ပဲခူးတိုင်းဒေသကြီး ၂၈ မြို့နယ်အတွင်းရှိ လူဦးရေစာရင်းကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေးရာတွင် နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်နှင့်အထက် ထပ်နေသည့်စာရင်းများရှိနေကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း မဲစာရင်းပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး ပြန်လည်တိုက်ဆိုင်စစ်ဆေးရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ မေလအတွင်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ရရှိလာသည့် စာရင်းများပေါ်တွင် အခြေခံ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ လစဉ်တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ယခုအခါ ပဲခူးတိုင်းဒေသကြီး ၂၈ မြို့နယ်အတွင်းရှိ ဥပဒေနှင့်အညီနေထိုင်သော လူဦးရေစာရင်းကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်တိုက်ဆိုင်စစ်ဆေးခြင်း (Cross-Check) ဆောင်ရွက်လျက်ရှိကြောင်း၊ တွေ့ရှိလာသည့် နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်နှင့် အထက်ထပ်နေသည့် စာရင်းများရှိကြောင်း၊ ယင်းစာရင်းများ မှန်ကန်စေရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ စိစစ်၍ အမြန်ဆုံးပြီးစီးရန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ၎င်းက ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ၂၈ မြို့နယ်၏ ဥပဒေနှင့်အညီ နေထိုင်သူများ စာရင်းကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေးခြင်း (Cross-Check) ဆောင်ရွက်ရာ၌ တွေ့ရှိရသည့် အချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး e-Government ဌာနမှ ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းဦးက ရှင်းလင်းတင်ပြခဲ့ကြောင်း၊ ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဦးအောင်မင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးမှ နယ်မြေတာဝန်ခံ၊ လဝကမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်မှ အရာထမ်းများ၊ စုစုပေါင်းအင်အား ၁၀၃ ဦးတက်ရောက်ကြပြီး ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်တိုက်ဆိုင်စစ်ဆေးခြင်း (Cross-Check) လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။















