ရွေးကောက်ပွဲပြုလုပ်ရန်အတွက် နိုင်ငံရေးပါတီများရှိနေရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပြဋ္ဌာန်းနိုင်ရန် အရေးကြီးကာ လိုအပ်သည်များ ထပ်မံသုံးသပ်ပြင်ဆင်ပြီးပါက အတည်ပြုထုတ် ပြန်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

ရွေးကောက်ပွဲပြုလုပ်ရန်အတွက် နိုင်ငံရေးပါတီများရှိနေရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပြဋ္ဌာန်းနိုင်ရန် အရေးကြီးကာ လိုအပ်သည်များ ထပ်မံသုံးသပ်ပြင်ဆင်ပြီးပါက အတည်ပြုထုတ် ပြန်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား
Published 24 January 2023

ရွေးကောက်ပွဲပြုလုပ်ရန်အတွက် နိုင်ငံရေးပါတီများရှိနေရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပြဋ္ဌာန်းနိုင်ရန် အရေးကြီးကာ လိုအပ်သည်များထပ်မံသုံးသပ်ပြင်ဆင်ပြီးပါက အတည်ပြုထုတ်ပြန်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဇန်နဝါရီ ၂၃ ရက်က ကျင်းပသည့် နစကအစည်းအဝေး(၁/၂၀၂၃)တွင် အမှာစကားပြောကြားရာတွင် နစကဥက္ကဋ္ဌက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ နစကဥက္ကဋ္ဌနှင့်အတူ နစကဒုတိယဥက္ကဋ္ဌနှင့် နစကအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ဥပဒေဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲ ပြုလုပ်ရန်အတွက် နိုင်ငံရေးပါတီများရှိနေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပြဋ္ဌာန်းနိုင်ရန်လည်း အရေးကြီးကြောင်း၊ ထို့ကြောင့်လိုအပ်သည်များ ထပ်မံသုံးသပ်ပြင်ဆင်ပြီးပါက အတည်ပြုထုတ်ပြန်မည်ဖြစ်ကြောင်း၊ အလားတူရွေးကောက်ပွဲကော်မရှင် အနေဖြင့်လည်း ပါတီများကို မှတ်ပုံတင်ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့်              နိုင်ငံရေးပါတီများမဖြစ်ရန်လိုကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ရုံးများကို အပြည့်အစုံ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မဲစာရင်းများမှန်ကန်ရေးအတွက်  ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း၊ တစ်နိုင်ငံလုံးရှိ စာရင်းဇယားများမှန်ကန်စွာ ရရှိမှသာ မဲစာရင်းများ မှန်ကန်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို ပြည်သူများအား လုံးပါဝင်သည့် လွတ်လပ်၍တရားမျှတပြီး အကြားအလပ်မရှိ ကျင်းပနိုင်ရန်လိုကြောင်း၊ သမာသမတ်ရှိသည့်ရွေးကောက်ပွဲ၊ စနစ်ကျသည့် ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

နစကဥက္ကဋ္ဌက အစည်းအဝေးအဖွင့်အမှာစကားတွင် ရှေ့လုပ်ငန်းစဉ်ငါးရပ်တွင် ပါဝင်သည့် နောက်ဆုံးအချက်ဖြစ်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဆိုသည့်အတိုင်း မိမိတို့ဘက်မှ ကြိုတင်ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးရန်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၀ ကျော်ရှိသော်လည်း ၈၈ ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ထိုအထဲမှ ၁၉ ပါတီသာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်းခံရကြောင်း၊ နှစ်ဦးမှာ တစ်သီးပုဂ္ဂလအနေဖြင့် အနိုင်ရရှိခြင်းဖြစ်ကြောင်း၊ ၎င်းအခြေအနေကို သုံးသပ်ကြည့်ပါက မိမိတို့နိုင်ငံ၌ နိုင်ငံရေးပါတီ များပြားနေပြီး ပါတီအလိုက်ပြည်သူကို ကိုယ်စားပြုနိုင်မှုမှာ အားနည်းနေသည်ကို တွေ့နိုင်ကြောင်း၊ ဖြစ်သင့်သည်မှာ နိုင်ငံရေးပါတီများသည် မိမိကိုထောက်ခံသည့် ပြည်သူများကို စုစုစည်းစည်းအင်အားရှိရှိဖြင့် ကိုယ်စားပြုနိုင်ရန်လိုကြောင်း၊ ပြည်သူတို့၏ စုပေါင်းစွမ်းအားဖြင့် နိုင်ငံကိုဦးဆောင်ရန်လိုကြောင်း ထည့်သွင်းပြောကြားသည်။

ထို့ပြင်မိမိတို့နိုင်ငံ၌ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဗဟိုဦးစီးစနစ်၊ တစ်ပါတီစနစ်ဖြင့်သွားခဲ့ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ရာတွင် ‌၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဆောင်ရွက်ရန်အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆောင်ရွက်ရာ၌ ပါတီစုံဒီမိုကရေစီစနစ်အမြန်ဖြစ်ထွန်းနိုင်ရေး နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့်ကို လျှော့ပေါ့ပေးသကဲ့သို့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ လက်ထက်တွင်လည်း နိုင်ငံသူ၊ နိုင်ငံသားအားလုံး ဒီမိုကရေစီအတွေ့အကြုံကို ပိုမိုရရှိစေရန်အတွက်ပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်ပတ်သက်၍ လျှော့ပေါ့ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ယခင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွေ့အကြုံများအရ ပါတီများပြားသော်လည်း လွှတ်တော်၌ ပါဝင်ခွင့်ရသည့်ပါတီမှာ နည်းပါးသည်ကိုတွေ့ရကြောင်း၊ နိုင်ငံရေးပါတီများပြားပြီး ပါတီဝင်များအစုအဖွဲ့ တစ်ခုအနေဖြင့် သာလုပ်ဆောင်နိုင်သည်ကို တွေ့ရကြောင်း၊ အဆိုပါအစုအဖွဲ့မှာငယ်နေမည်ဆိုပါက ဧရိယာအားဖြင့်၊ အရေအတွက်အားဖြင့်၊ နယ်ပယ်အားဖြင့် ကြီးမားကျယ်ပြန့်စွာ စုစည်းနိုင်မှုမရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ပါတီများအားလုံး ယခုထက်ပိုမို၍ ကျစ်လျစ်ခိုင်မာစွာ၊ စည်းစနစ်ကျစွာနှင့် ထုထည်ဖြင့် ဖွဲ့စည်းနိုင်ရန်လိုကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြန်လည်သုံးသပ်ခြင်းများကိုဆောင်ရွက်ခဲ့ပြီး ပြင်ဆင်သင့်သည်များကိုပြင်ဆင်ပြဋ္ဌာန်းရန်ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်တွင် ပါရှိသည့်အတိုင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို အတည်ပြုနိုင်ရန်အတွက် သုံးသပ်ဆွေးနွေး အကြံပြုစေလိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပါတီများမှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ပြဋ္ဌာန်းရန် ဆောင်ရွက်လျက်ရှိမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၊ ကောင်စီအတွင်းရေးမှူး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များနှင့် တက်ရောက်လာသူများက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပြင်ဆင်ပြဋ္ဌာန်းခြင်းနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

အထက်ပါဆွေးနွေးမှုများအပေါ် နစကဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ပြောကြားကာ နိဂုံးချုပ်အမှာစကားတွင် ယနေ့အစည်းအဝေးသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပြင်ဆင်ပြဋ္ဌာန်းနိုင် ရန်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးနေခြင်းဖြစ်သည့်အတွက် မည်သို့သောအခြေအနေရှိသည်ဖြစ်စေ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်ရမည်များကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများအားလုံး အကြားအလပ်မရှိမဲပေးနိုင်ရန်လိုကြောင်း၊ ဆွေးနွေးပြီး သည့် EAO အဖွဲ့များနှင့်လည်း ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးကို မူအားဖြင့် သဘောတူညီမှုရရှိပြီးဖြစ်၍ နိုင်ငံအဝန်း အကြားအလပ်မရှိရွေးကောက်ပွဲကျင်းပနိုင်ရေး၊ ပြည်သူအားလုံး ခြိမ်းခြောက်မှု၊ အကြပ်ကိုင်မှုမရှိဘဲ လွတ်လပ်စွာဆန္ဒဖော်ထုတ်မဲပေးနိုင်ရေး ဦးတည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

Most Read

Most Recent