဦးတည်ချက်ထားရှိကာ တိုင်းပြည်တည်ဆောက်ခြင်း (Nation Buliding)၊ နိုင်ငံတော်တည်ဆောက်ခြင်း (State Building) နှင့် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သား နိုင်ငံသားများအားလုံးတို့အနေနှင့် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာ အသက် ရှင်သန် ရပ်တည်နိုင်စေရေးတို့အတွက် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် (Freedom of Worship) သဘောတရားကို အခြေခံကာ စာ ရေးသူ၏ အမြင်သက်သက်ဖြင့် ရှင်းလင်းတင်ပြမည့် အကြောင်းအရာ များဖြစ်ကြပါသည်။ စာဖတ်သူများအနေနှင့် စိတ်နေသဘောထားချင်း မတူညီနိုင်သည့် အကြောင်းအရာ အချက်အလက်များ ပါဝင်နိုင်သည်ကို ကြိုတင် အသိပေးတင်ပြအပ်ပါသည်။

ပထမဦးစွာ အကြောင်းအရာ အချက်အလက်များအား လွတ်လပ်ခြင်း (Freedom) သဘောတရားကို အခြေခံပြီး ချဉ်းကပ်ခြင်းနှင့် အခွင့်အရေးများ (Rights) သဘောတရားကို အခြေခံပြီး ချဉ်းကပ်ခြင်းအပေါ် မူတည်ပြီး ကွဲပြားခြားနားလျက်ရှိရာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံ အခြေအနေအရ အခြေခံလွတ်လပ်ခွင့်များ (Fundamental Freedoms) တစ်နည်းအားဖြင့် လွတ်လပ်ခြင်း သဘောတရားများအား အခြေခံသည့် ချဉ်းကပ်ခြင်းကိုသာ ဦးစားပေးအဆင့် ထားရှိပြီး စတင်ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒီဇိုင်းမိုဒယ်ပုံစံများကို စတင်ရေးဆွဲ ချမှတ်ကျင့်သုံးသင့်ပါကြောင်း အဆိုပြုတင်ပြပါသည်။

အဘယ်ကြောင့်ဆိုသော် စာရေးသူတို့၏ တိုင်းပြည်နိုင်ငံသည် လွတ်လပ်သည့် တိုင်းပြည်နိုင်ငံဟု ဆိုပါသော်လည်း လွတ်လပ်ရေး ရရှိပြီးချိန်မှစတင်ပြီး ယနေ့အချိန်အထိတိုင်အောင် တိုင်းသူပြည်သားများနှင့် နိုင်ငံသားအပေါင်းတို့မှာ လွတ်လပ်ရေး၏ အရသာကို တင်းပြည့် ကျပ်ပြည့် ခံစားရခြင်း စံစားရခြင်း မရှိသေးပါ။ ထို့ကြောင့် လွတ်လပ်ခြင်းသဘောတရားကို ဦးစားပေးအဆင့်ထားရှိပြီး ကျင့်သုံးအကောင်အထည်ဖော်ပြီးလျှင် အခြေခံအခွင့်အရေးများ (Fundamental Rights) နှင့် လူ့အခွင့်အရေးများ (Human Rights) ကို ပြည်သူပြည်သားများနှင့် နိုင်ငံသားအားလုံးတို့အား သိမြင်နားလည်စေရန် ကြိုးပမ်းအားထုတ်ပြီး တဖြည်းဖြည်း တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ အချို့သော ပညာရှင်ကြီးများကမူ လွတ်လပ်ခြင်း (Freedom) နှင့် အခွင့်အရေးများ (Rights) ရရှိစေခြင်းကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်ဆိုသည့် အယူအဆများလည်း တည်ရှိနေမည်မှာ အမှန်ပင် ဖြစ်ပါသည်။

ဒုတိယအနေဖြင့် ဘာသာ အယူဝါဒကြောင့် စိန်ခေါ်လျက်ရှိသော ယဉ်ကျေးမှုများ ဖြစ်ထွန်းပေါ်ပေါက်စေသည့် အခြေအနေ အကြောင်းအရာများကို စာရေးသူ၏ အမြင်သက်သက်ဖြင့် ဆွေးနွေး တင်ပြပါမည်။ မြန်မာနိုင်ငံတွင် တည်ရှိဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများအရ ယခုအကြောင်းအရာကို ရှင်းလင်းတင်ပြရန်မှာ လွန်စွာကျယ်ပြန့်ပြီး ရှုပ်ထွေးနက်နဲလျက်ရှိနေပါသည်။ ထို့ကြောင့် စာရေးသူ၏ အသိပညာ၊ အတတ်ပညာ၊ ဉာဏ်ပညာ အဆင့်အတန်းနှင့် ပြီးပြည့်စုံခြင်း၊ အပြည့်အဝ မှန်ကန်ခြင်း မရှိနိုင်ပါကြောင်း ကြိုတင်ပြီး တောင်းပန်တင်ပြအပ်ပါသည်။

ဥပမာပေးပြီး တင်ပြရပါလျှင် သီလနှင့် ပတ်သက်သည့် သိက္ခာပုဒ်များရှိသည့်အနက် ပထမဦးစားပေး ထားရှိသည့် သိက္ခာပုဒ်မှာ “သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း” တစ်နည်းအားဖြင့် “သူ့အသက် မသတ်ရ” “သက်ရှိသတ္တဝါတို့၏ အသက် မသတ်ရ”ဆိုသည့် အဓိပ္ပာယ် သက်ရောက်လျက်ရှိနေပါသည်။ ဖော်ပြပါ အဓိပ္ပာယ် သဘောတရားသည် လောကတွင် အသက်ရှင်ရပ်တည်လျက်ရှိကြသည့် လူသားတို့၏ အခြေအနေ သဘော သဘာဝနှင့် ကိုက်ညီလျက်ရှိပါသလားဆိုသည့် မေးခွန်းဖြစ်ပါသည်။

ဤတွင် လူဆိုသည့် သတ္တဝါသည် အသီး၊ အနှံ၊ အရွက်၊ အသား စသည်တို့ကို စားသုံးပြီး အသက်ရှင် ရပ်တည်ရသည့်သတ္တဝါဖြစ်ပါသည်။ အသားကို ရရှိနိုင်ရန် စားသုံးနိုင်ရန်မှာ သက်ရှိသတ္တဝါတစ်မျိုး တစ်ကောင် သေဆုံးပြီးချိန်မှသာလျှင် ဖြစ်စေနိုင်ပါသည်။ အချို့သော လူပုဂ္ဂိုလ်များကမူ ကိုယ်တိုင် မသတ်ရင်ပြီးတာပဲ။ ပံ့သကူ ဝယ်ယူ စားသုံးနိုင်ပါသည်ဟု ပြောဆိုသည့် စကားများကိုလည်း ကြားသိရဖူးပါသည်။

သို့သော်လည်း စာရေးသူတို့ လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုတွင် “သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း”ကို ပြောဆို ဆုံးမလျက်ရှိကြပါသော်လည်း  “သူ့အသက်ကို ကယ်တင်ရမည်” တစ်နည်းအားဖြင့် “သက်ရှိသတ္တဝါတို့၏ အသက်ကို ကယ်တင်ရမည်” ဆိုသည့် ပြောဆို ဆုံးမခြင်းကိုမူ ကျင့်သုံးလိုက်နာ ဆောင်ရွက်ကြရန် ပြောဆိုဆုံးမမှု နည်းပါးခြင်း သို့မဟုတ် လုံးဝကျင့် သုံးခြင်း မရှိကြပါသဖြင့် စာရေးသူတို့၏ လူမှုပတ်ဝန်းကျင်တွင် သက်ရှိသတ္တဝါ တို့၏ အသက်ကို ကယ်တင်ခြင်းနှင့် ပတ်သက်သည့် သဘောတရားများ၊ လုပ်ထုံးလုပ်နည်းများမှာ လျော့နည်းကွယ်ပျောက်စေလျက်ရှိပြီး တိုင်းသူ ပြည်သားများ နိုင်ငံသားများအနေ ဖြင့် သက်ရှိသတ္တဝါတို့၏ အသက်ကို ကယ်တင်ရန် တာဝန်ရှိသည်ဆိုသည့် ခံယူချက်များ၊ တာဝန်ယူမှု၊ တာဝန်ခံမှုများစသည့် စိတ်ဓာတ်များသည်လည်း ပျက်စီးဆုံးရှုံးစေခဲ့ပါသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့်မူ စံချိန်စံတန်ဖိုး တစ်ရပ်အနေနှင့် ချမှတ်ထားရှိသည့်အချက်မှာ “လူတို့၏ အသက်များကို ကယ်တင်ရမည်” ဆိုသည့် အဓိပ္ပာယ်နှင့် သဘောတရား ဖြစ်ပါသည်။ ဖော်ပြပါသဘောတရားကို အခြေခံကာ နည်းပညာများ၊ အတတ်ပညာများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ တာဝန်ယူ တာဝန်ခံရမည့် အဖွဲ့အစည်းများ စသည်ဖြင့် ပြင်ဆင်ထားရှိသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။

စာရေးသူတို့၏ တိုင်းပြည် နိုင်ငံတွင် “လူတို့၏ အသက်များကို ကယ်တင်ရမည်” ဆိုသည့်အဓိပ္ပာယ်နှင့် သဘောတရားကို ခံယူကျင့်သုံး လိုက်နာဆောင်ရွက်စေရန် အကောင်အထည်ဖော် ဆောင်ရွက် သင့်ပါသလားဆိုသည့် မေးခွန်းကိုမူ စာဖတ်သူများကပင် ဖြေကြားပေး ကြစေလိုပါသည်။ ယခုတင်ပြခဲ့သည့် ဥပမာသည် အကြောင်းအရာ တစ်ရပ်အား အကျဉ်းမျှသာ တင်ပြခြင်းဖြစ်ပြီး အကြောင်းအရာပေါင်း မြောက်မြားစွာ တည်ရှိနေသည့်အပြင် အကျယ်ချဲ့တင်ပြမည်ဆိုပါက ဆောင်းပါးအဆင့်နှင့် တင်ပြရန် မဖြစ်နိုင်ပါ။

တတိယအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ထွန်းပေါ်ပေါက် လျက်ရှိနေသည့် စိန်ခေါ်လျက်ရှိနေသော ယဉ်ကျေးမှုများအား တိုင်းပြည်တည်ဆောက်ခြင်း (Nation Building)၊ နိုင်ငံတော် တည်ဆောက်ခြင်း (State Building) နှင့် နေထိုင်လျက်ရှိကြသည့် ပြည်သူ ပြည်သားနိုင်ငံသားများ အားလုံး တို့အနေနှင့် စိတ်ချမ်းသာ၊ ကိုယ် ကျန်းမာစွာ အသက်ရှင်သန်ရပ်တည်နိုင်စေရေးတို့အတွက် လိုက်လျောညီထွေ ကိုက်ညီစေမည့် အခြေအနေသို့ ရောက်ရှိတည်ရှိနေစေရန် အလို့ငှာ မည်ကဲ့သို့ ချဉ်းကပ် ဆောင်ရွက်သင့်ပါသလဲဆိုသည့် မေးခွန်းကို အဖြေရှာဖွေရန် ဖြစ်ပါသည်။

အထက်ဖော်ပြပါမေးခွန်း၏ အဖြေကို ရရှိနိုင်စေရန်မှာ လွယ်ကူရှင်းလင်းခြင်း မရှိနိုင်သည်ကို စာဖတ်သူများလည်း နားလည် သဘောပေါက်ပြီး ဖြစ်မည်ဟု ယုံကြည်ပါသည်။ ပထမအဆင့်အနေနှင့် စိန်ခေါ်လျက်ရှိနေသော ယဉ်ကျေးမှုများအား ပြောင်းလဲနိုင်စေမည့် တိုင်းပြုပြည်ပြု လူပုဂ္ဂိုလ်ကြီးများ၊ နိုင်ငံရေးသမားကြီးများ၊ နိုင်ငံရေး ခေါင်းဆောင်ကြီးများ ပေါ်ထွက်လာစေနိုင်စေမည့် နိုင်ငံရေးဝန်းကျင်ကို တည်ဆောက်ရန် ဖြစ်ပါသည်။

ဒုတိယအဆင့်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားရှိသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများ၊ ဘာသာအယူဝါဒနှင့် ပတ်သက်သည့် တာဝန်ယူလျက်ရှိသော အဖွဲ့အစည်း၊ အသင်းအဖွဲ့များအားလုံး တိုင်းပြည်တည်ဆောက်ခြင်း (Nation Building)၊ နိုင်ငံတော် တည်ဆောက်ခြင်း (State Building) နှင့် ပတ်သက်သည့် အခြေခံသဘောတရားများကို သိမြင်နားလည်သည့် ပညာရှင်ကြီးများ၊ စိန်ခေါ်လျက်ရှိနေသော ယဉ်ကျေးမှုများကို ရှာဖွေဖော်ထုတ်နိုင် မည့် ပညာရှင်ကြီးများနှင့် စိတ်ဝင်စားသည့် ပြည်သူပြည်သားနိုင်ငံသားအားလုံးတို့ ပါဝင်အကြံပြုနိုင်မည့်ဝန်းကျင်ကို တည်ဆောက်ရန် ဖြစ်ပါသည်။

တတိယအဆင့်အနေဖြင့် စိန်ခေါ်လျက်ရှိနေသော ယဉ်ကျေးမှုများအား ပြောင်းလဲနိုင်စေရန်မှာ တစ်နေ့၊ တစ်ည၊ တစ်ရက်၊ ခုနစ်ရက် တစ်ပတ်၊ တစ်လ၊ တစ်နှစ် စသည် ဖြင့် အချိန်သတ်မှတ်ပြီး အောင်မြင်စွာ ပြီးမြောက်စေရန် ဆောင်ရွက်အကောင်အထည်ဖော်ရသည့် လုပ်ငန်းစဉ်များ လုပ်ငန်းရပ်များ မဟုတ်ကြပါ။

မြန်မာနိုင်ငံတော်ကြီး ကမ္ဘာပေါ်တွင် တည်ရှိနေသရွေ့၊ ပြည်သူ ပြည်သား နိုင်ငံသားများ အသက်ရှင်ရပ်တည်နေသရွေ့ စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်ကာ လိုအပ်လျှင် လိုအပ်သလို အကောင်အထည်ဖော်ဆောင်ရွက်နေရမည့် လုပ်ငန်းစဉ်လုပ်ငန်းရပ်များ ဖြစ်ကြပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် တွေ့ကြုံရင်ဆိုင်ရလျက်ရှိသော လွတ်လပ်သည့် တိုင်းပြည်နိုင်ငံ တစ်နိုင်ငံအဖြစ် ဂုဏ်သိက္ခာရှိစွာ ကမ္ဘာ့နိုင်ငံများအလယ်တွင် ရပ်တည်နိုင်ခြင်း မရှိသည့် အခြေအနေသို့ ရောက်ရှိနေစေသည့် အကြောင်းရင်းဖြစ်သည့် ကိုလိုနီအုပ်ချုပ်သူများ၊ အာဏာရှိသူများ၊ အာဏာရှင်ကြီးများလက်အောက်တွင် အာဏာ၊ ရာထူး၊ ငွေကြေးအတွက် အလွယ်တကူ မျှောလိုက်လိုသည့် စိတ်ဓာတ်၊ အချောင်သမား စိတ်ဓာတ် ယဉ်ကျေးမှု (CULTURE) များ ထွန်းကားပြန့်ပွားလျက်ရှိနေသည်များကို လျော့နည်းပပျောက်စေပြီးလျှင် မိမိတို့ တိုင်းပြည် နိုင်ငံ၏အကျိုး၊ နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သား နိုင်ငံသားများ၏ အကျိုးကို စွမ်းစွမ်းတမံ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေမည့် တိုင်းပြုပြည်ပြု လူပုဂ္ဂိုလ်ကြီးများ၊ နိုင်ငံရေးသမားကြီးများ၊ နိုင်ငံရေးခေါင်းဆောင်ကြီးများ ပေါ် ထွက်လာစေပြီး တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သား နိုင်ငံသားများ အကျိုးအတွက် မှန်ကန်ကောင်းမွန်စေမည့် ယဉ်ကျေးမှု (CULTURE) များ ထွန်းကားပြန့်ပွားလာစေရန် အစွမ်းကုန် ကြိုးပမ်းအား ထုတ်ဆောင်ရွက်နိုင်ကြစေရေးကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

Most Read

Most Recent