မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်း၏ သံမဏိယက်မများ တပ်ဆင်ချိန်တွင် ကမ်းနားလမ်းသစ် ပန်းဆိုးတမ်းလမ်းမှ အလုံမြို့နယ် စံပယ်လမ်းထိပ်ကြားအပိုင်းကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသိပေးကြေညာထားကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန၏ အသိပေးအကြောင်းကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံ EDCF ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတားတည်ဆောက်ရေးစီမံကိန်း၏ ဆင်ခြေလျှောတံတားများဖြစ်သော Ramp A နှင့် Ramp B တံတားများတွင် ကမ်းနားလမ်းသစ်ကို ဖြတ်သန်းတပ်ဆင်ရမည့် သံမဏိယက်မများ တပ်ဆင်ချိန်၌ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးအတွက် ကမ်းနားလမ်းသစ်၏ ပန်းဆိုးတမ်းလမ်းနှင့် အလုံမြို့နယ်စံပယ်လမ်းထိပ်ကြားအပိုင်းအား မတ် ၁၈၊ ၁၉၊ ၂၃၊ ၂၅၊ ၂၆၊ ၂၇ ရက်များတွင် ယာယီလမ်းပိတ်ပြီး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်မည်ဖြစ်သောကြောင့် ဆိပ်ကမ်းတံတားများသို့ ဝင်ရောက်မည့် ကုန်သေတ္တကားများ၊ ကုန်တင်ယာဉ်များအနေဖြင့် အဆိုပါနေ့ရက်များတွင် ကမ်းနားလမ်းကိုအသုံးပြု၍ ဝင်/ထွက်သွားလာကြရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသိပေးကြေညာထားကြောင်း သိရသည်။
အဆိုပါမြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတားတည်ဆောက်ရေးစီမံကိန်းသည် တစ်စင်းလုံး ၅၃ ရာခိုင်နှုန်း လုပ်ငန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ သံမဏိကြိုးဆိုင်းတံတားများအနက် ယခုတည်ဆောက်နေသည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတားသည် အကြီးဆုံးနှင့်အရှည်ဆုံးဖြစ်ပြီး တံတားအရှည် ၆၁၂၈ ပေ၊ ပင်မတံတားအရှည် ပေ ၂၂၆၄၀၊ ရန်ကုန်ဘက်ကမ်းချဉ်းကပ်တံတားအရှည် ပေ ၁၈၉၁၊ ချဉ်းကပ်တံတားအကျယ်(နှစ်လမ်းသွား) ၄၇ ပေဖြစ်ကြောင်း၊ ဒလဘက်ခြမ်းတွင် ချဉ်းကပ်တံတားအရှည် ၁၉၇၂ ပေ၊ ချဉ်းကပ်တံတားအကျယ် (လေးလမ်းသွား) ၈၇ ပေ၊ ရန်ကုန်ဘက်ခြမ်းတွင် ဆင်ခြေလျှောတံတားများအကျယ် ၂၃ ပေရှိပြီး တံတားအောက် ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်းသွားလာနိုင်ရန် အမြင့်ပေ ၁၆၀ နှင့် ရေလမ်းကင်းလွတ်အကျယ် ၉၉၈ ပေရှိပြီး တံတား၏ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း သိရသည်။
မြန်မာအင်ဂျင်နီယာများအနေဖြင့် သံမဏိကြိုးဆိုင်းတံတားဆိုင်ရာပုံစံထုတ်လုပ်ခြင်းနှင့် ခေတ်မီနည်းပညာများ၊ နည်းစနစ်များနှင့် အတွေ့အကြုံများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါတံတားစီမံကိန်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ် မေလမှ လုပ်ငန်းများစတင် ဆောင်ရွက်ခဲ့ရာ ယခုအခါတံတား တစ်စင်းလုံးလုပ်ငန်းပြီးစီးမှု ၅၃ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာမှ သိရသည်။















