ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားမွေးမြူရေးလုပ်ငန်းများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ငွေ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၁၁ ရက်က ကျင်းပသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကနဦးရင်းနှီးမြှုပ်နှံခြင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ငွေအဖြစ် ထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ အရင်းမပျောက် မတည်ထောက်ပံ့ငွေဖြင့် မွေးမြူရေးလုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ထောက်ပံ့ငွေကို အသေးစား၊ အငယ်စားနှင့် အလတ်စားမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်ကိုလည်းကောင်း ပြောကြားသည်။
ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးကလည်း ကနဦးရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို ဖြည့်ဆည်းပေးခြင်းဖြင့် အသေးစား၊ အငယ်စားနှင့်အလတ်စား မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် မွေးမြူရေးလုပ်ငန်း ကွင်းဆက်တစ်လျှောက် ဆက်စပ်လုပ်ကိုင်သူများပါ အကျိုးအမြတ်ပိုမိုရရှိစေရန်၊ စျေးကွက်နှင့်ကိုက်ညီသော အရည်အသွေးပြည့်ထုတ်ကုန်များ ပမာဏပိုမိုထုတ်လုပ်နိုင်စေရန် နိုင်ငံတော်ကရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်၍ မွေးမြူရေးကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် သက်ဆိုင်သူအားလုံးတို့က ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။















