ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာ Thai Fight မွေထိုင်းပြိုင်ပွဲတွင် ဘရာဇီးလ်နိုင်ငံသူ မွေထိုင်းမယ် ယုလီအဲဗတ်စ်ကို အမှတ်ဖြင့် အနိုင်ရရှိ

ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာ Thai Fight မွေထိုင်းပြိုင်ပွဲတွင် ဘရာဇီးလ်နိုင်ငံသူ မွေထိုင်းမယ် ယုလီအဲဗတ်စ်ကို အမှတ်ဖြင့် အနိုင်ရရှိ
Photo: Thai Fight
Photo: Thai Fight
Published 6 February 2023

ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာသည် Thai Fight မွေထိုင်းပြိုင်ပွဲတွင် ဘရာဇီးလ်နိုင်ငံသူ မွေထိုင်းမယ် ယုလီအဲဗတ်စ်ကို အမှတ်ဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။

Thai Fight အဖွဲ့အစည်းသည် Thai Fight Luaung Phor Ruay အမည်ဖြင့် မွေထိုင်းပြိုင်ပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်က ထိုင်းနိုင်ငံ၊ ဆာရာဘူရီမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းပြိုင်ပွဲတွင် အမျိုးသမီးဘင်တန်ဝိတ်တန်း(၅၃ ကီလို) ချန်ပီယံကာကွယ်ပွဲအဖြစ် မြန်မာနိုင်ငံမှ ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာနှင့် စိန်ခေါ်သူ ဘရာဇီးလ်နိုင်ငံသူ မွေထိုင်းမယ် ယုလီအဲဗတ်စ်တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည်။

ဘရော်နီကာသည် ပထမအချီစလွှတ်သည်နှင့် ပြိုင်ဘက် ယုလီအဲဗတ်စ်ကို အတင်းဝင်ဖိအားပေးကာ ဘယ်ညာတွဲလုံးများဖြင့် ထိုးသတ်ခဲ့သည်။

ဘရော်နီကာ၏ လက်သီးတွဲလုံးထိုးချက်များကြောင့် ယုလီအဲဗတ်စ်မှာ အမှတ်စဉ်ရေတွက်ခံခဲ့ရသည်။

ဒုတိယအချီတွင် ဘရော်နီကာက လက်သီးတွဲလုံးများအပြင် နင်းခြေကန်ချက်များ၊ ဖြတ်ကန်ချက်များပါ အသုံးပြုလာပြီး ဆက်လက်ဖိအားပေးထိုးသတ်နိုင်ခဲ့သည်။

တတိယအချီတွင်လည်း ဘရော်နီကာက ဆက်လက်ဖိအားပေးထိုးသတ်ခဲ့ပြီး ပွဲဖြတ်လိုသောကြောင့် အတွင်းပူးဝင်ကာ တံတောင်ရိုက်ချက်များပါ တွဲသုံးလာခဲ့သည်။

ထို့ပြင် ဘယ်ခြေအောက်ပိုင်းကန်ချက်များ၊ ညာခြေအမြင့်ကန်ချက်များနှင့် လက်သီးတွဲလုံးများကို တရစပ်အသုံးပြုခဲ့သော်လည်း ထိရောက်သည့် ထိုးချက်၊ ကန်ချက်များ မရရှိခဲ့သောကြောင့်အလဲထိုးနိုင်ခြင်းတော့ မရှိခဲ့ချေ။

တတိယအချီပြီးဆုံးပြီးနောက် ဒိုင်းများ၏ အဆုံးအဖြတ်ခံယူရာတွင် ဘရော်နီကာက အမှတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံခါးပတ်ကိုဆက်လက်ကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။

ကယန်းတိုင်းရင်းသူ မြန်မာ့ရိုးရာလက်ဝှေ့မယ် ဘရော်နီကာသည် Thai Fight King Of Muay Thai  ပြိုင်ပွဲ၊ အမျိုးသမီးဘင်တန်ဝိတ်တန်း (၅၃ ကီလို) ချန်ပီယံဖြစ်သည်။

ဘရော်နီကာသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က  ဂရိနိုင်ငံသူ ဖာနီပယ်လောင်ပီကို အလဲထိုးဖြင့်အနိုင်ယူပြီး ချန်ပီယံဖြစ်လာခဲ့သည်။

ဘရော်နီကာသည် လက်ရှိ မွေထိုင်းပြိုင်ပွဲ ၁၁ ပွဲ ထိုးသတ်ထားရာတွင် ၁၀ ပွဲနိုင်၊ပြီး တစ်ပွဲသာ ရှုံးနိမ့်ထားသည်။

ဘရော်နီကာသည် ကမ္ဘာ့မွေထိုင်းအဖွဲ့ချုပ် (WMO) ကပေးအပ်သည့် ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးကစားသမားဆုကိုလည်းရရှိထားသည်။

Most Read

Most Recent