စိုးရိမ်နေရဆဲ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေး

စိုးရိမ်နေရဆဲ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေး
Photo - BFI Finance
Photo - BFI Finance
Published 12 March 2023
စောနိုင် (အသုံးချဘောဂဗေဒ)

(၁) ၂၀၂၃ ခုနှစ်သည် ယေဘုယျအားဖြင့် ကမ္ဘာ့စီးပွားရေး မကောင်းနိုင်သေးဟု သုံးသပ်ကြသော်လည်း စီးပွားရေးအကျဉ်းအကျပ်ကြားထဲမှာပင် ထွက်ပေါက်ရသွားနိုင်သည့် နိုင်ငံအချို့လည်း ရှိလာနိုင်သည်။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်မူ မလွယ်သေးပေ။ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ၏ ဦးဆောင်ညွှန်ကြားရေးမှူး ခရစ်တဲလီနာဂျော်ဂျီဗာ (Kristalina Georgieva) က အမေရိကန် သတင်းဌာန၊ စီဘီအက်၏ Face the Nation အစီအစဉ်တွင် အောက်ပါအတိုင်း ခန့်မှန်းချက်သုံးချက်ကို ထည့်သွင်းပြောထားသည်။      

- ကမ္ဘာ့နိုင်ငံ သုံးပုံတစ်ပုံသည် ယခု ၂၀၂၃ ခုနှစ်ထဲ၌ စီးပွားရေးဆုတ်ယုတ်မှု ရီဆက်ရှင်း (Recession) ထဲ ရောက်ရှိသွားနိုင်သည်ကို တွေ့ရသည်။  

အထူးသဖြင့် ကြီးမားစွာခံစားရမည့် စီးပွားရေးအဆောက်အအုံများထဲတွင် ထွန်းသစ်စနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ပါဝင်နိုင်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံတို့ သေချာနေ၏။

- ရုရှား-ယူကရိန်း စစ်ပွဲအခြေအနေအပြောင်းအလဲများနှင့် တရုတ်နိုင်ငံ၏ ရုတ်တရက်ပြောင်းလဲလာသည့် ကိုဗစ်ကပ်ရောဂါမူဝါဒသည် အရေးပါသော အခန်းကဏ္ဍတွင်ရှိနေလိမ့်မည်။ 

- အမေရိကန်စီးပွားရေးသည် အကျပ်အတည်းများရှိနေဆဲဖြစ်သော်လည်း လုပ်သားစျေးကွက်ကို ခိုင်မာလာစေရန် ထိန်းကျောင်းထားနိုင်မည်ဆိုပါက စီးပွားရေးကျဆင်းလာမှုကို ရှောင်ရှားနိုင်လိမ့်မည်။ သို့သော် ထိုအခြေအနေသည် ဖွံ့ဖြိုးဆဲနှင့် ထွန်းသစ်စနိုင်ငံများအတွက် အသွားနှစ်ဖက်ပါသော ဓားကဲ့သို့ ဖြစ်နေလိမ့်မည်ဟုလည်း ဆိုထားသည်။ 

(၂) ကမ္ဘာ့အကြီးဆုံး စီးပွားရေးသုံးနိုင်ငံဖြစ်သည့် အီးယူ၊ အမေရိကန်နှင့် တရုတ်တို့၏ စီးပွားရေးအခြေအနေသည် တစ်ပြိုင်တည်းနှေးကွေးနေလိမ့်မည်။

ဖွံ့ဖြိုးဆဲများ ထွန်းသစ်စ စီးပွားရေး အဆောက်အအုံများ ပို၍ ဆိုးရွားမည်ဖြစ်ကြောင်းလည်း ဂျော်ဂျီဗာက ထောက်ပြထားသည်။ ယခု အကဲဖြတ် သုံးသပ်ချက်သည် ပြီးခဲ့သည့်နှစ်များက ကြုံခဲ့ရသည့် အဓိက အကြောင်းတရားများဖြစ်သော ကပ်ရောဂါ၊ ပထဝီဝင်နိုင်ငံရေး ပဋိပက္ခနှင့် အမေရိကန်အလုပ်သမား စျေးကွက်တို့အပေါ် အခြေခံထား၍ သုံးသပ်ထားခြင်းဖြစ်သည်။ ကပ်ရောဂါနှင့် ပထဝီနိုင်ငံရေးပဋိပက္ခ အခြေအနေများသည် အချိန်မရွေး ပြောင်းလဲသွားနိုင်မည်ဟု မခန့်မှန်းနိုင်သော်လည်း အမေရိကန်လုပ်သားစျေးကွက် အခြေအနေမှာမူ အပေါင်းလက္ခဏာ ဖြစ်နိုင်ခြေများစွာ မှန်းဆနိုင်သည်ဟု ဆိုထားသည်။ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့စီးပွားရေးကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားစေနိုင်သည့်အချက်များတွင် အမေရိကန်စီးပွားရေးအဆောက်အအုံအတွင်းရှိ အလုပ်အကိုင်ကဏ္ဍဖြစ်သည် အခြားအချက်များထက် ပို၍အရေးပါသည်ဟု မှတ်ချက်ပြုထားသည်။

ဂျော်ဂျီဗာက ရုရှားနှင့် ယူကရိန်းတို့သည် ကမ္ဘာ့အကြီးမားဆုံး စီးပွားရေး အဆောက်အအုံများ မဟုတ်သော်လည်း ရုရှား၏ ယူကရိန်းအား ကျူးကျော်သည့်စစ်ပွဲသည် ကမ္ဘာ့စီးပွားရေးအပေါ် များစွာ သက်ရောက်မှုဖြစ်ခဲ့သည်ဟု ထပ်မံသုံးသပ်ထားသည်။ ယူကရိန်းကျူးကျော်မှုကို တုံ့ပြန်သည့်အနေဖြင့် အီးယူနှင့် မိတ်ဆွေနိုင်ငံများက ရုရှားနိုင်ငံသားတစ်ဦးချင်းစီအပေါ်ကိုလည်းကောင်း၊ သွင်းကုန်များအပေါ်လည်းကောင်း ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ အထူးသဖြင့် ရုရှားရေနံသွင်းကုန်များပေါ်တွင် ပြုလုပ်ခဲ့ခြင်းသည်အဓိက ဖြစ်ခဲ့သည်။  

(၃) အီးယူ (EU) သည် စွမ်းအင်ကဏ္ဍ၌ အမှီအခိုလွတ်ကင်းနှင်ရေးကို လုပ်ဆောင်နေသည်။ ကာလရှည်ကာလတွင် ရုရှားနိုင်ငံအပေါ် မှီခိုအားပြုနေခြင်းမှ ကင်းလွတ်ရန် အင်အားတည်ဆောက်နေခြင်းဖြစ်သဖြင့် ဥရောပဒေသအတွက် အသားတင်အကျိုးဖြစ်ထွန်းမှုဖြစ်လိမ့်မည်။ အနိုင်ရမှုလည်းဖြစ်လိမ့်မည်။ သို့သော် ကာလတိုတွင်မူ (လက်ရှိ ၂၀၂၃ ခုနှစ်တွင်) ဥရောပဒေသ၏ ထက်ဝက်ကျော်ရှိ နိုင်ငံများသည် စီးပွားရေးဆုတ်ယုတ်ကျဆင်းမှု (ရီဆက်ရှင်း) နှင့် ရင်ဆိုင်ရလိမ့်မည်ဟုခန့်မှန်းသည်။

တူရကီသည် ရုရှားနိုင်ငံမှ ထွက်ပြေးခိုလှုံလာသူများအတွက် ဗီဇာကင်းလွတ် လုံခြုံရာနေရာအဖြစ် လုပ်ဆောင်ပေးနေသည့် နိုင်ငံဖြစ်သည်။ မကြာသေးမီ ရက်ပိုင်းအတွင်းက တူရကီသမ္မတ အာဒိုဂန်က ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲများစတင်ရန် ရုရှားနိုင်ငံအပေါ် ဖိအားပေးခဲ့သည်။ 

နှစ်နိုင်ငံသည် မတိုက်ဆိုင်သော ဆန့်ကျင်ဘက် အခြေအနေများ၊ ပဋိပက္ခများရှိနေသော်လည်း စီးပွားရေးတွင် အပြန်အလှန် မှီခိုနေရသည့်နိုင်ငံများဟု ဆိုသည်။  

အားလုံးငြိမ်းချမ်းရေးအတွက် ၀ိုင်းဝန်း ကြိုးစားပေးနေကြ၏။ သို့သော် ရုရှားသိမ်းပိုက်ထားသည့် ယူကရိန်းပိုင်နယ်မြေများကို ယူကရိန်းက အသိအမှတ်ပြုလက်ခံမှသာ ထိတွေ့ဆက်ဆံမည်ဟူသော ရုရှားသမ္မတပူတင်၏ သဘောထားက ငြိမ်းချမ်းရေးလမ်းရောက်ရှိရန် မလွယ်နိုင်။ စစ်ပွဲသည် ဆက်လက် ဖြစ်ပွားလာဖွယ်ရှိသည်။

(၄) တရုတ်နိုင်ငံ၏ ကိုဗစ်ကပ်ရောဂါ မူဝါဒအသစ်သည် ၎င်း၏စီးပွားရေးကို နှေးကွေးစေလိမ့်မည်။ ကပ်ရောဂါမဖြစ်ပွားမီတွင် တရုတ်နိုင်ငံ တိုးတက်မှုသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုပမာဏ၏ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ကိုဗစ်ကပ်ရောဂါကာလတွင် ထိုအခြေအနေမှ ပြောင်းလဲသွားသည်။  ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းမှာ ၃ ဒသမ ၂ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်။ ထို့ကြောင့် လွန်ခဲ့သည့်နှစ်များက ကိုဗစ်ကပ်ရောဂါကို အလေးထား ကိုင်တွယ်လျက် တင်းကျပ်သော မူဝါဒများ ကျင့်သုံးခဲ့သော်လည်း တရုတ်နိုင်ငံသည် ယခင်ကအခြေအနေများနှင့်မတူဘဲ မူဝါဒပြောင်းလဲ ကျင့်သုံးလာခဲ့သည်မှာ ကမ္ဘာ့စီးပွားရေးအတွက် သတိထားစရာ ဖြစ်ခဲ့သည်။ 

အမေရိကန်စီးပွားရေးသည် နှေးကွေးနေသော်လည်း အမေရိကန် စီးပွားရေးအဆောက်အအုံအတွင်းရှိ လုပ်သားစျေးကွက်ကို အားလုံးအတွက် မျှော်ချက်မီးရှူးတန်ဆောင်ဟု ဂျော်ဂျီဗာက ယူဆသည်။ အမေရိကန် စီးပွားရေး ကောင်းလာလျှင် လုပ်သားစျေးကွက် အခြေအနေကောင်း မျှော်လင့်နိုင်မည်။ ထိုအခြေအနေရရှိ လျှင် အခြားကမ္ဘာနိုင်ငံများလည်း စီးပွားရေးအလားအလာကောင်းအချို့ ရလာနိုင်သည်။ အမေရိကန်တွင် အလုပ်လက်မဲ့အခြေအနေကျဆင်းပြီး လုပ်ခများပါ ဆက်လက် မြင့်တက်လာပါက စီးပွားရေးတည် ငြိမ်မှုအထောက်အကူဖြစ်စေပြီး အခြားသောနိုင်ငံများအတွက်ပါ အထောက်အပံ့ ဖြစ်စေလိမ့်မည်။ သို့သော် စျေးနှုန်းမြင့်တက်ကြောင့် ငွေဖောင်းပွမှုထပ်မံဖြစ်လာပါလျှင် အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းမြှင့်၍ ထပ်မံတိုက်ဖျက်လာစရာရှိမည်။ ထိုလုပ်ဆောင်မှုသည် စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှု-ရီဆက်ရှင်းကို ထတောက်လာနိုင်သည့် မီးစက်မီးပွားဖြစ်သွားနိုင်သည်။ အကျိုးဆက်သည်ထွန်းသစ်စ စီးပွားရေးအဆောက်အအုံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများကိုပါ ဆက်လက် ထိခိုက်လာစေတော့မည်။ ထို့ကြောင့် အမေရိကန်လုပ်သားစျေးကွက်ကို အသွားနှစ်ဖက်ပါသော ဓားဟု ဆိုထားခြင်းဖြစ်သည်။

 (၅) နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ၏ ဦးဆောင်ညွှန်ကြားရေးမှူး ခရစ်တဲလီနာ ဂျော်ဂျီဗာ၏ မှန်းဆချက်များအရ ၂၀၂၃ ခုနှစ်သည် ကောင်းမွန်သောနှစ် တစ်နှစ်မဖြစ်သေး။ ၂၀၂၂ ခုနှစ်ထက်ပို၍ နာကျင်သော အချိန်ကာလ ဖြစ်ပေလိမ့်မည်။ အမေရိကန်၊ တရုတ်၊ အီးယူကဲ့သို စီးပွားရေးအင်အားကြီးနိုင်ငံများခံစားရသော စီးပွားရေးခက်ခဲကျပ်တည်းမှု ဒုက္ခများသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့ကူးစက်ဖြစ်လာလိမ့်မည်။ ဖွံ့ဖြိုးဆဲနိုင်ငံတို့ ပိုမိုအကျပ်အတည်းတွေ့နိုင်သဖြင့် သတိကြီးကြီးဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်မှသာ သက်သာရာ ရပေလိမ့်မည်။ 

https://www. forbes.com/sites/qai/2023/01/22/

Most Read

Most Recent