မိုင်ပေါင်း ၂၀၀ ကျော်ရှည်လျားသည့် မြစ်ကြီးနားနှင့် မန္တလေးကြားရှိရထားသံ လမ်း များရှိ ဇလီဖားတုံးများတွင် တပ်ဆင်ထားသည့် သံကလစ်ကွင်းများ ခိုးယူခံထားရကြောင်း ဒေသခံများနှင့် မီးရထားလုပ်ငန်းနှင့်နီးစပ်သူ များက ပြောကြားသည်။
လက်ရှိတွင် မြစ်ကြီးနားမြို့မှ မန္တလေး သွားရာ လမ်းပိုင်းအများစုတွင်သံလမ်း ဘောင် များကို ဆွဲကုပ်ထားသည့် ဇလီဖားတုံးပေါ်မှာ ကလစ်ကွင်းများမှာ ခိုးယူဖြုတ်ခံရခြင်းမှာ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နောက် တဖြည်းဖြည်းချင်း ခိုးယူခံထားရ ကြောင်း ဟိုပင်မြို့ခံ တစ်ဦးက ပြောကြားသည်။
၎င်းက “ ဒီမှာက မြို့ထဲရယ်၊တပ်စခန်း၊ ရဲစခန်းနဲ့ နီးတဲ့နေရာလောက်ပဲ ကျန်တယ်။မိုးညှင်းအထွက်ရော၊ နန်းခွင်ဘက်သွားတဲ့ လမ်းတစ်လျှောက်လုံး ကလစ်တစ်ချောင်းမှ မကျန်တော့ဘူး။ သံလမ်းကတော့ ခိုးလိုးမရ ဘူး။ ကိုးချောင်းဆက်တွေ လုပ်ထားတော့ အ ရမ်းလေးတယ်။ အတိုလေးတွေက ဖြုတ်ဖြုတ် ယူသွားကြတာ ။မနက်စောစော ဖြုတ်ယူသွား ကြတာ။ ခေတ်ခါအရ ဘယ်သူမှ တိုင်စရာမရှိဘူးလေ”ဟု ဆိုသည်။
သံအဟောင်းပေါက်စျေးများမှာလည်း တစ်မြို့နှင့်တစ်မြို့မတူပဲ ဟိုပင်မြို့တွင် သံတို သံစစျေးမှာတစ်ပိဿာလျှင်၁၂၀၀ ကျပ်အထိ ပေါက်စျေးရှိပြီး ဟိုပင်၊ မိုးညှင်းမြို့များတွင် ကျပ်ငွေ ၅၀၀/၆၀၀ ကျပ်သာစျေးပေးကြောင်း သိရသည်။
မြစ်ကြီးနားမြို့ နန်းကွေ့ဘူတာအနီးတွင် နေထိုင်သူတစ်ဦးက “ဆေးသမားတွေ ဖြုတ် ယူသွားကြတာပါ။အဲဒီကလစ်တင်မဟုတ်ဘူး။ သံလမ်းခံတဲ့ အပြားတွေကောပဲ။သံလမ်းတွေ က တစ်ချောင်းမှ ချုပ်ထားတာ မရှိဘူး။ဘယ် နားအထိ ဖြုတ်ထားကြတယ်မသိဘူး။လေးငါး မိုင်ဟာ တစ်ကြောလုံးပဲ” ဟုဆိုသည်။
ယင်းဖြစ်စဉ်မှာ ကချင်ပြည်နယ်တွင်း သာမက စစ်ကိုင်းတိုင်းအတွင်းရှိ သံလမ်းကြော မိုင်ပေါင်းများစွာတွင် ရှိနေကြောင်းကြား သိရပြီးနောက် အငြိမ်းစားရုံပိုင်ကြီးတစ်ဦးကမူ အလွန်စိတ်ထိခိုက်ရပြီး စိတ်မကောင်းဖြစ်ရကြောင်း ပြောကြားသည်။
မန္တလေး-မြစ်ကြီးနားမီးရထားလမ်းပိုင်း မှာ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ် ခဲ့ပြီးနောက်မီးရထားဝန်ထမ်းပေါင်းများစွာ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် လက်ရှိ အချိန်အထိ ရပ်နားထားရဆဲဖြစ်သည်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း မဲဇာ-သဲချောင်း ရထားသံ လမ်း၊ မိုးညှင်းနန့်ရင်းချောင်း ကားလမ်းတံ တား၊ မော်လူး စီပိန်း ကားလမ်းတံတား၊ ကာဒူ-မော်ဟန်ဘူတာကြားရှိ အမှတ် ၅၅၅ တံတား၊ ဟိုပင်မြို့မှ မြစ်ကြီးနားအထွက် သဝက်ချောင်း မီးရထားလမ်းတို့မှာ မိုင်းခွဲခံထားရသည်။
မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပိုင်း သည် ၃၆၁ ကီလိုမီတာ မိုင်ပေါင်း ၂၂၄ မိုင် ရှည်လျားပြီး တိုင်း သုံးခုဖြင့်ဖွဲ့စည်းထားသည်။ တိုင်းအမှတ် ၁ ကို မြစ်ကြီးနားမှနန့်ဆီးအောင် အထိလည်းကောင်း၊ တိုင်း ၂ ကို နန့်စီးအောင် မှ စစ်ကိုင်းအထိလည်းကောင်း၊ တိုင်း ၃ ကို စစ်ကိုင်းမှ ရွာထောင်အထိ လည်းကောင်း သတ်မှတ်ထားသည်။
မှတ်တမ်းများအရ မီးရထားလမ်းများကို စစ်ကိုင်းမှ ရွှေဘိုသို့ ၁၈၉၁ ခုနှစ်တွင် လည်း ကောင်း၊ ဝန်းသိုသို့ ၁၈၉၃ ခုနှစ်တွင် လည်း ကောင်း၊ ကသာသို့ ၁၈၉၅ ခုနှစ်တွင်လည်း ကောင်း၊ မိုးကောင်းမြို့သို့ ၁၈၉၇ ခုနှစ်တွင် လည်းကောင်း၊ မြစ်ကြီးနားသို့ ၁၈၉၈ ခုနှစ်တွင် လည်ကောင်း မီးရထားလမ်းများ ဖောက်လုပ် ခဲ့သည်။
၁၉၂၇ ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ သည့် စစ်ကိုင်းတံတားမှာ ၁၉၃၄ ခုနှစ်တွင် ပြီးစီးခဲ့သဖြင့် အထက်မြန်မာပြည်အတွက် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးခဲ့ သည်။















