ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံမြို့နယ် ဆော်တောကျေးရွာအနီးတွင် ဒီဇင်ဘာ ၁၇ ရက်က ဒိုင်နာမော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် Type-81 အမျိုးအစား သေနတ် ၄၉၉ လက်နှင့် ကျည်အိမ် ၄၉၈ ခုအား သိမ်းဆည်းရမိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ဒေသခံတိုင်းရင်းသားပြည်သူများ၏ လျှို့ဝှက်သတင်းပေးပို့ချက်အရ PDF များ လျှို့ဝှက်သယ်ဆောင်လာသော လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စုအနီးရောက်ရှိနေကြောင်း သိရှိရသဖြင့် လုံခြုံရးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁၇ ရက်တွင် ပိတ်ဆို့ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ဖမ်းဆီးရမိမှုမှာ မိုင်းပျဉ်းကျေးရွာအုပ်စုအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ဆော်တောကျေးရွာ၏ အရှေ့ဘက်နှစ်မိုင်ခန့်အကွာ၌ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီခန့်တွင် ပင်လုံမြို့ ဆနင်းကျေးရွာဘက်မှ ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာဘက်သို့ မောင်းနှင်လာသည့် ဒိုင်နာအမျိုးအစားတစ်ပါ (အပြာရောင်) ခြောက်ဘီးယာဉ်တစ်စီးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် ရပ်တန့်စေခဲ့ရာရပ်တန့်မှုမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ မော်တော်ယာဉ်မှာ ရပ်တန့်သွားခဲ့ပြီး ယာဉ်ပေါ်ပါသူများ ထွက်ပြေးသွားခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။
အဆိုပါရပ်တန့်သွားသည့် မော်တော်ယာဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေခဲ့ရာ PDF များ လျှို့ဝှက်သယ်ဆောငလာသော Type-81 အမျိုးအစား လက်နက် ၄၉၉ လက်၊ ၎င်းကျည်အိမ် ၄၉၈ ခုနှင့် အခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းသိမ်းဆည်းရမိလက်နက်များနှင့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။















