မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ပေါက်ချောင်းအလယ်စုကျေးရွာတွင် သံဃာတော်တစ်ပါးနှင့် မူလွန်ကျောင်းအုပ်တစ်ဦး သတ်ဖြတ်ခံရပြီး ဆရာမလေးဦးအား ဖမ်းဆီးခေါ်ဆောင်ခံရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် PDF များသည် ပေါက်မြို့နယ်၊ ကူးကားကျေးရွာအုပ်စု၊ ပေါက်ချောင်း အလယ်စုကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်အား သတ်ဖြတ်ပြီး ဆရာမလေးဦးအား ဖမ်းဆီးခေါ်ဆောင်သွားကာ အဆိုပါကျေးရွာရှိ တေဇိန္ဒရာမကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒအား သတ်ဖြတ်သွားခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်တွင် ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်ပါ ဆရာလေးဦး၊ ဆရာမခြောက်ဦး၊ ကျောင်းလုပ်သားတစ်ဦးတို့သည် သူငယ်တန်းမှ သတ္တမတန်းအထိ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိစဉ် PDF အဖွဲ့မှ တစ္ဆေ (ခ)အေးငြိမ်းဖြိုး ဦးဆောင်သော အင်အား(၂၀) ဦးခန့်သည် ဆိုင်ကယ် ၁၀ စီးဖြင့် လက်နက်ကိုယ်စီကိုင်ဆောင် ရောက်ရှိလာပြီး ဆရာ၊ ဆရာမများအား CDM မလုပ်သဖြင့် ခြိမ်းခြောက်ပြောဆိုကာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်တွင် သေနတ်ကျည်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကာ ဆရာမများဖြစ်သည့် ပေါက်မြို့နယ်၊ အောက်တံခွန်ရပ်ကွက်နေ ဒေါ်ချမ်းမြေ့သူ (၂၈)နှစ်၊ အောင်တော်မူရပ်ကွက်နေ ဒေါ်ဌေးအိဝင်း(၂၈)နှစ်၊ ဆေးပင်ကြီးကျေးရွာနေ ဒေါ်နှင်းဆီ (၂၈)နှစ်နှင့် ဂန့်ဂေါမြို့နယ်၊ မောက်လင်းကျေးရွာနေ ဒေါ်သီသီခိုင်(၂၃) နှစ်တို့ လေးဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ထို့နောက် ယင်း PDF အဖွဲ့များသည် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်တွင် ပေါက်ချောင်းအလယ်စုကျေးရွာရှိ တေဇိန္ဒရာမ ကျောင်းတိုက်သို့ ရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒ သက်တော် (၆၀) နှစ်၊ ၀ါတော်(၃၇)၀ါအား သတ်ဖြတ်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။















