ထိုင်းနိုင်ငံအခြေစိုက် TrueMoney Myanmar က AGD ဘဏ်နှင့် လက်တွဲနေမှုကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်

ထိုင်းနိုင်ငံအခြေစိုက် TrueMoney Myanmar က AGD ဘဏ်နှင့် လက်တွဲနေမှုကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်
Published 5 January 2023

ထိုင်းနိုင်ငံအခြေစိုက် TrueMoney Myanmar က AGD ဘဏ်နှင့် လက်တွဲနေမှုကို ရပ်ဆိုင်းသွား မည်ဖြစ်ကြောင်း TrueMoney က ထုတ်ပြန်သည်။

AGD ဘဏ်နှင့် လုပ်ငန်းများဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်ပြီးနောက် မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ဘဏ်နှင့် စတင်လက်တွဲမည်ဖြစ်သည်။

“TrueMoney Myanmar Co.,Ltd သည် မြန်မာ့ရှေ့ဆောင်ဘဏ် (Myanma Apex Bank) နှင့်သာ လက်တွဲ၍ ပြည်တွင်း ငွေလွှဲ၊ ငွေထုတ် ဝန်ဆောင်မှုများ၊ ဖုန်းငွေဖြည့်ခြင်း၊ ဘေလ်ပေးဆောင်ခြင်းတို့ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသော အထက်ဖော်ပြပါ ဝန်ဆောင်မှုများကို ရပ်ဆိုင်းသွားမည် ဖြစ်ပါကြောင်းကို အသိပေး အကြောင်းကြားအပ်ပါသည်” ဟု TrueMoney Myanmar က သတင်းထုတ်ပြန်သည်။

TrueMoney Myanmar ငွေလွှဲငွေထုတ်လုပ်ငန်းမှ ထုတ်ပြန်ကြေညာချက်အရ Managing Director ဖြစ်သူ Mrs. Kyi Thar Romanet မှ “TrueMoney Myanmar ၏ သက်တမ်း (၈) နှစ် ပြည့်သောနေ့တွင် လက်ခံရရှိသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုမိန့်ဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) နှင့် အကျိုးတူ ပူးပေါင်းကာ မိုဘိုင်းငွေရေးကြေးရေး လုပ်ငန်းများအား မိုဘိုင်းဘဏ်လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ လက်တွဲဆောင်ရွက်သွားပါမည်” ဟု အတည်ပြုပြောကြားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုမိန့်ဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် အကျိုးတူ ပူးပေါင်း ကာ မိုဘိုင်းငွေရေးကြေးရေး လုပ်ငန်းများဖြစ်သည့် ပြည်တွင်း ငွေလွှဲ၊ငွေထုတ်ခြင်းနှင့် ဖုန်းဘေလ်များ၊ ဘေလ်ပေးဆောင်ခြင်းများကိုသာမက မြန်မာနိုင်ငံအတွင်းရှိ မြန်မာ့ရှေ့ဆောင်ဘဏ်၏ ဘဏ်အသုံးပြုသူများ အတွက်လည်း e-wallet လုပ်ငန်းဆောင်ရွက်သူများနှင့် ဆက်စပ်သော ငွေသွင်း၊ ငွေထုတ် လုပ်ငန်းများအား ဖြည့်တင်းကာ ဆောင်ရွက်နိုင်လာမည်ဟု TrueMoney Myanmar က သတင်းထုတ်ပြန်သည်။

TrueMoney သည် လက်ရှိတွင် နိုင်ငံပေါင်း ခုနစ်နိုင်ငံ၊ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နှင့် မလေးရှားတို့တွင် ကိုယ်စားလှယ်များမှတစ်ဆင့် ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုများ လုပ်ဆောင်လျက်ရှိသည်။

Ascend Money Group ၏ လုပ်ငန်းခွဲဖြစ်သော TrueMoney Myanmar Co., Ltd ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် မြန်မာတစ်ပြည်လုံး ကိုယ်စားလှယ်ပေါင်း ၂၃၀၀၀ ကျော်ရှိသည်။

Most Read

Most Recent