မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် လာမည့်နှစ်မှစတင်ကာ ပြည်တွင်းလိဂ်ပြိုင်ပွဲကျင်းပသည့်ကာလ ပြောင်းလဲရန် စီစဉ်နေကြောင်း သိရသည်။
အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် ယခုနှစ်မှစတင်ကာ ဘောလုံးရာသီပြောင်းလဲမည်ဖြစ်ပြီး ကလပ်ပြိုင်ပွဲများဖြစ်သည့် အာရှချန်ပီယံလိဂ်ပြိုင်ပွဲနှင့် AFC Cup ပြိုင်ပွဲကို သြဂုတ်မှ မေလအထိ ပြောင်းလဲကျင်းပမည် ဖြစ်သည်။ ထို့ကြောင့် AFC Cup ပြိုင်ပွဲယှဉ် ပြိုင်ခွင့်ရထားသည့် မြန်မာကလပ်အသင်းများ ပြင်ဆင်မှုအဆင်ပြေစေရန် မြန်မာနေရှင် နယ်လိဂ်အနေဖြင့် ၂၀၂၄ ခုနှစ်မှစတင်ကာ ဘောလုံးရာသီကျင်းပမည့်ကာလ ပြောင်းလဲရန် စီစဉ်နေခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၆ ရက်ကကျင်းပသည့် မြန်မာနေရှင်နယ်လိဂ် ကော်မတီအစည်းအဝေးတွင် ဘောလုံးရာသီပြောင်းလဲမည့်အစီအစဉ် အတည်ပြုခဲ့ခြင်းဖြစ်ပြီး သြဂုတ်တွင် ပြောင်းလဲကျင်းပသွားမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှစတင်ကာ ပြည်တွင်းလိဂ်ပြိုင်ပွဲကို သြဂုတ်မှ ဧပြီ သို့မဟုတ် မေလအထိ ကျင်းပမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်သည် ယခုရာသီတွင် စတင်ပြောင်းလဲရန် စီစဉ်ထားသော်လည်း အချိိန်မမီသဖြင့် လာမည့်နှစ်မှစတင်ပြောင်း လဲမည်ဖြစ်သည်။
၂၀၂၃-၂၀၂၄ ရာသီ AFC Cup ပြိုင်ပွဲဝင်ခွင့်ရထားသည့် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်းမှာမူ ယခုနှစ်တွင် ပြည်တွင်းလိဂ်ပြိုင်ပွဲ ပြီးဆုံးခါနီးမှသာ ယင်းပြိုင်ပွဲယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းနှစ်သင်းသည် ပြည်တွင်းဘောလုံးပြိုင်ပွဲ ပြီးဆုံးပါကလည်း အနားရမည်မဟုတ်ဘဲ AFC Cup ပြိုင်ပွဲအတွက် ဆက်လက်ပြင်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။ AFC Cup ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရထားသည့် ကလပ်အသင်းအချို့သည် ပြည်တွင်းဘောလုံးရာသီ ပြောင်းလဲပေးရန် ၂၀၂၃ ရာသီမစတင်မီကတည်းက တောင်းဆိုမှုများရှိခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်အနေဖြင့် ၂၀၂၄ ခုနှစ်တွင် စတင်ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်သည် ပရော်ဖက်ရှင်နယ်လိဂ်ဖြစ်သည့် MNL အမှတ်ပေးပြိုင်ပွဲကို ၂၀၀၉ ခုနှစ်မှစ၍ ကျင်းပခဲ့ပြီး ၂၀၂၃ ရာသီအထိ ဘောလုံးရာသီကို တစ်နှစ်ချင်း အပြီးကျင်းပခြင်းဖြစ်သည်။ MNL ပြိုင်ပွဲကို ယခုနှစ်တွင် ၁၄ ကြိမ်မြောက်အဖြစ် ကျင်းပ လျက်ရှိပြီး ၁၅ ကြိမ်မြောက်မှစတင်ကာ ဘောလုံးရာသီ ပြောင်းလဲခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် ဥရောပဘောလုံးရာသီကျင်းပမည့်ကာလအတိုင်း ပြောင်းလဲကျင်းပခြင်းဖြစ်ပြီး အာရှချန်ပီယံလိဂ်ပြိုင်ပွဲနှင့် AFC Cup ပြိုင်ပွဲကိုလည်း ကျင်းပမည့်ပုံစံ အကြိမ်ကြိမ် ပြောင်းလဲထားခြင်းဖြစ်သည်။